ရန်ကုန်မြို့ ကျောက်တံတား၊ ပန်းဘဲတန်း၊ လသာနှင့် လမ်းမတော်မြို့နယ်မှ လမ်းဘေးစျေးသည်များကို စနစ်တကျ ရွှေ့ပြောင်းနေရာချပေးရန် ပြင်ဆင်မှုများပြုလုပ်နေကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ (YCDC) မှ သိရသည်။
ယင်းမြို့နယ်လေးခု၏ သက်ဆိုင်ရာနယ်မြေများ၏ ကမ်းနားလမ်းရှိ ကားပါကင်နေရာနှင့် ဘဏ်လမ်းနေရာတို့တွင် ပြောင်း ရွှေ့လာမည့်စျေးသည်များအတွက် ရေပိုက်လိုင်းသွယ်တန်းခြင်း၊ လျှပ်စစ်မီးများသွယ်တန်းခြင်း၊ သန့်စင်ခန်းများဆောက် လုပ်ခြင်း၊ စျေးရောင်းချမည့်နေရာများတွင် လုံခြုံရေးကင်မရာတပ်ဆင်ခြင်းများကို ပြုလုပ်နေကြောင်း YCDC စီမံရေးရာဌာန မှ တာဝန်ရှိသူတဦးက ဧရာဝတီ ကို ပြောသည်။
၎င်းက “CCTV ဆို လက်ရှိ မတပ်ရသေးဘူးထင်တယ်။ ရေပိုင်းဆိုတော်တော်များများက ပြီးသွားပြီ။ ပြီးစီးမှုကို ရာခိုင်နှုန်း အလိုက် ပြောဖို့တော့ခက်တယ်။ CCTV က တရက်နှစ်ရက်ပဲကြာတာပါ။ တပ်လိုက်လို့ရှိရင်ပြီးသွားမှာပါ။ ခု ဓာတ်တိုင်တွေ လိုက်စိုက်နေတယ်” ဟု ရှင်းပြသည်။
လမ်းဘေးစျေးသည်များအား နေရာချပေးရာတွင် YCDC မှ စာရင်းကောက်ယူထားသည့် မှတ်ပုံတင်ထားပြီးသူများ ကိုသာပေးမည်ဖြစ်ပြီး နိုဝင်ဘာလအတွင်းရွှေ့ပြောင်းပေးနိုင်ရန် ကြိုးပမ်းလျက်ရှိကြောင်း YCDC ကော်မတီဝင် ၅ ဒေါ် သန်းမြင့်အောင်က အတည်ပြုပြောသည်။
ဒေါ်သန်းမြင့်အောင်က “ကျမတို့စာရင်းကောက်ထားပြီး မှတ်ပုံတင် ထုတ်ပေးထားတဲ့သူတွေပဲ ပေးမှာပါ။ ဒီလထဲဖြစ်ဖို့ ကြိုး ပမ်းနေပါတယ်။ ရေ၊ မီး၊ အိမ်သာ အဓိကပေါ့။ သူတို့ကို သတ်မှတ်တဲ့နေရာ၊ အချိန်နဲ့ သတ်မှတ်တဲ့အတိုင်း အတာလောက်ပဲ ရောင်းရမှာပါ” ဟု ရှင်းပြသည်။
လမ်းဘေးစျေးသည်များကို ရွှေ့ပြောင်းနေရာချပေးရခြင်းမှာ စနစ်တကျရောင်းနိုင်ရေး၊ ယာဉ်ကြောပိတ်ဆို့မှု ပြဿနာများ လျော့ကျစေရေးနှင့် လမ်းသွားလမ်းလာပြည်သူများ အဆင်ပြေစေရန် ရည်ရွယ်ဆောင်ရွက်ခြင်း ဖြစ်ကြောင်း သိရသည်။
ရွှေ့ပြောင်းရမည့် လမ်းဘေးစျေးသည်များ အနေဖြင့် ရွှေ့ပြောင်းရမည်ကိုသာ အကြမ်းဖျင်းသိထားပြီး ဆိုင်ခန်းအကျယ် အဝန်း၊ အချိန်သတ်မှတ်ချက်များကို အသေးစိတ်မသိရသေးသောကြောင့် YCDC မှချထားပေးမည့်နေရာသစ်တွင် အဆင် မပြေမှုများရှိမည်ကို စိုးရိမ်နေကြောင်း လမ်းဘေးစျေးသည်များက ပြောသည်။
“ဒီမှာက ကိုုယ့်နေရာနဲ့ကိုယ်ရောင်းနေကျဆိုတော့ ရောင်းလို့အဆင်ပြေနေတာပေါ့။ ဟိုနေရာသစ်ကျတော့ ဘာမှန်းမသိ သေးဘူး။ သူတို့လည်းဘာမှမထုတ်ပြန်သေးဘူး။ လောလောဆယ် စာရင်းကောက်သွားတာပဲရှိသေးတယ်” ဟု လမ်းဘေး စျေးသည်တဦးဖြစ်သူ ဦးအေးလွင်က ပြောသည်။
ဦးအေးလွင်သည် ကျောက်တံတားမြို့နယ်၊ မဟာဗန္ဓုလလမ်းပေါ်ရှိ လူသွားစင်္ကြန်ပေါ်တွင် အသေးစား လူသုံးကုန်ပစ္စည်းများကို လွန်ခဲ့သည့် ၁၀ နှစ်ကျော်ကတည်းက ယခုအချိန်အထိ ရောင်းချနေသူတဦးဖြစ်ပြီး တနေ့စာ ပျှမ်းမျှဝင်ငွေ ကျပ် ၁၀၀၀၀ ကျော် ရကြောင်း သိရသည်။
“ဒီမှာ တနေကုန်ရောင်းလို့ရတယ်။ ဟိုမှာ ညနေ ၃ နာရီမှပေးမယ်ဆို ၄ နာရီ ရုံးဆင်းသွားပြီ။ ဘာမှမရှိတော့ဘူး။ ကား အသွားအလာလည်းမရှိဘူး။ အရောင်းအဝယ်ကောင်းမလား စဉ်းစားစရာပဲ။ ဒီလိုလူစည်ကားတဲ့နေရာမှာတောင် တခါ တလေအရောင်းပါးရင် ဟိုဘက်ကနေရာဆို ပိုဆိုးသွားမှာပေါ့” ဟု ၎င်းက ပြောဆိုသည်။
ရန်ကုန်မြို့တော်စည်ပင်မှ ပြီးခဲ့သည့် သြဂုတ် ၁၆ ရက်က ကျောက်တံတား၊ ပန်းဘဲတန်း၊ လမ်းမတော်၊ လသာမြို့နယ်များ အတွင်း လူသွားစင်္ကြန်ပေါ် စျေးရောင်းချခြင်းမပြုရန် သတိပေးကြေညာချက်များထုတ်ပြန်ခဲ့ပြီးနောက် စက်တင်ဘာ ၂၂ ရက်မှစတင်ကာ လမ်းဘေးစျေးသည်များ၏ အမည်၊ မှတ်ပုံတင်နံပါတ်၊ နေရပ်လိပ်စာ၊ ရောင်းကုန်ပစ္စည်း၊ ရောင်းချသည့် နေရာ၊ အချိန်များကိုကောက်ယူခဲ့ပြီး မှတ်ပုံတင်များပြုလုပ်ပေးခဲ့ကြောင်း သိရသည်။
ပြီးခဲ့သည့် နိုဝင်ဘာ ၄ ရက်တွင် ကျင်းပခဲ့သော ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်တွင် ကျောက်တံတားမြို့နယ် မဲဆန္ဒနယ် အမှတ် ၁ လွှတ်တော်ကိုယ်စားလှယ် ဒေါ်ကြည်ပြာ တင်သွင်းသည့် ရန်ကုန်မြို့တွင်း အများပြည်သူပိုင်လမ်းမများပေါ်တွင် စျေးရောင်း၍ အသက်မွေးနေသည့်စျေးသည်များအား မြို့ပြအင်္ဂါရပ်နှင့်အညီ စနစ်တကျစျေးရောင်းချနိုင်ရန် အစီအမံ ကောင်းများပြုလုပ်ပေးရန် တိုက်တွန်းကြောင်းအဆိုကို တိုင်းလွှတ်တော်ကအတည်ပြုခဲ့သည်။