သတင်း

ငါးနှစ်အရွယ်ကလေးကို အဓမ္မပြုကျင့်မှု မသင်္ကာသူများကို စစ်ဆေးနေ

ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံ မြို့သစ် အရှေ့ပိုင်း မြို့နယ်နေ အသက် ၅ နှစ် ကလေးငယ်ကို  အဓမ္မပြုကျင့်ခဲ့သူကို ဖမ်းမိနိုင်ရန် မသင်္ကာသူများကို ခေါ်ယူစစ်ဆေးနေကြောင်း ဒဂုံအရှေ့ရဲစခန်းမှ တာဝန်ရဲတဦးက ဧရာဝတီကို ပြောသည်။

အဓမ္မပြုကျင့်ခံရသည့် ကလေးငယ်၏ဖခင် ဦးရဲထွန်းက ပုဒ်မ ၄၅၆ (ညအချိန် ပုန်းလျိှုးအိမ်ကျော်နင်းမှု)၊ ပုဒ်မ ၃၅၄ (မိန်းမတဦး၏ကာယိန္ဒြေကိုပျက် စီးစေမှု)၊ ပုဒ်မ ၃၂၅ (အပြင်းအထန်နာကျင်စေမှု) တို့ဖြင့် ယနေ့ မနက်ပိုင်းက တရားလိုပြုလုပ် တိုင်တန်းခဲ့ရာ မင်္သကာသူများကို ခေါ်ယူစစ်ဆေးမှုများပြုလုပ်နေကြောင်း ဒဂုံအရှေ့ရဲစခန်းမှ သိရသည်။

“ဒီနေ့လာဖွင့်တာပါ။ မနက်လင်းအားကြီးကတည်းက ကလေးအဖေ တရားလိုလုပ်ပြီးဖွင့်ထားတာ။ တရားခံက စုံစမ်းနေ တုန်းပဲ။ မင်္သကာတဲ့သူတွေကို ခေါ်စစ်နေတယ်” ဟု ၎င်းက ပြောသည်။

ဖြစ်စဉ်မှာ ၂၀၁၆၊ နိုဝင်ဘာ ၂ ရက်၊ မနက် ၂ နာရီခွဲခန့်တွင် မိခင်ဖြစ်သူမှနိုးလာပြီး ဘေးနားတွင်အိပ်နေသည့် သမီး ငယ်ကိုစမ်းကြည့်ရာ မတွေ့သဖြင့် လင်မယားနှစ်ယောက်လုံး ပတ်ဝန်းကျင်သို့ ထွက်ရှာခဲ့ရာမှ ကလေးငယ်၏ အော်ငိုသံကိုကြားခဲ့ကြောင်း၊ ဘေးချင်းကပ်လျက် ခြံဝန်းအလွတ်ရှိ ထောင့်စွန်းခြုံပုတ်ထဲတွင် ငိုနေကြောင်း၊ ကလေးခြေထောက်တွင် သွေးများတွေ့သဖြင့် ရပ်ကွက်အတွင်းရှိ ဆေးခန်းသို့ပို့ရာ မြောက်ဥက္ကလာဆေးရုံ ကြီးသို့လွှဲပေးသဖြင့် ညတွင်းချင်း တက်ရောက်ခဲ့ကြောင်း ကလေးငယ်၏ ဖခင်ဦးရဲထွန်းက ဧရာဝတီသို့ ပြောသည်။

၎င်းက ဖြစ်သည့် ညကတည်းက ဒဂုံအရှေ့ရဲစခန်းသို့ သွားရောက်တိုင်ကြားခဲ့သော်လည်း ရဲစခန်းက မှတ်တမ်း အနေဖြင့်သာ ယူထားခဲ့ပြီး တိုင်ကြားပြီးနောက် ရ ရက် အထိ မည်သည့်ထူးခြားမှုမျှမရှိသောကြောင့် ရန်ကုန်တိုင်းဒေသကြီး၊ လူမှုရေးနှင့်စီမံခန့်ခွဲမှုကော်မတီ အတွင်းရေးမှူး၊ ဒဂုံမြို့သစ် တောင်ပိုင်းလွှတ်တော်ကိုယ်စားလှယ် ဦးညီညီကို အကူအညီတောင်းခဲ့ကြောင်း သိရသည်။

“ကလေးက အရင်ထက်စာရင်တော့ သက်သာသွားပြီလို့ပြောလို့ရပါတယ်။ ဆေးရုံမှာပဲရှိပါသေးတယ်။ စကားတော့ပြော လာပေမယ့် အရင်လောက်တော့ ဟုတ်တိပတ်တိ မပြောဘူး။ နည်းနည်းတော့စဉ်းစားနေရတယ်။ အရင်ဆို ပြောသမျှဟာကို တခွန်းမကျန်ပြန်ပြောတတ်တဲ့ကလေးက အခု နည်းနည်းတော့လေးသွားတယ်” ဟု ဦးရဲထွန်းက ပြောသည်။

ကလေးမိဘများသည် ကြံုရာကျပန်းလုပ်ကိုင်စားသောက်သူများဖြစ်ပြီး လက်ရှိနေထိုင်သည့်နေရာတွင် ဂိုထောင် စောင့်အဖြစ်လုပ်ကိုင်နေကြောင်း၊ ကလေးငယ်၏ သတင်းကြားသည်နှင့်တပြိုင်နက် မြောက်ဥက္ကလာ မေဒါဝီဆေးရုံသွားဖွား မီးယပ်ဆောင်တွင် တင်ထားသည့်ကလေးငယ်ကို သွားရောက်ကြည့်ရှုခဲ့ရာ မစင်စွန့်ရန်ပင် အဆင်မပြေသည့်အတွက် ဗိုက် ဖောက်ထားရသည်ကိုတွေ့ရကြောင်း၊ ရဲစခန်းသို့လိုက်သွားပြီး ပြောဆိုခဲ့ရာ နောက်တနေ့ မနက်အစောပိုင်းတွင် အမှုဖွင့်ပေးခဲ့ကြောင်း ဦးညီညီက ပြောပြသည်။

ဦးညီညီက “ကလေးမိဘတွေဟာ သိတာနဲ့ ရဲစခန်းကိုတိုင်တယ်။ ရဲစခန်းက မှတ်တမ်းယူထားတယ်။ တကယ်တော့ ဒါဟာ ကြီးမားတဲ့ဖြစ်စဉ်တခု။ တကယ့်ကို Emergency Case အနေနဲ့ အရေးပေါ်ဆောင်ရွက်ရမှာ။ မှတ်တမ်းယူထားတယ်။ နိုဝင်ဘာ ၃ ရက်နေ့မှာ အိမ်ကိုလာတယ်ပြောတယ်။ နောက်ပိုင်းမလာတော့လို့ မနေ့က ကလေးအဖေက ရဲစခန်းကိုသွားမေးတော့ ဘာထူးခြားလဲလို့မေးတယ်။ ထူးခြားတာရှိရင် သူတို့လာဖမ်းပေးမယ်ပြောတယ်တဲ့။ ဒါဟာ တရားခံထွက်ပြေးဖို့ကို အချိန်ပေးသလိုဖြစ်သွားတာပေါ့” ဟု ဆိုသည်။

Loading