တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး စာချုပ် (NCA) ချုပ်ဆိုနိုင်ရေး လာရောက်ညှိနှိုင်းသည့် နိုင်ငံရေးဆိုင်ရာ ညှိနှိုင်း ဆွေးနွေးရေး အဖွဲ့ (DPN)က NCA ထိုးပြီးလျှင်လည်း တိုက်ပွဲများ ပြန်ဖြစ်မည်ကို စိုးရိမ်ကြောင်း ယနေ့ အစိုးရ၏ ငြိမ်းချမ်း ရေး ကော်မရှင်နှင့် တွေ့ဆုံပွဲတွင် ပြောဆို ဆွေးနွေးမှုများ ရှိခဲ့သည်ဟု သတင်း ရရှိသည်။
DPN သည် ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ် ကောင်စီ (UNFC)မှ NCA လက်မှတ် မထိုးရသေးသည့် တိုင်းရင်းသား လက်နက်ကိုင် ၇ ဖွဲ့၏ နိုင်ငံရေးဆိုင်ရာ ညှိနှိုင်းဆွေးနွေးရေး အဖွဲ့ ဖြစ်သည်။
အစိုးရ၏ ငြိမ်းချမ်းရေးကော်မရှင် နှင့် DPN တို့သည် ယနေ့ ရန်ကုန်မြို့ ရွှေလီလမ်းရှိ မြန်မာနိုင်ငံ ငြိမ်းချမ်းရေး ပြန်လည် ထူ ထောင်ရေး လုပ်ငန်း ဗဟိုဌာနတွင် တွေ့ဆုံခဲ့ပြီး NCA ထိုးပြီးနောက် လုပ်ဆောင်ရမည့် တပ်ပိုင်းဆိုင်ရာ ကျင့်ဝတ်များ (COC) နှင့် ပစ်ခတ် တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ ကိစ္စရပ်များကို ဆွေးနွေးဖြစ်သည်ဟု အစိုးရ၏ ငြိမ်းချမ်းရေး ကော်မရှင် က ထုတ်ပြန်ထားသည်။
အဆိုပါ တွေ့ဆုံပွဲတွင် အစိုးရဘက်မှ NCA ထိုးပြီးသည့် အဖွဲ့များနှင့် ဆောင်ရွက်နေသည့် ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး ဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေး ကော်မတီ (JMC) ကလည်း ၎င်းတို့၏ ဆောင်ရွက်ဆဲ လုပ်ငန်းဆောင်တာများကို လာရောက် ရှင်းပြခဲ့ကြောင်း သိရသည်။
JMC ၏ ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာ မင်းဇော်ဦးက DPN ဘက်မှ JMC ၏ လုပ်ဆောင်မှုများတွင် မေးမြန်းခြင်းများ ရှိပြီး ၎င်းတို့က NCA ထိုးပြီးပါကလည်း တိုက်ပွဲများ ပြန်ဖြစ်မည်ကို စိုးရိမ်ကြောင်း အစိုးရဘက်ကို ပြောဆို မေးမြန်းမှုများ ရှိခဲ့ သည်ဟု ဧရာဝတီကို ပြောသည်။
“NCA ထိုးလိုက်ပြီးရင် တိုက်ပွဲတွေ ပြန်ဖြစ်မှာလား ဆိုတာတွေ စိုးရိမ်တယ်။ ဒီစိုးရိမ်ချက်က တူတယ်။ အစိုးရဘက်မှာ လည်း ဒီတိုင်းပဲ တပ်မတော် ဘက်မှာလည်း ဒီတိုင်းပဲ။ ကျနော်တို့ JMC အနေနဲ့လည်း လက်မှတ်ထိုးပြီးသား အဖွဲ့တွေနဲ့ တိုက်ပွဲဖြစ်တာဆိုရင် ကျနော်တို့လည်း မကောင်းဘူး”ဟု ဒေါက်တာ မင်းဇော်ဦးက ပြောသည်။
JMC မှာ အစိုးရ၊ တပ်မတော်နှင့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တို့အကြား NCA ထိုးပြီးနောက် ပစ်ခတ် တိုက်ခိုက် မှု များ ပြန်လည် မဖြစ်ပွားစေရန်၊ တပ်သားသစ်များ စုဆောင်းခြင်း၊ တပ်စခန်းသစ်များ တိုးချဲ့ခြင်း မပြုလုပ်စေရန် ဒေသန္တရ အဆင့်၊ ပြည်နယ်အဆင့်၊ ပြည်ထောင်စုအဆင့်ဟူ၍ စောင့်ကြည့်ရေး ကော်မတီများ ဖွဲ့ပြီး အပစ်အခတ်ရပ်စဲရေးကို ထိန်းသိမ်း သည့် ကော်မတီ ဖြစ်သည်။
၂၀၁၅ ခုနှစ် အောက်တိုဘာလ ၁၅ ရက်က အစိုးရနှင့် တိုင်းရင်းသား လက်နက်ကိုင် ၈ ဖွဲ့အကြား NCA ထိုးပြီး ရှမ်း ပြည် နယ် အတွင်း ရှမ်းပြည် ပြန်လည် ထူထောင်ရေး ကောင်စီ (RCSS/SSA) နှင့် JMC များ ဖွဲ့စည်း ဆောင်ရွက် နေသော် လည်း ရှမ်းပြည်နယ်အတွင်း တပ်မတော်နှင့် တိုက်ပွဲပြန်လည် ဖြစ်ပွားမှုများ ရှိခဲ့သည်။
ထို့အပြင် ကရင်အမျိုးသား အစည်းအရုံး (KNU)ကိုလည်း NCA ချိုးဖောက်ကာ တပ်သားသစ်များ စုဆောင်းသည်ဟု တပ်မတော်ဘက်မှ ပြောဆိုမှုများလည်း ရှိခဲ့သည်။
JMC လုပ်ငန်းအဖွဲ့နှင့် DPN တို့ကြား JMC လုပ်ငန်းစဉ်များ ပြောဆိုဖြစ်ကြသည်မှာ စာချုပ်ချုပ် ပြီးပါက JMC ၏ လုပ်ငန်း စဉ်များကို ခိုင်မာစေလိုကြောင်း၊ JMC တွင် အားနည်းချက်များ ရှိပါက ဝိုင်းဝန်း ဆွေးနွေး ကြစေလိုသည့် ရည်ရွယ်ချက် ဖြစ်သည်ဟု သိရသည်။
DPN အဖွဲ့ ခေါင်းဆောင် ခူဦးရယ်က “ဒီနေ့ JMC အလုပ်အဖွဲ့ကနေပြီးတော့ JMC လုပ်ငန်းတွေကို ရှင်းလင်း ချပြတဲ့ကိစ္စနဲ့ပဲ ကျနော်တို့ အဆုံးသတ်ပါတယ်။ အထူးအထွေတော့ ဘာမှ မဆွေးနွေးဖြစ်ပါဘူး။ ၉ချက်ကတော့ မနက်ဖြန်မှ ဆွေးနွေး ဖြစ် ပါမယ်”ဟု ပြောသည်။
DPN မှ ရန်ကုန်မြို့သို့ လာရောက်ပြီး အစိုးရ၏ ငြိမ်းချမ်းရေး ကော်မရှင်မှ တွေ့ဆုံရသည့် အဓိက အကြောင်းရင်းမှာ NCA လက်မှတ် ထိုးနိုင်ရေးအတွက် ၎င်းတို့ဘက်မှ တောင်းဆိုထားသည့် အချက် ၉ ချက်ကို အစိုးရထံမှ သဘော တူညီမှုရရန် ဆွေးနွေးကြရေး ဖြစ်သည်ဟု သိရသည်။
DPN တောင်းဆိုထားသည့် ၉ ချက်တွင် အပစ်ရပ်လက်မှတ်မထိုးမီ အပစ်အခတ်ရပ်စဲရေးဆိုင်ရာ စည်းမျဉ်း စည်းကမ်းများ ၊ တပ်ပိုင်းဆိုင်ရာ ကျင့်ဝတ် (COC) နှင့် စောင့်ကြည့်ရေး လုပ်ငန်း လမ်းညွှန် (TOR) နှင့် တပ်နေရာ ပြန်လည် ချထားရေး ကိစ္စ ရပ်များ ကြိုတင် သဘောတူရေး ဟူသည့် အချက်ပါဝင်သည်။
ထို့အပြင် တနိုင်ငံလုံးအပစ်ရပ်ကို နှစ်ဦးနှစ်ဖက် ကြေညာရေး၊ ဖက်ဒရယ် ဒီမိုကရေစီပြည်ထောင်စု နိုင်ငံ တည်ဆောက်ရေး၊ နိုင်ငံရေးဆွေးနွေးပွဲ ကိုယ်စားလှယ် သတ်မှတ်ရေး၊ အပစ်ရပ်လုပ်ငန်းစဉ်ကို စောင့်ကြည့်ရန် နိုင်ငံတကာမှ ကိုယ်စားလှယ် များ ပါဝင်သည့် ကော်မတီဖွဲ့ရေး၊ တိုင်းရင်းသား ဒေသများတွင် ဒေသခံပြည်သူများကို ထိခိုက်စေမည့် စီမံကိန်းများ ပြုလုပ် မည်ဆိုပါက သဘာဝ သယံဇာတများ ၊ ပွင့်လင်းမြင်သာမှု ဖော်ဆောင်ရေးအဖွဲ့ (Extractive Industries Transparency Initiative – EITI) ၏ လုပ်ထုံးလုပ်နည်းများအတိုင်း ဒေသခံပြည်သူများ၊ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများ နှင့် ညှိနှိုင်းပြီးမှ ဆောင်ရွက်ရေး၊ ထိုအချက်များကို သဘောတူမှသာ NCA ကို လက်မှတ်ထိုးမည် ဖြစ်ကြောင်း ပါရှိသည်။
ခူဦးရယ်က နိုဝင်ဘာလ ၁၀ရက်တွင် အထက်ပါ ၉ ချက်ကို အသေးစိတ်ပြန်လည် ဆွေးနွေးသွားမည်ဖြစ်ပြီး အချိန် တရက်ဖြင့် မလုံလောက်ပါကလည်း နှစ်ဖက်သဘောတူညီမှုအရ ဆက်လက် ဆွေးနွေး သွားမည်ဟု ပြောသည်။
လက်ရှိတွင် အစိုးရ၏ ငြိမ်းချမ်းရေးကော်မရှင်မှ NCA လက်မှတ်ထိုးထားသည့် တိုင်းရင်းသား လက်နက်ကိုင် ၈ဖွဲ့နှင့် နိုဝင်ဘာ လကုန်ပိုင်းတွင် အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲများကို ကျင်းပရန် စီစဉ်ထားပြီး ဖြစ်သည်။
NCA ပါမူဘောင်များအရ အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲများကို NCA ထိုးထားသည့် တိုင်းရင်းသား လက်နက် ကိုင်အဖွဲ့များသာ ပါဝင်ခွင့်ရမည် ဖြစ်သည်။
ထို့အပြင် အားလုံးပါဝင်ရေးမူနှင့် မကိုက်ညီသဖြင့် လက်မှတ် မထိုးရသေးသည့် တိုင်းရင်းသား လက်နက်ကိုင်များ ရှိသည့် ပြည်နယ်များတွင်လည်း အမျိုးသား အဆင့် နိုင်ငံရေးဆွေးနွေးပွဲများ ကျင်းပနိုင်မည် မဟုတ်ဟု သိရသည်။
ထို့ကြောင့် DPN ကိုယ်စားလှယ်များနှင့် အစိုးရ၏ ငြိမ်းချမ်းရေး ကော်မရှင်သည် အမျိုးသားအဆင့် နိုင်ငံရေး ဆွေးနွေးပွဲများ မတိုင်ခင် NCA လက်မှတ်ထိုးနိုင်ရေး အတွက် ညှိနှိုင်းနေကြခြင်း ဖြစ်သည်။