ဖလော်ရီဒါက ဟီလာရီကလင်တန် မဲဆွယ်ပွဲ
သူတို့၏ ကိုယ်စားလှယ်လောင်းကို ထောက်ခံကြောင်း ပြသရန် ဆုံးဖြတ် ထားကြသည့် လူစုလူဝေးကြီး၏ စိတ်အားထက်သန်မှု လျော့ပါးသွားအောင် မိုးရွာနေခြင်းကရော လေတိုက်နေခြင်းကရော မလုပ်နိုင်ကြပါ။
နိုဝင်ဘာလ ၈ ရက်နေ့တွင် ပြုလုပ်မည့် ရွေးကောက်ပွဲ အတွက် မဲဆွယ်စည်းရုံးရန် နိုဝင်ဘာလ ၅ ရက်နေ့က ဖလော်ရီဒါပြည်နယ် Pembroke Pines ရှိ စင်မြင့်ပေါ်သို့ ဒီမိုကရက်တစ်ပါတီမှ သမ္မတလောင်း ရောက်ရှိလာသည့် အချိန်တွင် မိုးတို့ရေဖြင့် စိုရွှဲနေကြသည့် ထောက်ခံသူများက လက်သီးလက်မောင်းတန်း၍ “ဟီလာရီ” ဟု ပြိုင်တူ အော်လိုက်ကြသည်။
“Pembroke Pines ကို အများကြီး ကျေးဇူးတင်ပါတယ်” ဟု ဟီလာရီ ကလင်တန်က သူ့ကို ထောက်ခံသူ ရာပေါင်းများစွာကို နှုတ်ဆက်လိုက်သည်။ အမေရိကတိုက် အလယ်ပိုင်းနှင့် တောင်ပိုင်းမှ စပိန်နွယ်ဖွားများနှင့် ကာရေဘီယံ ဒေသမှ ရွှေ့ပြောင်း အခြေချ လာသူများ အပါအဝင် ထောက်ခံသူများက ဟီလာရီ ကလင်တန်၏ မဲဆွယ်စည်းရုံးရေး ကြွေးကြော်သံများ ဖြစ်သည့် “အချစ်က အမုန်းကို အောင်နိုင်သည် (Love Trumps Hate)” နှင့် “စည်းလုံးခြင်းသည် ခွန်အား (Stronger Together)” စသည်တို့ကို ရေးသားထားသည့် ဆိုင်းဘုတ်များကို ဝှေ့ရမ်းနေကြသည်။
“အမေရိကန် သမ္မတ တာဝန်ကို ထမ်းဆောင်ဖို့ အတွက် ကျမ သက်လုံကောင်းပါတယ်” ဟု ဟီလာရီ ကလင်တန်က အက်ရှရှအသံဖြင့် ပြောလိုက်သည်။ သမ္မတရွေးကောက်ပွဲအတွက် စက်တင်ဘာလ အတွင်းက ပြုလုပ်ခဲ့သည့် စကား စစ်ထိုးပွဲ တခုတွင် ပြိုင်ဘက် ရီပတ်ဘလီကန် သမ္မတလောင်း ဒေါ်နယ်ထရန့်က ဟီလာရီကလင်တန်၏ ကျန်းမာရေးနှင့် ပတ်သက်၍ မှတ်ချက်ပြုခဲ့ခြင်းကို ရည်ညွှန်းခြင်း ဖြစ်သည်။ ဒေါ်နယ်ထရန့်က ဟီလာရီကလင်တန်သည် သမ္မတရာထူးကို ယူရန် သက်လုံ မရှိကြောင်း ထိုစဉ်က ပြောခဲ့စည်။
“သူက ‘နှစ် ၃၀ ဆယ်အတွင်း ဘာတွေ လုပ်ခဲ့သလဲ။ ကျနော် ကိုယ့်ကိုယ်ကို ပြန်စဉ်းစားကြည့်နေတယ်။ Donald မင်း ဒါတွေ မပြော ဒါတွေ မပြောချင်ပါဘူး’ လို့ ဆက်ပြောနေခဲ့တယ်’” ဟု ဟီလာရီ ကလင်တန်က ပြောသည့် အခါ ပရိသတ်များက သြဘာပေးခဲ့ ကြသည်။
သမ္မတကတော်၊ အထက်လွှတ်တော် အမတ်နှင့် နိုင်ငံခြားရေး ဝန်ကြီးစသည့် သူ၏ အောင်မြင်မှုများကို မပြောမီ ပြီးခဲ့သည့် ၁၀ နှစ်တာ ကာလအတွင်း ဘာတွေ လုပ်ခဲ့ပြီးပြီလဲ ဟု သူက ဒေါ်နယ်ထရန့်ကို မေးခွန်းထုတ်ခဲ့သည်။
“ကျမရဲ့ မိတ်ဆွေများ၊ ရှင်တို့က မိုးရွာနေတဲ့ ကြားထဲမှာ ဒီနေရာကို တက်တက်ကြွကြွနဲ့ ရောက်ရှိလာခဲ့ကြတယ်။ ကျမ အနေနဲ့ ဒေါ်နယ်ထရန့်နဲ့ ပတ်သက်လို့ မှားနေတာ အားလုံးကို ပြောပြနေဖို့ မလိုဘူးလို့ ထင်ပါတယ်” ဟု ဟီလာရီ ကလင်တန်က နိဂုံးချုပ်ခါနီးတွင် ပြောသည်။
“ကျမနဲ့ သဘောထားတူတဲ့ သူတွေ၊ မတူတဲ့သူတွေ၊ ကျမကို မဲပေးတဲ့ သူတွေ၊ မဲမပေးတဲ့ သူတွေ၊ ကျမ အားလုံးအတွက် သမ္မတ ဖြစ်ချင်ပါတယ်” ဟု သူက ပြောသည်။
နိုဝင်ဘာလ ၅ ရက်နေ့ အခန်း အနားက Florida ပြည်နယ်တွင် ဟီလာရီကလင်တန်၏ နောက်ဆုံး မဲဆွယ်လှုပ်ရှားမှု ဖြစ်သည်။ ဇူလိုင်လမှ စ၍ ထိုပြည်နယ်တွင် သူက မဲဆွယ်လှုပ်ရှားချိန် စုစုပေါင်း ၁၃ ရက် အသုံးပြု ခဲ့သည်။ Florida တွင် ကြိုတင်မဲ ပေးရမည့် နောက်ဆုံးနေ့မှာလည်း ထိုနေ့ပင် ဖြစ်သည်။
အပြောင်းအလဲ ရှိနိုင်သည့် ပြည်နယ် တခု ဖြစ်နေသောကြောင့် ရွေးကောက်ပွဲ နေ့တွင် အောင်မြင်နိုင်ရေးအတွက် Florida က ဟီလာရီ ကလင်တန် အတွက် အရေးကြီးပါသည်။ Florida တွင် အနိုင်ရခဲ့လျှင် ပြိုင်ဘက် ရီပတ်ဘလီကင် သမ္မတလောင်း ဒေါ်နယ်ထရန့်ကို ကြီးမားစွာ ထိုးနှက် နိုင်လိမ့်မည် ဖြစ်သည်။
Pembroke Pines လူထု အစည်းအဝေးတွင် ဒီမိုကရက်တစ် ပါတီဝင် တယောက်ဖြစ်သော Ansel Davis ကလည်း သူ၏ ထောက်ခံမှုကို ပြသခဲ့သည်။ အသက် ၅၂ နှစ် အရွယ် Ansel Davis က Bo အမည်ရှိ လမ်းပြခွေးကလေး နှင့် အတူ ရောက် ရှိလာခြင်း ဖြစ်သည်။
“ကျနော် သူ့ (ဟီလာရီကလင်တန်) ကို ထောက်ခံတယ်။ ဘာကြောင့်လဲ ဆိုတော့ သူက ကောင်းကောင်းလုပ်နိုင်မယ်၊ ဦးစားပေး ရမယ့်သူတွေ (သက်ကြီးရွယ်အိုများ၊ မသန်စွမ်း သူများ၊ အမျိုးသမီးများ၊ ကလေးငယ်များ)နဲ့ အရာရာတိုင်း ကို ဂရုစိုက် ပေးနိုင်မယ်လို့ ကျနော်ယုံကြည်လို့ပါ” ဟု သူက ပြောသည်။ Ansel Davis က မွေးရာပါ မျက်မမြင်တဦး ဖြစ်သည်။
“ဒေါ်နယ်ထရန့်က ဒီအကြောင်းကို မပြောခဲ့ဘူး။ သူက ဦးစားပေးသင့်သူတွေ ကို ဂရုမစိုက်ဘူး။ ဒါကြောင့် ဟီလာရီကလင်တန်ကို ထောက်ခံတာပါ”
( Kyaw Phyo Tha ၏ On Clinton’s Campaign Trail ကို ဆီလျော်အောင် ဘာသာပြန်ဆိုသည်)