အမျိုးသားလွှတ်တော် ဥက္ကဌဟောင်း ဦးခင်အောင်မြင့်က သူနှင့် လုပ်ဖော်ကိုင်ဖက် လွှတ်တော် ကိုယ်စား လှယ်ဟောင်းများနှင့် နိုဝင်ဘာလ ၇ ရက်နေ့က ရန်ကုန်မြို့တွင် တွေ့ဆုံခဲ့သည်ဟု သိရပြီး ထိုသို့တွေ့ဆုံခြင်းသည် လာမည့် ကြားဖြတ်ရွေး ကောက်ပွဲနှင့် သက်ဆိုင်ခြင်း မရှိကြောင်း တွေ့ဆုံပွဲသို့ တက်ရောက်ခဲ့သူ တဦးဖြစ်သည့် အမျိုးသား လွှတ်တော်ကိုယ်စား လှယ်ဟောင်း ဦးခင်ရွှေက ဧရာဝတီသို့ ပြောသည်။
ဖေဖော်ဝါရီလက ယခင်လွှတ်တော် အစည်းအဝေးများ အဆုံးသတ်ခဲ့ပြီး ၉ လအကြာတွင် ယခုအခါ ရမည်းသင်း မဲဆန္ဒနယ် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် အဖြစ်ရွေးကောက်ခြင်းခံထားရသည့် အမျိုးသား လွှတ်တော်ဥက္ကဌ ဟောင်း၊ ဦးခင်အောင်မြင့်က အမျိုးသား လွှတ်တော်ကိုယ်စားလှယ်ဟောင်းများ ဖြစ်ကြသည့် ဦးခင်ရွှေ၊ ဒေါ်ခင်ဝိုင်းကြည် (မဘသ ထောက်ခံသူအဖြစ် လူသိများသူ) နှင့် ဦးဖုန်းမြင့်အောင်တို့ကို ရန်ကုန်မြို့ရှိ Chatrium ဟိုတယ်တွင် နိုဝင်ဘာလ ၇ ရက်နေ့က တွေ့ဆုံခဲ့သည်။
တွေ့ဆုံမှုက ၁ နာရီခန့် ကြာမြင့်ခဲ့သည်ဟု သိရသည်။ တွေ့ဆုံမှု နှင့် ပတ်သက်၍ တသီးပုဂ္ဂလ လွှတ်တော် ကိုယ်စားလှယ် ဟောင်း ဦးဖုန်းမြင့်အောင်ကို ဧရာဝတီက မေးမြန်းသည့် အခါ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် အစိုးရလက်ထက် လက်ရှိ နိုင်ငံရေး အခြေအနေကို ဆွေးနွေးခဲ့ကြခြင်း ဖြစ်ကြောင်း အတိုချုပ် ဖြေကြားခဲ့သော်လည်း အသေးစိတ် အချက်အလက် များ ကို ပြောပြရန် ငြင်းဆန်ခဲ့ပါသည်။
ကြားဖြတ်ရွေးကောက်ပွဲကို လာမည့်နှစ် ဧပြီလ ၁ ရက်နေ့တွင် ကျင်းပရန် စီစဉ်ထားပြီး လွှတ်တော် ၃ ခုတွင် ကိုယ်စား လှယ်နေရာ ၁၉ နေရာ လစ်လပ်နေသည်။ “ကျနော် USDP က နုတ်ထွက်ခဲ့ပြီးပါပြီ ဒါကြောင့် ကျနော်တို့ လာမယ့် ရွေး ကောက်ပွဲမှာ ယှဉ်ပြိုင် ဖို့မဟုတ်ပါဘူး။ ဒါကြောင့် အခု တွေ့ဆုံတာက လက်ရှိနိုင်ငံရေး အခြေအနေကို ဆွေးနွေးဖို့ဖြစ် ပါတယ်” ဟု ဇေကမ္ဘာလုပ်ငန်းစု ဥက္ကဌ ဦးခင်ရွှေက ပြောသည်။
သို့သော်လည်း USDP တွင် ဦးခင်အောင်မြင့်၏ ပါဝင်ပတ်သက်မှုက ယခုနှစ် သြဂုတ်လအတွင်းတွင် သူ့ကို ပါတီ၏ နာယက အဖွဲ့ဝင်အဖြစ် ခန့်အပ်ခြင်းခံရအပြီး တိတ်ဆိတ်ငြိမ်သက်နေခဲ့သည်။
ဦးခင်အောင်မြင့် နေပြည်တော်မှနေ၍ ရန်ကုန်သို့ ရောက်လာသည့် အချိန်တွင် တွေ့ဆုံပွဲကို စီစဉ်ခဲ့ခြင်း ဖြစ်သည် ဟု လည်း ဦးခင်ရွှေက ထပ်ပြောသည်။“ကျနော်တို့ အားလုံးက အမျိုးသားလွှတ်တော်မှာ လုပ်ဖော်ကိုင်ဖက်ဟောင်းတွေပါ” ဟု သူကဆိုသည်။