မန္တလေးမြို့၊ ချမ်းအေးသာဇံမြို့နယ် သီရိဟေမာ အရှေ့ရပ်ကွက်ရှိ AD ဟိုတယ်တွင် တည်းခိုနေသည့် အီတလီနိုင်ငံသား သည် ၎င်း၏ ခြေသလုံးတွင် ဗုဒ္ဓရုပ်ပုံကို တက်တူးထိုးထားသည့်အတွက် လဝက ၏ ဗီဇာစည်းကမ်းကို ဖောက်ဖျက်သည်ဟုဆိုကာ ပြည်နှင်ဒဏ်ပေးလိုက်ကြောင့် အမှတ် ၆ ရဲစခန်းမှ သိရသည်။
“နိုင်ငံခြားကနေ မြန်မာနိုင်ငံကို လာမယ်ဆိုရင် မြန်မာနိုင်ငံရဲ့ ဥပဒေကို လေးစားလိုက်နာရမယ်ဆိုပြီး လက်မှတ်ထိုးရတာ ရှိတယ်။ အဲဒီလိုလက်မှတ်ရေးထိုးပြီးသားကို အခုလို တက်တူးပုံထိုးလာတဲ့အတွက် ဗီဇာ စည်းကမ်းကို ဖောက်ဖျက်လို့ အဆင့်ဆင့် တင်ပြပြီး ပြည်နှင်ဒဏ်ပေးလိုက်တာဖြစ်ပါတယ်” ဟု အမှတ် ၆ ရဲစခန်းမှ ရဲအုပ် ခင်သန်းက ဧရာဝတီသို့ ပြောသည်။
အသက် ၄၄ နှစ်အရွယ် အီတလီနိုင်ငံသား Mr. Mola Giannunzoo Michele သည် မြန်မာနိုင်ငံသို့ နိုဝင်ဘာ ၆ ရက် နေ့က ရောက်လာခဲ့ခြင်းဖြစ်ပြီး မန္တလေးမြို့ရှိ AD ဟိုတယ် တွင် တည်းခိုနေခဲ့ကြောင်း၊ ပြည်သူတဦးက အဆိုပါ နိုင်ငံခြားသား၏ လက်ဝဲဘက် ခြေသလုံးတွင် ဗုဒ္ဓရုပ်ပွားပုံစံတူကို တက်တူးရေးထိုးထားကြောင်း သတင်းပေးတိုင်ကြားခဲ့ကြောင်း သိရသည်။
ထို့ကြောင့် ရဲတပ်ဖွဲ့က အီတလီနိုင်ငံသားကို စစ်ဆေးခဲ့ရာတွင် ၎င်း၏ ခြေထောက်တွင် တက်တူးရေးထိုးထားသည်ကို တွေ့ရှိသဖြင့် နိုဝင်ဘာ ၈ ရက်နေ့ ပြည်နှင်ဒဏ်ပေး၍ ပြန်လည်စေလွှတ်လိုက်ပြီဖြစ်ကြောင်း သိရသည်။
ယခင်ကလည်း ဗုဒ္ဓရုပ်ပွားပုံတော်ကို တက်တူးထိုးခဲ့သည့် နိုင်ငံခြားသားအချို့ကို လဝက ဥပဒေအရ ပြည်နှင်ဒဏ်ပေး၍ ပြန်လည်စေလွှတ်ခြင်းများ ပြုလုပ်ခဲ့ဖူးသည့် ဖြစ်စဉ်များ ရှိကြောင်း သိရသည်။