လာမည့် ၂၀၁၇-၁၈ ဘဏ္ဍာနှစ်မှစ၍ ပုဂ္ဂလိက လုပ်ငန်းများကို သစ်ခုတ်ခြင်း၊ သစ်ထုတ်လုပ်ခြင်းတို့ ခွင့်ပြုခြင်းကို လုံးဝ ရပ်ဆိုင်းရန် ဆုံးဖြတ်ကြောင်း မြန်မာ့သစ်လုပ်ငန်း၊ စီမံကိန်းနှင့် စာရင်းအင်းဌာန ဒုအထွေထွေ မန်နေဂျာ ဦးညီညီထွေးက ပြောသည်။
ယမန်နေ့ နေပြည်တော်ရှိ Royal ACE ဟိုတယ်တွင် ကျင်းပသည့် “မြန်မာ့ သစ်တော မူဝါဒဆိုင်ရာ ပြန်လည် သုံးသပ်သည့် ဆွေးနွေးပွဲ” ခတ္တ ရပ်နားစဉ် ဧရာဝတီ သတင်းဌာန၏ မေးမြန်းမှုကို ဦးညီညီထွေးက အထက်ပါအတိုင်း ပြန်လည် ဖြေလည် ဖြေကြားခဲ့ခြင်း ဖြစ်သည်။
“ပုဂ္ဂလိက သစ်ထုတ်လုပ်ခွင့်ကို မပေးတော့ပါဘူး။ ဒီနှစ်ကစပြီး ရပ်မှာပါ။ လာမယ့် ၁၇-၁၈ မှာ သစ်ထုတ်မယ်ဆိုပြီး လာလျှောက်သူတွေကိုလည်း မပေးတော့ပါဘူး” ဟု ၄င်းက ပြောသည်။
မြန်မာ့သစ်လုပ်ငန်းက ထုတ်လုပ်ရန် ခန့်မှန်းထားသည့် ကျွန်းတန်ချိန် ၁၅၀ဝ၀ နှင့် သစ်မာ တန်ချိန် ၃ သိန်းခွဲတို့အတွက် ထုတ်လုပ် နိုင်သည့်အင်အား အစိုးရတွင် လုံလောက်စွာ ရှိကြောင်း၊ အကယ်၍ ဆင်အင်အား မလုံလောက်ပါက ပုဂ္ဂလိကထံမှ ဆင်များကို ငှားရမ်း အသုံးပြုမည် ဖြစ်သော်လည်း ယခင်ကကဲ့သို့ ပုဂ္ဂလိကသို့ လုပ်ငန်းအပြတ် ငှားရမ်းခြင်းမျိုး လုံးဝ ပြုလုပ်တော့မည် မဟုတ်ကြောင်း မြန်မာ့ သစ်လုပ်ငန်းက ပြောသည်။
ပတ္တမြားနဂါး ကုမ္ပဏီမှ ဦးနေဝင်းထွန်းကမူ “ဌာနပေါင်းစုံ ပေါင်းစပ် ညှိနှိုင်းပြီးတော့ လုပ်ငန်းရှင်တွေကို လုပ်ပိုင်ခွင့် ပေးရမယ်” ဟု အထက်ပါ ဆွေးနွေးပွဲတွင် အကြံပြုပြောသည်။
သစ်တောကဏ္ဍ ဖွံ့ဖြိုးတိုးတက်နိုင်ရန် လုပ်ငန်းရှင်များနှင့် ပူးပေါင်း၍ မူဝါဒ ရေးဆွဲသင့်ပြီး သတ္တုတူးဖော်ရှာဖွေရေး လုပ်ငန်းများကိုလည်း သစ်တောကြိုးဝိုင်းများအတွင်း လုပ်ပိုင်ခွင့် ပေးသင့်ကြောင်း၊ ထိုမှသာ ယင်းနေရာများတွင် သတ္တုရှိ၊ မရှိ နိုင်ငံတော်အတွက်လည်း Data ရရှိမည် ဖြစ်ပြီး နိုင်ငံလည်း စက်မှု ဖွံဖြိုးလာမည်ဟု ဦးနေဝင်းထွန်းက ပြောသည်။
အစိုးရကမူ မြန်မာနိုင်ငံတွင် လျော့ကျလာသည့် သစ်တော ဖုန်းလွှမ်းမှု ဧရိယာကို ပြန်လည် မြင့်တင့်နိုင်ရေး ကြိုးပမ်းတော့မည်ဖြစ်ရာ ၆၁ ရာခိုင်နှုန်းအထိ သစ်တော ပြန်လည် ဖုန်းလွှမ်းနိုင်ရန် အစီအစဉ်များ ချမှတ်ရာတွင် ယခုအစီအစဉ်လည်း တခု အပါအဝင် ဖြစ်ကြောင်း သိရသည်။
ထို့ကြောင့် တနိုင်ငံလုံး သစ်ခုတ်ခြင်းကို နှစ် ၃၀ အစီအစဉ်ဖြင့် ပြုလုပ်မည်ဖြစ်ပြီး အကွက်ပေါင်း ၃၀ ချ၍ တနှစ်လျှင် တကွက် စတင် ခုတ်မည်ဖြစ်ကြောင်း၊ လာမည့်နှစ် စစ်ကိုင်းတိုင်းတွင် စတင်နိုင်ရန် ရှိသော်လည်း အတည်ပြုရန် လိုသေးကြောင်း ဦးညီညီထွေးက ပြောသည်။
မြန်မာ့ သစ်လုပ်ငန်းအနေဖြင့် ပုဂ္ဂလိက သစ်ထုတ်လုပ်မှုကို ရပ်ဆိုင်းမည်ဖြစ်သော်လည်း “စိုက်ပျိုးမြေ အပြောင်းရှင်း” လုပ်ငန်းများကိုမူ ရပ်ဆိုင်းနိုင်ခြင်း မရှိသဖြင့် သစ်ဆက်လက် ထုတ်နေခြင်းမျိုး ရှိနိုင်ကြောင်း၊ ယင်းလုပ်ငန်းမျိုးကို သစ်တောဌာနမှ လိုင်စင်ပေးခြင်း မဟုတ်သဖြင့် ယင်းလုပ်ငန်းများ ရပ်ဆိုင်းရေး လုပ်ပိုင်ခွင့် မရှိဟု သိရသည်။
“စိုက်ပျိုးမြေ အပြောင်းရှင်း” လုပ်ငန်းဆိုသည်မှာ စိုက်ပျိုးမြေများ လုပ်ကိုင်ရန်အတွက် ဟုဆိုကာ မြေပေါ်မြေအောက် သယံဇာတ အားလုံးကို သိမ်းကြုံးထုတ်ယူ၍ အကုန်ပြန်ရောင်းသည့် စနစ် ဖြစ်သည်။
“ကျနော်တို့ မြန်မာ့သစ်လုပ်ငန်းသည် သစ်တောရဲ့ ခွင့်ပြုချက်နဲ့ပဲ ထုတ်ပါတယ်။ ဒါပေမယ့် စိုက်ပျိုးမြေ အပြောင်ရှင်း လုပ်ငန်းကျတော့ တခြား ဌာနတခုကနေ ခွင့်ပြုပေးတာပါ။ ကျနော်တို့ ပေးတာ မဟုတ်ပါဘူး။ စိုက်ပျိုးမြေ အပြောင်ရှင်းကနေ ထွက်လာတဲ့သစ်ကို သူတို့က ရောင်းချင်တယ်။ ရောင်းချင်တဲ့အခါ သစ်ရောင်းပိုင်ခွင့် ရှိတဲ့ဌာနသည် မြန်မာ့သစ်လုပ်ငန်းပဲ ဖြစ်တဲ့အတွက်ကြောင့် မြန်မာ့သစ်လုပ်ငန်း ကတဆင့် ရောင်းရတယ် ဆိုတာမျိုးပဲ ရှိခဲ့ပါတယ်” ဟု ဦးညီညီထွေးက ပြောသည်။
ကချင်ပြည်နယ်နှင့် စစ်ကိုင်းတိုင်း အထက်ပိုင်းရှိ သစ်တောများစွာ ဆုံးရှုံးခဲ့ရခြင်းမှာ ယင်း “စိုက်ပျိုးမြေ အပြောင်ရှင်း စနစ်” ကြောင့် ဖြစ်ကြောင်း ဧရာဝတီက စုံးစမ်းသိရပြီး ဟုတ်မှန်ကြောင်း မြန်မာ့သစ်လုပ်ငန်းက အတည်ပြုပေးခဲ့သည်။
ထို့ကြောင့် လာမည့်နှစ်တွင် စိုက်ပျိုးမြေ အပြောင်ရှင်းစနစ် ရှိနိုင်သေးလားဟု ဧရာဝတီကမေးရာ “ဒါကတော့ ပြောလို့ မရဘူး။ ကျနော်လည်း မသိနိုင်ဘူး” ဟု ဦးညီညီထွေးက ပြောသော်လည်း ယင်းစနစ်ကို ခွင့်ပြုသည့် ဌာနကိုလည်း ထုတ်ဖော် ပြောကြားခြင်း မရှိပါ။
“အဲဒီ စိုက်ပျိုးမြေ လုပ်ပိုင်ခွင့် ရတဲ့သူတွေက သူတို့စိုက်ပျိုးမြေ အလို့ငှာ အပြောင်ရှင်းရင်းနဲ့ ထွက်လာတဲ့ သစ်တွေကို ရောင်းချင်တဲ့အခါမှာ ကျနော်တို့က တရားဝင် ရောင်းခွင့်ရှိတဲ့ အဖွဲ့အစည်း တခုအနေနဲ့ ဆောင်ရွက်ပေးရတဲ့ အနေအထားပါ။ အခုလက်ရှိမှာ သစ်ထုတ်နေတယ် ဆိုတာလည်း ဒီသဘောပဲ။ အခု သစ်ထုတ်နေတာက စိုက်ပျိုးရေး အပြောင်ရှင်းကနေ ရတဲ့စနစ်ကနေ ဆွဲစုနေတဲ့ သစ်တွေလည်း ဖြစ်ပါလိမ့်မယ်” ဟု ဦးညီညီထွေးက ပြောသည်။
ယခင်က သစ်ထုတ်လုပ်ခြင်းကို တိုင်းပြည်၏ လိုအပ်ချက်အရ ထုတ်လုပ်နိုင်သည့် ပမဏထက် ၅ ဆခန့် ပိုမို ထုတ်လုပ် ပေးခဲ့ရသည်ဟု မြန်မာ့သစ်လုပ်ငန်းမှ သိရသည်။