မြန်မာနိုင်ငံ၏ သစ်တော ဖုံးလွှမ်းမှု ဧရိယာသည် တဖြည်းဖြည်း လျော့ကျလာပြီး ကမ္ဘာပေါ်ရှိ သစ်တော ပြုန်းတီးမှု အများဆုံး နိုင်ငံ များတွင် ဆက်လက် ပါဝင်နေကာ မြန်မာ့ သစ်တောများမှာ ဆိုးဝါးစွာ ဆုံရှုံးနေရဆဲဖြစ်ကြောင်း သိရသည်။
သယံဇာတနှင့် သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာန ဝန်ကြီး ဦးအုန်းဝင်းက ယနေ့ နေပြည်တော်ရှိ Royal ACE ဟိုတယ်တွင် ကျင်းပသည့် “မြန်မာ့ သစ်တော မူဝါဒဆိုင်ရာ ပြန်လည် သုံးသပ်သည့် အလုပ်ရုံ ဆွေးနွေးပွဲ”အဖွင့် အထက်ပါအတိုင်း ပြောဆိုလိုက်ခြင်း ဖြစ်သည်။
“၁၉၉၀ ခုနှစ်ကနေ ၂၀၁၀ ခုနှစ်အတွင်း သစ်တော ပြုန်းတီးမှုနှုန်းက ၀ ဒသမ ၅၅ ရာခိုင်နှုန်း၊ ၂၀၁၀ ကနေ ၂၀၁၅ အတွင်း ၁ ဒသမ ရ၃ ရာခိုင်နှုန်း ရှိကြောင်း တွေ့ရလို့ ကမ္ဘာပေါ်မှာ နှစ်စဉ် သစ်တော ဧရိယာ အများဆုံး ပျက်စီး ပြုန်းတီးတဲ့ နိုင်ငံတွေ စာရင်းမှာ မြန်မာ ပါဝင်နေပါတယ်” ဟု ဦးအုန်းဝင်းက ပြောသည်။
NLD အစိုးရသစ် လက်ထက်တွင် သစ်တော သယံဇာတ ရေရှည်တည်တံ့ရေး အလုပ်ရုံ ဆွေးနွေးပွဲများ ကျင်းပ၍ ဆွေးနွေးပွဲ ရလဒ်များအရ ၂၀၁၆-၁၇ ဘဏ္ဍာနှစ်တွင် ကျွန်းနှင့် သစ်မာ ထုတ်လုပ်ခြင်းကို ရပ်နားခြင်း၊ ပဲခူးရိုးမ ဧရိယာတွင် ကျွန်းနှင့် သစ်မာ ထုတ်လုပ်ခြင်းကို ၁၀ နှစ်အထိ ရပ်နားခြင်း၊ သစ်ဖြန့်ဖြူး ရောင်းချခြင်းကို ပွင့်လင်း မြင်သာသည့် စနစ်ဖြင့် ရောင်းချခြင်းတို့ကို ခွင့်ပြုပေးခဲ့ကြောင်း သိရသည်။
ထို့ အပြင် တရားမဝင်သစ် တားဆီး ကာကွယ်ရေးကို ပိုမိုထိရောက်စွာ ဆောင်ရွက်ခြင်းနှင့် လက်ကိုင်လွှစက်များ တင်သွင်း ရောင်းချခြင်းကို ထိန်းချုပ်ဆောင်ရွက်ခြင်း၊ ဥပဒေသက်ရောက်စေရေးအတွက် တရားရုံးများနှင့် ညှိနှိုင်းဆောင်ရွက်ခြင်းတို့ကို စီမံဆောင်ရွက်နေကြောင်း လည်း သယံဇာတနှင့် သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာနက ပြောသည်။
မြန်မာ့ သစ်တောများကို ကယ်တင်ရန် သစ်တောဌာနတခုတည်း ဆောင်ရွက်ရုံဖြင့် မအောင်မြင်နိုင်တော့ဘဲ အစိုးရ၏ နိုင်ငံရေး စေတနာ ရရှိရန် လိုအပ်ကြောင်း၊ သစ်တော မူဝါဒများကို ပြင်ဆင်ခြင်း အပါအဝင် နိုင်ငံတော်အဆင့်မှ ဘက်ပေါင်းစုံအမြင်ဖြင့် ချဉ်းကပ်ရန် လိုအပ်နေပြီ ဖြစ်ကြောင်း မြန်မာနိုင်ငံ သစ်တော အသင်း၏ အတွင်းရေးမှူး ဦးတင်အေးက ပြောသည်။
“တရုတ်သူဌေးတွေကို သကြားစက်တွေ တည်ဖို့ သစ်တောတွေ ခုတ်ပြီး ကြံခင်းတွေ စိုက်ခွင့်ပေးတယ်။ သစ်တောမြေတွေမှာ ဓာတ် သတ္တုတွေ ပေးတူးတယ်။ တနင်္သာရီတိုင်းမှာ ဆီးအုန်းတွေ စိုက်ပစ်လိုက်တယ်။ အရက်ချက်၊ နို့ဆီချက်တာတွေမှာ ထင်းကို အဆမတန် သုံးပစ်လိုက်ကြတယ်။ ဒါတွေကို မပြင်နိုင်ဘဲ တရားဝင်၊ တရားမဝင် သစ်ထုတ်တဲ့သူတွေ များနေသရွှေ့ သစ်တောတွေ ပြန်စိုက်လည်း ဘာမှ ထူးမှာ မဟုတ်ပါဘူး”ဟု ဦးတင်အေးက ပြောသည်။
ယခုအခါ သစ်တော်မူဝါဒနှင့် သစ်တော ဥပဒေများကို ပြန်လည် သုံးသပ်ရန် ပြင်ဆင်နေပြီး မြန်မာနိုင်ငံနှင့် သင့်တော်မည့် အမျိုးသား အဆင့် ရာသီဥတု ပြောင်းလဲမှု လျှော့ချရေးဆိုင်ရာ လုပ်ငန်းအစီအစဉ်အား ရေးဆွဲထားပြီး ကြိုးဝိုင်း၊ ကြိုးပြင် ကာကွယ် တောများအား ၃၀ ရာခိုင်နှုန်း၊ သဘာဝ နယ်မြေများအား ရေရှည်တွင် ၁၀ ရာခိုင်နှုန်း တိုးချဲ့ ဖွဲ့စည်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
၁၉၉၅ ခုနှစ်က ပြဋ္ဌာန်းခဲ့သည့် မြန်မာ့ သစ်တော မူဝါဒများ မအောင်မြင်ရခြင်းမှာ သစ်တော သယံဇာတ ထုတ်ယူခြင်းမှ နိုင်ငံ၏ စီးပွား ရေး လိုအပ်ချက်ကို အတိုင်းအတာတစ်ရပ်အထိ ဖြေရှင်းပေးရခြင်း၊ လူဦးရေ တိုးပွားမှုကြောင့် သစ်တော သယံဇာတ အရင်း အမြစ် များနှင့် သစ်တောမြေများအပေါ် ဖိအားများ ကျရောက်လာခြင်း၊ လုံခြုံရေးနှင့် အုပ်ချုပ်ရေး ဆိုင်ရာ အားနည်းချက်များကို အခွင့်ကောင်း ယူ၍ ၀ိသမ စီးပွားရေးသမားများ၏ ကိုယ်ကျိုးရှာ အမြတ်ထုတ်ခြင်းတို့ကြောင့် ဖြစ်သည်ဟု ဝန်ကြီး ဦးအုန်းဝင်းက ဝန်ခံခဲ့သည်။
“မြန်မာ့ သစ်တော မူဝါဒပါ ရည်မှန်းချက် လုပ်ငန်းများ ထိရောက်စွာ မဆောင်ရွက်နိုင်ကြောင်း သုံးသပ် တွေ ့ရှိရတဲ့အတွက် ပြောင်းလဲ လာသော လူမှုရေး၊ စီးပွားရေး၊ နိုင်ငံရေး၊ ပတ်ဝန်းကျင် ထိန်းသိမ်းရေး အခြေအနေများနှင့် လိုက်လျောညီထွေစွာ ဆင်ခြင် သုံးသပ် ဆောင်ရွက်သွားဖို ့ လိုအပ်ပါတယ်”ဟု ဝန်ကြီးက ပြောသည်။
ထို့ကြောင့် သစ်တောဖုံးလွှမ်းနေသည့် ဧရိယာ ပြန်လည် တိုးတက်လာရေးနှင့် သဘာဝတောများ အဆင့်အတန်းမြင့်လာရေးအတွက် ၂၀၁၇-၁၈ ခုနှစ်မှ ၂၀၂၆-၂၇ ခုနှစ်အထိ သစ်တောများ ပြန်လည် တည်ထောင်ခြင်း အစီအစဉ်ကို ၅ နှစ် ၂ ကြိမ်ဖြင့် ၁၀ နှစ် စီမံကိန်း ရေးဆွဲ၍ တိုင်းနှင့် ပြည်နယ် ၁၅ ခုရှိ သစ်တောခရိုင် ၆၈ ခုတွင် အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
သစ်တော လျော့နည်း ပြုန်းတီးရခြင်း၏ အဓိက အကြောင်းအရင်းများမှာ ရွှေ့ပြောင်း တောင်ယာ စိုက်ပျိုးခြင်း၊ အလွန်အကျွံ သစ်ထုတ် ခြင်း၊ စိုက်ပျိုးမြေမျာ၊ လူနေအိမ်များ ကျူးကျော်တိုးချဲ့လာခြင်း၊ စိုက်ပျိုးရေးနှင့် ရေအားလျှပ်စစ်အတွက် ရေလှောင်တမံများတည် ဆောက်ခြင်း၊ လမ်းများ ဖောက်လုပ်ခြင်း၊ မြို့ရွာများ တိုးချဲ့ထူထောင်ခြင်း၊ သတ္တုတူးဖော်ခြင်းနှင့် လူဦးရေ တိုးပွားလာမှုနှင့် အတူ သစ်၊ ထင်း လိုအပ်ချက် များပြားလာခြင်းတို့ကြောင့် ဖြစ်ကြောင်း စိစစ်တွေ့ရှိရကြောင်း သယံဇာတနှင့် သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာနက ပြောသည်။