မြန်မာနိုင်ငံအတွင်း သတင်းမီဒီယာများ သတင်းရယူရာတွင် အကန့်အသတ်များ ရှိနေဆဲဖြစ်ကြောင်း ပြန်ကြားရေး ဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဖေမြင့်က နိုဝင်ဘာ ၇ ရက် ရန်ကုန်မြို့ ချက်ထရီယမ် ဟိုတယ်တွင် ပြုလုပ်သည့် ပဉ္စမအကြိမ် မြန်မာ မီဒီယာ ဖွံ့ဖြိုးတိုးတက်ရေး ညီလာခံ ဖွင့်ပွဲတွင် ပြောကြားသည်။
“မီဒီယာများ လွတ်လပ်ခွင့်ပိုမို ရှိလာကြောင်း၊ ယင်းသို့ လွတ်လပ်သည့် ကြားကပင် သတင်းမီဒီယာသမားများ အတွက် သတင်းရယူရာတွင် အကန့်အသတ်ဖြစ်နေခြင်းများ ရှိနေဆဲဖြစ်ကြောင်း၊ မီဒီယာနှင့် ဆက်စပ်သူများ အားလုံး တာဝန်ရှိ သကဲ့သို့ အစိုးရပိုင်းကလည်း တာဝန်ရှိကြောင်း”ဝန်ကြီး ဒေါက်တာ ဖေမြင့်က ပြောသည်။
“သတင်းမီဒီယာ ကောင်စီသည် လွတ်လပ်စွာ လုပ်ကိုင်ဆောင်ရွက်ခွင့် ရှိနေတယ်။ သို့သော် သတင်းမီဒီယာ ကောင်စီ မှာ ရှိနေတဲ့ သူတွေကို လောလောဆယ် အနေအထားကို မကျေနပ်နိုင်တာ ရှိကောင်း ရှိလိမ့်မယ်။ အဲဒါဘာလဲ ဆိုရင် ကျန်တဲ့ အဖွဲ့အစည်းများ ပေါ်မှာ သြဇာမပေးနိုင်တာ တခုပဲ။ အဲဒါကို လွတ်လပ်မှုနဲ့ ရောနှောနေတယ်။ လွဲမှားပြီးတော့ မှတ်ယူနေတယ်လို့ ထင်တယ်”ဟုလည်း ဝန်ကြီး ဦးဖေမြင့်က ပြောဆိုခဲ့သည်။
သတင်းမီဒီယာ ကောင်စီဝင် ဦးမြင့်ကျော်က သတင်းမီဒီယာ ဥပဒေသည် လွတ်လပ်မှု မရှိကြောင်း၊ အစိုးရအနေနှင့် လည်း သတင်းမီဒီယာ ဥပဒေအပေါ် လေးစားလိုက်နာမှု မရှိဘဲ မီဒီယာ ဥပဒေကို ကျော်လွန်ကာ ရာဇသတ်ကြီး ပုဒ်မ ၅၀၀ ကဲ့သို့သော ပုဒ်မများဖြင့် တရားစွဲဆိုမှုများ ရှိနေကြောင်း ပြောကြားသည်။
နိုင်ငံတော် အတိုင်ပင်ခံရုံး ဒုတိယညွှန်ကြားရေးမှူး ဦးဇော်ဌေးကလည်း “ဥပဒေ တခု ရေးရင် အခြေခံ ဥပဒေနှင့် ညီရ မယ်၊ နိုင်ငံတကာ စံချိန်စံနှုန်းနဲ့ ညီရမယ်။ သက်ဆိုင်တဲ့ ဥပဒေတွေနဲ့ လိုက်လျော ညီထွေ ဖြစ်ရပါမယ်။ အခု မီဒီယာ ဥပဒေသည် လိုက်လျော ညီထွေ မဖြစ်ဘူး။ အကယ်၍ အသရေဖျက်မှု ဖြစ်သွားရင် ရာဇသတ်ကြီးနဲ့ ဆွဲမလား၊ မီဒီယာ ဥပဒေနဲ့ ဆွဲမလား၊ ဆွဲတဲ့သူက ရွေးချယ်ပိုင်ခွင့် ရှိတယ်။ ရာဇဝတ်ကြောင်းအရ ဆွဲချင်ရင် အာမခံ မရတဲ့ ပုဒ်မ ၅၀၀ နဲ့ ဆွဲမယ်။ ဒါဟာ နှစ်ဦးနှစ်ဖက် ယုံကြည်မှုနဲ့လည်း ဆိုင်ပါတယ်။ ဒါကို ဖိုရမ်တွေလုပ်ပြီး ဆွေးနွေးသင့်တယ်”ဟု ပြောသည်။
ယင်းဆွေးနွေးပွဲတွင် ပြဌာန်းအတည်ပြုခဲ့သည့် သတင်းမီဒီယာ ဥပဒေကို ပြန်လည် ဆန်းစစ် ပြင်ဆင်နိုင်ရန်၊ တည်ဆဲ မီဒီယာ ဥပဒေများကို ပြန်လည်သုံးသပ်ခြင်း၊ မီဒီယာ လုပ်ငန်းဆက်လက် ရှင်သန်နိုင်စွမ်းနှင့် စီးပွားဖြစ်ပုံစံ အလား အလာ၊ ရုပ်မြင်သံကြားနှင့် အသံထုတ်လွှင့်ခြင်း ဆိုင်ရာ ဥပဒေ၏ လက်ရှိရောက်ရှိနေသည့် အခြေအနေများကို ဆွေးနွေး ခဲ့သည်။
ထို့အပြင် သတင်းမီဒီယာ ဌာနများတွင် အမျိုးသမီး သတင်းသမားများကို ခွဲခြားဆက်ဆံမှုများ ရှိနေဆဲဖြစ်ရာ အစိုးရ အနေနနှင့် အမျိုးသမီးများနှင့် ပတ်သက်သည့် ပေါ်လစီများ သတ်သတ်မှတ်မှတ် ရေးဆွဲပေးရန် လိုအပ်နေပြီ ဖြစ် ကြောင်း၊ တိုင်းရင်းသား မီဒီယာများတွင် အမျိုးသမီး သတင်းထောက် အရေအတွက် နည်းပါးခြင်းကလည်း မိသားစု၊ ပတ်ဝန်းကျင် အားပေးမှု မရှိသောကြာင့် ဖြစ်ကြောင်း အမျိုးသမီး သတင်းသမားများနှင့် ပတ်သက်၍လည်း ထည့်သွင်း ဆွေးနွေးမှုများ ပြုလုပ်သည်။
“ကျမတို့ အမျိုးသမီး သတင်းထောက်တွေ စုံစမ်းမှုတခုခု လုပ်တော့မယ်ဆိုရင် အယ်ဒီတာတွေ၊ အလုပ်ရှင်တွေက ဒါ နင်မလုပ်နိုင်လောက်ဘူး။ ဒီကိစ္စ မဖြစ်မြောက်ရင် ပိုက်ဆံ အလကားကုန်မှာ ဆိုတဲ့ ပုံစံမျိုးနဲ့ ဆက်ဆံတာကြောင့် မြန်မာပြည်မှာ ကာလရှည် စုံစမ်းဖော်ထုတ်တဲ့ သတင်းရေးသားမှုမျိုး အင်မတန် နည်းပါးနေပါတယ်။ ကျမတို့ကို အမျိုးသမီးလို့ မမြင်ဘဲ လူသားတယောက် အနေနဲ့ မြင်စေချင်တယ်။ အမျိုးသမီးတွေရဲ့စွမ်းရည်၊ လုပ်ဆောင်ချက် တွေကို နှလုံးသားထဲက လက်ခံပေးဖို့ လိုအပ်ပါတယ်”ဟု ပူလစ်ဇာဆုရှင် အေပီ သတင်းဌာန သတင်းထောက် မအက်စတာထုဆန် က ပြောသည်။
မီဒီယာ ညီလာခံကို နိုဝင်ဘာလ ၇ ရက်နှင့် ၈ ရက် ၂ ရက်ကြာ ကျင်းပမည် ဖြစ်ပြီး နိုဝင်ဘာလ ၇ ရက်နေ့တွင် မီဒီယာ ဥပဒေနှင့် သက်ဆိုင်သည့် ဆွေးနွေးပွဲ၊ သတင်း မီဒီယာသမားများ၏ လုံခြုံရေးနှင့် သက်ဆိုင်သည့် ဆွေးနွေးပွဲ၊ မီဒီယာ နှင့် ကျား၊မ ရေးရာ ဆွေးနွေးပွဲနှင့် လူမှု မီဒီယာ ဆွေးနွေးပွဲ ခေါင်းစဉ် လေးခုကို ကျင်းပခဲ့သည်။