မြန်မာနိုင်ငံ အနောက်မြောက်ပိုင်း နာဂ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသမှ နာဂလူမျိုးစုတွင် ပါဝင်သော မကူရီ လူမျိုးစု၏ အဖိုးမဖြတ်နိုင်သော ယဉ်ကျေးမှု အမွေအနှစ်များကို သာသနာပြုအဖွဲ့များက လွန်ခဲ့သောလက ဖျက်ဆီးခဲ့သည် ဟု နာဂအမျိုးသားရေးရာ ကောင်စီ Council of Naga Affairs က ပြောဆိုသည်။
အောက်တိုဘာလ ၆ ရက်မှ စ၍ ရိုးရာ ပန်အဆောက်အဦ ခေါ် မိုရမ် တဲအိမ် (Morung hut) အနည်းဆုံး ၂ လုံးနှင့် ရိုးရာ ပန်သစ်တုံးတခု စစ်ကိုင်းတိုင်းတွင်းရှိ လေရှီးမြို့ နယ်၊ ဝါတောကျေးရွာနှင့် လဟယ်မြို့နယ်၊ မခွာလယ်ကျေးရွာတို့တွင် ဖျက်ဆီးခံရသည်။
၁၉ ရာစုက သာသနာပြု အဖွဲ့များ နာဂလူမျိုးစုထံ ရောက်စဉ်ကပင် နာဂလူမျိုး ၉၀ ရာခိုင်နှုန်းက ခရစ်ယာန်ဘာသာသို့ သွတ်သွင်းပြီး ဖြစ်သော်လည်း နာဂကျေးရွာများတွင် မိုရမ် ခေါ် ပန်အဆောက်အအုံများသည် နာဂလူမျိုးတို့၏ အများပြည်သူ ရေးရာကိစ္စများ စုဝေးတိုင်ပင်ရာ အရေးပါသော နေရာများ ဖြစ်သည်။ မြန်မာခရစ်ယာန် သာသနာပြု ဦးစိုင်းအေးမှာ ထိုအဆောက်အအုံနှင့် ပန်သစ်တုံးများကို စွန့်ပစ်ရန် မကူရီမျိုးနွယ်စုကို တွန်းအား ပေးခဲ့သည်ဟု ပြစ်တင် ဝေဖန်ခံနေရသည်။
“ဘုရားမကြိုက်တဲ့အရာများစွာကို ရွာသူရွာသားများ၏ သဘောတူညီချက်အတိုင်း သူတို့ကို ဒုက္ခပေးနေတဲ့ အရာကို သိသွားတဲ့အခါ (မကူရီ ရွာသားများက) သူတို့လက်နဲ့ သူတို့ စွန့်ပစ်ခဲ့ပါပြီ” ဟု ဦးစိုင်းအေးက သူ့ဖေ့ဘုတ်စာမျက်နှာတွင် တနင်္လာနေ့က ရေးသားခဲ့ပြီး သူသည် ဖုန်းလိုင်းဆက်သွယ်မရသည့် နေရာသို့ ရောက်နေသောကြောင့် သူ့ကို ဆက်သွယ်၍ ရမည်မဟုတ်ဟု ဖော်ပြထားသည်။
ဦးစိုင်းအေး ဦးဆောင်သော သာသနာပြုများက မကြာသေးမီက နာဂအသိုင်းအဝန်းကို ထိခိုက်စေသော ကပ်ရောဂါဆိုင်ရာ အကျပ်အတည်းများမှာ မကောင်းဆိုဝါးမိစ္ဆာကြောင့် ဖြစ်ရသည် ဟု ဒေသခံများကို ခြောက်လှန့်ပြောဆိုခဲ့ကြောင်း နာဂအမျိုးသားရေးရာ ကောင်စီအကြီးအကဲ အထောင်မကူရီ (Athong Makury) ၏ ဧရာဝတီသို့ ပြောပြချက်အရ သိရသည်။
ဝေးလံသော တောင်ပေါ်ဒေသ နာဂမြေသည် ယခုနှစ်အတွင်း ၂ လကြာမျှ ဝက်သက်ရောဂါ ဖြစ်ပွားမှုနှင့် ရင်ဆိုင်ခဲ့ရသည်။ ထိုရောဂါဖြစ်ပွားမှုကို သြဂုတ်လတွင် စတင်သိခဲ့ရပြီး ကလေးငယ် အများစု အပါအဝင် လူ ၇၀ ခန့် သေဆုံးခဲ့သည်။
“မိစ္ဆာတွေ မရှင်းရင် နာဂမှာ ကပ်ဘေးတွေကနေ မလွတ်နိုင်ဘူးဆိုပြီး အမျိုးမျိုးပြောတယ်။ ကျနော်တို့ရဲ့ ရိုးရာအစဉ်အလာ ယုံကြည်မှုနဲ့ အဆင်တန်ဆာတွေကို ဖျက်ဆီးဖို့ လူတွေကို ခြိမ်းခြောက်ဖိအားပေးတယ်” ဟု အထောင်မာကူရီက ပြောသည်။ ထိုကိစ္စကို ယဉ်ကျေးမှုကော်မတီနှင့် ဖြေရှင်းရန် နာဂအမျိုးသားရေးရာကောင်စီက သာသနာပြုကို ဆက်သွယ်သော အခါ ဦးစိုင်းအေးသည် လာရောက်ခြင်း မရှိဟုလည်း ဆိုသည်။
ဦးစိုင်းအေးသည် နာဂမြေတွင် ရှိနေသေးသောကြောင့် သူ့ကို လေရှီးမြို့သို့ ပို့ပေးရန် သက်ဆိုင်ရာ မျိုးနွယ်စု ကောင်စီကို မေတ္တာရပ်ခံထားသည်ဟု အထောင်မာကူရီက ဆိုသည်။
ဦစိုင်းအေးကို နာဂ ခရစ်ယာန် ရှင်သန်ထမြောက်ရေး အသင်းတော် (Naga Christian Revival Church – NCRC) က ဤဒေသသို့ ခေါ်ယူခဲ့ခြင်း ဖြစ်ပြီး ထိုအသင်းတော်က နာဂယဉ်ကျေးမှု အမွေအနှစ်များ ဖျက်ဆီးခံရမည်ကို မထင်ခဲ့မိ၍ ခေါ်ခဲ့ခြင်းဖြစ်ကြောင်း ဝန်ခံပြီး ဤဖြစ်ရပ် အတွက် တောင်းပန်ခဲ့သည်။
ဤသာသနာပြု၏ လုပ်ရပ်သည် ရှေးဟောင်းဝတ္တုပစ္စည်း ကာကွယ်ရေး ဥပဒေပုဒ်မ ၁၆ ပါ အချက်ကို ချိုးဖောက်ခြင်း ဖြစ်သကဲ့သို့ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေပါ ပုဒ်မ ၃၆၄ ရှိ ဘာသာရေးကို နိုင်ငံရေးအတွက် အလွဲသုံးစား ပြုခြင်းကို တားမြစ်သော အချက်နှင့် ပုဒ်မ ၃၆၅ ရှိ နိုင်ငံသားများ၏ စာပေ၊ ယဉ်ကျေးမှု၊ အနုပညာနှင့် ထုံးတမ်းအစဉ်အလာများ လွတ်လပ်စွာ ဖော်ထုတ်ခွင့် ရှိသည်ဆိုသည့်အချက်ကို ချိုးဖောက်ခြင်းလည်း ဖြစ်သည်ဟု နာဂအမျိုးသားရေးရာကောင်စီက ဆိုသည်။
မကူရီမျိုးနွယ်စု ကောင်စီနှင့် လေရှီးမြို့နယ် ယဉ်ကျေးမှု ကော်မတီတို့က ထိုကိစ္စကို ရပ်ရွာအဆင့် စုံစမ်းစစ်ဆေးမှု စတင်မည် ဖြစ်သည်။ သို့သော် မျိုးနွယ်စု ခေါင်းဆောင်များက တရားဥပဒေကြောင်းအရ တရားစွဲဆိုခြင်း မရှိသေးပါ။
ဓလေ့ထုံးတမ်း ဥပဒေအရ အပြင်းထန်ဆုံး ပြစ်ဒဏ်မှာ ဥပဒေချိုးဖောက်သူများကို ဒေသတွင်းမှ နောက်ထပ်မလာရောက်ရန် နယ်နှင်ဒဏ် ပေးခြင်း ဖြစ်သည်။