နိုင်ငံရေးဆိုင်ရာ ညှိနှိုင်းဆွေးနွေးရေး အဖွဲ့(DPN)က ၎င်းတို့အနေဖြင့် တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘော တူညီမှု စာချုပ် (NCA) ကို လက်မှတ်ထိုးရန် ကြန့်ကြာနေခြင်းသည် တိုင်းရင်းသား လက်နက်ကိုင် အစုအဖွဲ့ အားလုံး ပါဝင်နိုင်ရေးအတွက် အစိုးရနှင့် အကျေအလည် ညှိနှိုင်းနေရခြင်းကြောင့် ဖြစ်သည်ဟု ယနေ့ ပြောဆိုလိုက် သည်။
DPN အဖွဲ့ခေါင်းဆောင် ခူဦးရယ်က ၎င်းတို့ DPN နှင့် အစိုးရ၏ ငြိမ်းချမ်းရေးကော်မရှင်တို့ကြား NCA လက်မှတ်ထိုးနိုင် ရေးအတွက် ရန်ကုန်မြို့ ရွှေလီလမ်းရှိ မြန်မာနိုင်ငံ ငြိမ်းချမ်းရေး ပြန်လည်ထူထောင်ရေးနှင့် လုပ်ငန်းဗဟိုဌာန (NRPC) ၌ ဆွေးနွေးမှုများ ပြုလုပ်ပြီးနောက် သတင်း မီဒီယာများနှင့် တွေ့ဆုံရာတွင် ထိုသို့ ပြောဆိုလိုက်ခြင်း ဖြစ်သည်။
ခူဦးရယ်က “အားလုံးပါလာနိုင်မယ့် လမ်းကြောင်းကို အဆင့်လိုက် ကျနော်တို့ သွားလို့ရမယ်ဆိုရင် ဘယ်လို သွားကြ မလဲ။ တကြိမ်တည်း တပြေးညီ သွားလု့ိ ရတယ်ဆိုရင်လည်း ကျနော်တို့ ဘယ်လို သွားကြမလဲ ဆိုတာကို ကျနော်တို့ အကျေအလည် ဆွေးနွေးညှိနှိုင်းနေတာပဲ ဖြစ်ပါတယ်။ ဒါ့ကြောင့် အချိန် ကြန့်ကြာနေတာပဲ ဖြစ်ပါတယ်”ဟု ပြော သည်။
DPN အနေဖြင့် NCA လက်မှတ်ထိုးနိုင်ရေးအတွက် အစိုးရနှင့် ညှိနှိုင်းနေသော်လည်း ကချင်ပြည်နယ် နှင့် ရှမ်း ပြည် နယ် မြောက်ပိုင်းတို့တွင် တပ်မတော်နှင့် တိုက်ပွဲပြန်လည်ဖြစ်ပွားနေခြင်း၊ စစ်ရေးတင်းမာ နေခြင်းတို့ကလည်း ညှိနှိုင်းမှု အတွက် အခက်အခဲတခုဖြစ်ကြောင်း၊ တိုက်ပွဲကိစ္စရပ်များကို ငြိမ်းချမ်းရေး ကော်မရှင်ထံ အောက်တိုဘာလ ကတည်း က ပြောဆိုထားသော်လည်း ပြေလည်နိုင်သည့် အကြောင်း တစုံတရာ မရရှိခဲ့ကြောင်း သိရသည်။
ခူဦးရယ်က“ကျနော်တို့ဘက်က NCA လက်မှတ်ထိုးနိုင်ဖို့အတွက် အထူးသဖြင့် အခက်အခဲဖြစ်တာက ပြဿနာ အဝိုင်း အဝန်းထဲမှာ ပါဝင်ပတ်သက်နေတဲ့ အစုအဖွဲ့တွေအားလုံး မပါလာနိုင်သေးတဲ့ အခက်အခဲက ကျနော်တို့အတွက် အဓိက ကျပါတယ်။ အားလုံးပါဝင်မှပဲ တစုံလုံးပြဿနာကို ချုပ်ငြိမ်းမယ်လို့ ခံယူပါ တယ်”ဟုလည်း ပြောသည်။
DPN သည် နိုဝင်ဘာ ၉ ရက်ကလည်း အစိုးရ၏ငြိမ်းချမ်းရေး ကော်မရှင်၊ အစိုးရနှင့် NCA ထိုးထားသည့် တိုင်းရင်းသား လက်နက်ကိုင် ၈ဖွဲ့တို့ကြား ဖွဲ့ထားသည့် ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ ပူးတွဲ စောင့် ကြည့်ရေးကော်မတီ (JMC) တို့နှင့် တွေ့ဆုံကာ JMC ၏ လုပ်ငန်းဆောင်တာများ၊ အပစ်ရပ်ပြီးနောက် နှစ်ဖက် တပ်ဖွဲ့ဝင်များ လိုက်နာရမည့် တပ်ပိုင်း ဆိုင်ရာ ကျင့်ဝတ်များ (COC) ကိုလည်း မေးမြန်းခဲ့သည်။
DPN က အစိုးရနှင့် NCA ချုပ်ဆိုပြီးပါကလည်း တိုက်ပွဲများ ပြန်ဖြစ်မည်ကို စိုးရိမ်သဖြင့် JMC လုပ်ငန်း ဆောင်တာများ၊ တပ်ပိုင်းဆိုင်ရာ ကျင့်ဝတ်များ (COC) နှင့် အပစ်ရပ်ဆိုင်ရာ လုပ်ငန်းလမ်းညွှန်များ (TOR) များကို ကြိုတင် သဘော တူညီမှု ရယူနိုင်ရန်လည်း အစိုးရနှင့် ညှိနှိုင်းလျက်ရှိသည်ဟု ငြိမ်းချမ်းရေး ကော်မရှင်ထံမှ သိရသည်။
ငြိမ်းချမ်းရေးကော်မရှင်မှ ပြောရေးဆိုခွင့်ရှိသူ ဦးလှမောင်ရွှေက “DPN ဘက်က အဆိုပြုတဲ့ ပစ်ခတ် တိုက်ခိုက်မှု ရပ်စဲပြီးတဲ့နောက် ခိုင်ခိုင်မာမာနဲ့ ပဋိပက္ခတွေ မရှိသလောက် ဖြစ်အောင်လုပ်ဖို့ ဆွေးနွေးတာတွေ ရှိပါတယ်။ နှစ်ဖက်လုံး ပြင်ဆင်ဖို့ လိုတဲ့အတွက် နိုဝင်ဘာလ ထဲမှာပဲ ပြန်တွေ့ဆုံပါမယ်”ဟု ပြောသည်။
DPN အဖွဲ့ဝင်များသည် သမ္မတဟောင်း ဦးသိန်းစိန်လက်ထက်မှစ၍ NCA စာချုပ် စတင်ရေးဆွဲစဉ်ကပင် ပါဝင်ခဲ့သော် လည်း ၂၀၁၅ ခုနှစ် အောက်တိုဘာလ ၁၅ ရက်တွင် ပါဝင်လက်မှတ် မထိုးနိုင်ခဲ့သည်မှာ အစိုးရက မြောက်ပိုင်း မဟာမိတ် ၃ ဖွဲ့ဖြစ်သည့် ပလောင်(တအာင်း) အမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNLA) ၊ မြန်မာ အမျိုးသား ဒီမိုကရေစီ မဟာမိတ် တပ်မတော် (MNDAA)နှင့် ရက္ခိုင့်တပ်မတော် (AA) တို့ကို လက်နက်ချမှ ငြိမ်းချမ်းရေး လုပ်ငန်း စဉ်တွင် ပါဝင်ရမည်ဟု ဆိုကာ ချန်လှပ်ထားခြင်းကြောင့်လည်း ဖြစ်သည်။
TNLA မှ ဗိုလ်မှူးချုပ် တားဂျုတ်ဂျာက “UNFC နဲ့ ကျနော်တို့ အဆက်သွယ် မရှိသလောက်ဖြစ်နေတယ်။ သူတို့လည်း အားလုံး ပါဝင်ရေးကိုတော့ ကိုင်ထားတာပေါ့။ တပ်ကလည်း ကချင်ဘက်ရော ကျနော်တို့ ဘက်ရော တက်ထိုးနေ တယ်။ ဒေါက်တာ တင်မျိုးဝင်းတို့က ငြိမ်းချမ်းရေးအတွက် ကျနော်တို့ကို ဘာမှ ဆက်သွယ်မှု မလုပ်ဘူး”ဟု ပြောသည်။
ဆက်လက်ပြီး ၎င်းတို့ မဟာမိတ် ၃ဖွဲ့ကို အစိုးရဘက်မှ ငြိမ်းချမ်းရေး ဆွေးနွေးရန် ထပ်မံကမ်းလှမ်းလာခြင်း မရှိသေး ကြောင်း၊ ၎င်းတို့က ငြိမ်းချမ်းရေးဆွေးနွေးရန် အဆင်သင့်ရှိနေကြောင်း၊ ရှမ်းပြည်နယ်မြောက်ပိုင်း၊ နမ့်ဆမ်မြို့နယ် အတွင်း တပ်မတော်နှင့် TNLA မှာ တိုက်ပွဲများ ၂ရက်ခြား တခါခန့် ဖြစ်ပွားနေကြောင်းလည်း ဧရာဝတီကို ပြောသည်။
အစိုးရနှင့် ငြိမ်းချမ်းရေး ဆွေးနွေးနေမှုသည် ၅ နှစ်ကျော် ကြာမြင့်လာပြီဖြစ်သဖြင့် ပြည်သူများ အနေဖြင့် နားလည် ပေး စေလိုကြောင်း၊ ပြည်သူများ ခံစားနေရသည့်အတိုင်း ဆွေးနွေးနေသည့် တိုင်းရင်းသား ခေါင်းဆောင်များသည်လည်း ခံစားနေရခြင်းဖြစ်ကြောင်း၊ ထို့အပြင် အပစ်ရပ်ရေးနှင့် အပစ်ရပ်စာချုပ် ချုပ်ပြီးနောက် အပစ်ရပ် လုပ်ငန်းစဉ်များကို ခိုင်မာစေလိုခြင်းကြောင့် ညှိနှိုင်းနေခြင်းကို နားလည်ပေးရန် မေတ္တာရပ်ခံလိုကြောင်း ခူဦးရယ်က ပြောဆိုသည်။
DPN က ရန်ကုန်မြို့သို့ လာရောက်ပြီး ငြိမ်းချမ်းရေးကော်မရှင်နှင့် လာရောက်တွေ့ဆုံသည့် အဓိက ကိစ္စရပ်သည် NCA လက်မှတ် ထိုးနိုင်ရေးအတွက် ၎င်းတို့ အဆိုပြုထားသည့် အချက် ၉ ချက်ကိုလည်း ဆွေးနွေးကြရန် ဖြစ်သည်။
အဆိုပါ အချက် ၉ချက်တွင် တနိုင်ငံလုံးအပစ်ရပ်ကို နှစ်ဦးနှစ်ဖက်ကြေညာရေး၊ ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု နိုင်ငံ တည်ဆောက်ရေး၊ ပစ်ရပ်လက်မှတ်မထိုးမီ အပစ်အခတ်ရပ်စဲရေးဆိုင်ရာ စည်းမျဉ်း စည်းကမ်းများ ၊ တပ်ပိုင်း ဆိုင်ရာ ကျင့်ဝတ် (COC) နှင့် စောင့်ကြည့်ရေး လုပ်ငန်း လမ်းညွှန် (TOR) ၊ တပ်နေရာ ပြန်လည် ချထားရေး ကိစ္စ ရပ်များ ကြိုတင် သဘောတူရေး၊ နိုင်ငံရေးဆွေးနွေးပွဲ ကိုယ်စားလှယ် သတ်မှတ်ရေး၊ အပစ်ရပ်လုပ်ငန်းစဉ်ကို စောင့်ကြည့်ရန် နိုင်ငံတကာမှ ကိုယ်စားလှယ်များ ပါဝင်သည့် ကော်မတီဖွဲ့ရေးဟူသည့် အချက်များ ပါဝင်သည်။
ထို့အပြင် တိုင်းရင်းသား ဒေသများတွင် ဒေသခံပြည်သူများကို ထိခိုက်နိုင်မည့် စီမံကိန်းများ ပြုလုပ်မည်ဆိုပါက သဘာဝ သယံဇာတများ ၊ ပွင့်လင်းမြင်သာမှု ဖော်ဆောင်ရေးအဖွဲ့ (Extractive Industries Transparency Initiative – EITI) ၏ လုပ်ထုံးလုပ်နည်းများအတိုင်း ဒေသခံပြည်သူများ၊ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်း များ နှင့် ညှိနှိုင်းပြီးမှ ဆောင်ရွက်ရေးဟူသည့် အချက်လည်း ပါရှိသည်။
အဆိုပါ အချက်များသည် ညှိနှိုင်းနေဆဲဖြစ်ပြီး မပြီးပြတ်သေးသဖြင့် နိုဝင်ဘာလအတွင်း အစိုးရ၏ ငြိမ်းချမ်းရေး ကော်မရှင်နှင့် DPN တို့ကြား ပြန်လည်ချိန်းဆိုပြီး ထပ်မံ ညှိနှိုင်းသွားမည်ဟု သိရသည်။
DPN သည် ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ်ကောင်စီ (UNFC) ၏ နိုင်ငံရေးဆိုင်ရာ ညှိနှိုင်း ဆွေးနွေး ရေးအဖွဲ့ ဖြစ်ပြီး NCA လက်မှတ် မထိုးရသေးသည့် ကချင် လွတ်လပ်ရေး တပ်မတော် (KIA) ၊ မွန် ပြည်သစ်ပါတီ (NMSP) ၊ ရှမ်းပြည် တိုးတတ်ရေး ပါတီ-ရှမ်းပြည် တပ်မတော် မြောက်ပိုင်း (SSPP/SSA) ၊ ကရင်နီ အမျိုးသား တိုးတက် ရေး ပါတီ (KNPP) ၊ ‘ဝ’အမျိုးသား ပါတီ (WNO) ၊ ရခိုင်ပြည် အမျိုးသား ကောင်စီ (ANC) နှင့် လားဟူ အမျိုးသား ဒီမိုကရက်တစ် ပါတီ (LDU)တို့၏ ကိုယ်စားလှယ်များ ဖြင့် ပါဝင်ဖွဲ့စည်းထားသည်။