ရက်သတ္တ ၄ ပတ် ကျော်မျှ အခက်အခဲဖြစ်နေခဲ့သည့် ရခိုင်ပြည်နယ်မြောက်ပိုင်းသို့ စားနပ်ရိက္ခာများ ပထမဆုံး အနေဖြင့် ပို့ဆောင်ရန် မြန်မာနိုင်ငံက ခွင့်ပြုပေတော့မည်ဟု ကုလသမဂ္ဂ လူသားချင်းစာနာ ထောက်ထားမှုဆိုင်ရာ အေဂျင်စီက နို ဝင်ဘာလ ၇ ရက်နေ့တွင် ကြေညာလိုက်သည်။ အဆိုပါဒေသတွင် မြန်မာ့တပ်မတော်က စစ်ဆင်ရေးများ ဆောင်ရွက်နေဆဲလည်း ဖြစ်သည်။
ကုလသမဂ္ဂ လူသားချင်းစာနာ ထောက်ထားမှုဆိုင်ရာ ညှိနှိုင်းရေးရုံး (OCHA) က ထုတ်ပြန်ခဲ့သည့် ကြေညာချက်တွင် ကမ္ဘာ့စားနပ် ရိက္ခာအစီအစဉ်က ကျေးရွာ ၄ ရွာသို့ အကူအညီများပေးပို့ရန် ခွင့်ပြုချက် ရရှိခဲ့ပြီ ဖြစ်သည်ဟု ဖော်ပြထား သည်။ သို့သော်လည်း အကူအညီပြတ်တောက်နေသူ သောင်းနှင့်ချီ၍ ရှိနေဆဲဖြစ်သည့် အဆိုပါ ဒေသသို့ အပြည့်အ၀ သွားရောက်ခွင့် ရရှိရေးကိုလည်း ထပ်မံ တောင်းဆိုခဲ့သည်။
“တိုက်ခိုက်မှုတွေ ပေါ်ပေါက်ခဲ့တဲ့ အောက်တိုဘာလ ၉ ရက်နေ့ နောက်ပိုင်းမှာ မောင်တောမြို့နယ်ကို လူသားချင်းစာနာ ထောက်ထားမှု ဆိုင်ရာ အကူအညီတွေ ပထမဆုံးအကြိမ်ပေးခွင့် ရတာဖြစ်ပါတယ်” ဟု အဆိုပါ ကြေညာချက်က ပြောသည်။
အောက်တိုဘာလ အစောပိုင်းက နယ်ခြားစောင့် ရဲတပ်ဖွဲ့ဝင် ၉ ဦး သေဆုံးခဲ့ရသည့် တိုက်ခိုက်မှုများ၏ တရားခံများကို ရှာဖွေ ရန်အတွက် လုံခြုံရေးတပ်ဖွဲ့များက မွတ်ဆလင်အများစု နေထိုင်ရာ အဆိုပါဒေသအတွင်း တပ်ဖြန့်ထားသည်။
နိုင်ငံခြားမှ အစ္စလမ်မစ် အဖွဲ့များနှင့် ဆက်သွယ်မှုရှိသည့် လူ ၄၀၀ ခန့် ရှိသော မွတ်ဆလင်အဖွဲ့ တခုက တိုက်ခိုက်မှုများကို စီစဉ် ကျူးလွန်ခဲ့ခြင်း ဖြစ်သည်ဟု အစိုးရက ယုံကြည်ထားသည်။
တိုက်ခိုက်သူဟု ယူဆရသူ အနည်းဆုံး ၃၃ ဦးနှင့် အစိုးရတပ်ဖွဲ့ဝင် စစ်သား ၅ ဦး စစ်ဆင်ရေးများအတွင်း သေဆုံးခဲ့ရပြီး ဖြစ်သည်။ နောက်ဆုံးအနေဖြင့် နိုဝင်ဘာလ ၃ ရက်နေ့က မော်တော်ဆိုင်ကယ်စီးလာသူများ၏ တိုက်ခိုက်မှုကြောင့် ရဲအဖွဲ့ဝင်တဦး ထပ်မံ သေဆုံးခဲ့ရသည်ဟု အစိုးရပိုင် မီဒီယာများ၏ အဆိုအရ သိရသည်။
မြန်မာ့တပ်မတော်က အဆိုပါဒေသကို စစ်ဆင်ရေးဇုန် အဖြစ်သတ်မှတ်ထားပြီး ဒေသခံများအတွက် အကူအညီ အထောက်အပံ့များ ပေးပို့ခြင်းကို ပိတ်ဆို့ထားသည်။ နိုင်ငံခြားစာနယ်ဇင်းသမားများ နှင့် လေ့လာစောင့်ကြည့်သူများ ဝင်ရောက်ခြင်းကိုလည်း တားမြစ်ထားသည်။
“ကုလသမဂ္ဂက ထိခိုက်ခဲ့ရတဲ့ ဒေသတွေကို အပြည့်အဝ ဝင်ရောက်ခွင့် ရရှိဖို့၊ လိုအပ်တဲ့ လူသားချင်း စာနာထောက်ထား မှုဆိုင်ရာ လိုအပ်ချက်တွေကို တုန့်ပြန်ဖို့နဲ့ ရှိပြီးသား လူသားချင်းစာနာ ထောက်ထားမှုဆိုင်ရာ ဆောင်ရွက်မှုတွေကို ပြန် လည် စတင်နိုင်ဖို့ ဆက်လက် ပြီးတော့ အလေးအနက် တောင်းဆို သွားမှာ ဖြစ်ပါတယ်” ဟု ကုလသမဂ္ဂ လူသားချင်းစာနာ ထောက်ထားမှုဆိုင်ရာ ညှိနှိုင်းရေးရုံး (OCHA) က ပြောသည်။
ရှိနှင့်ပြီးသည့် အကူအညီများကို ပြန်လည်စတင်ရန်နှင့် အသစ်တိုးလာသည့် အိုးမဲ့အိမ်မဲ့များအတွက် အကူအညီများ တိုးချဲ့ပေးရန် တာဝန်ရှိသူများက သဘောတူညီခဲ့ကြောင်း ပြီးခဲ့သည့် အပတ်အတွင်းက အဆိုပါ ဒေသသို့ သွားရောက် ခဲ့သော ကုလသမဂ္ဂ၊ အမေရိကန်နိုင်ငံ နှင့် ဗြိတိန်တို့မှ အဆင့် မြင့် သံတမန် ကိုယ်စားလှယ်အဖွဲ့က သတင်းထောက်များကို ပြောသည်။
ပြီးခဲ့သည့် ၄ ပတ်ကာလအတွင်းတွင် အစားအစာ၊ ငွေကြေးနှင့် အာဟာရ အကူအညီများ ပြတ်တောက်ခဲ့ရသူ ၁၅၀ ၀၀၀ ခန့် ရှိသည်ဟု အဆိုပါ ကျေညာချက်တွင် ဖော်ပြထားသည်။
ထိခိုက်ဆုံးရှုံးခဲ့ရသည့် ကျေးရွာ ၄ ရွာသို့ ကမ္ဘာ့စားနပ်ရိက္ခာ အစီအစဉ်(WFP) မှ သွားရောက်ခွင့် ရရှိခဲ့သည်ဟု ဖော်ပြ ထားသော်လည်း လူဦးရေ မည်မျှကို ကူညီနိုင်မည် ဆိုသည်ကို ဖော်ပြခြင်း မရှိပါ။
ကုလသမဂ္ဂ လူသားချင်းစာနာ ထောက်ထားမှုဆိုင်ရာ ညှိနှိုင်းရေးရုံး(OCHA)၏ မြန်မာနိုင်ငံရုံး အကြီးအကဲ Mark Cutts က “မောင်တောမှာ စားနပ်ရိက္ခာ အကူအညီတချို့ဆက်ပေးခွင့်ရမှာ ဖြစ်တဲ့အတွက် သတင်းကောင်းပါ။ ဒါပေမယ့် ထောင်နဲ့ ချီ တဲ့ အာဟာရမပြည့်ဝတဲ့ ကလေးငယ်တွေကတော့ ကူညီကုသမှုတွေကို စောင့်နေကြတုန်းပါပဲ” ဟု သူ၏ Twitter တွင် ရေးသားခဲ့သည်။
လက်ရှိ ပဋိပက္ခများ အပေါ်ပေါက်မီက မောင်တောဒေသမှ အသက် ၅ နှစ်အောက်ကလေးများ၏ ၁၉ ရာခိုင်နှုန်းက အာဟာရ မပြည့်ဝခြင်း နှင့် ရင်ဆိုင်နေရသည်ဟု မေလအတွင်းက ထုတ်ပြန်ခဲ့သည့် ကမ္ဘာ့စားနပ်ရိက္ခာ အစီအစဉ်(WFP) ၏ အစီရင်ခံစာ တစောင်တွင် ဖော်ပြထားသည်။