သတင်း

အာဏာလွှဲပြောင်းရေး ဒေါ်နယ်ထရန့်နှင့် အိုဘားမား တွေ့ဆုံ

Want create site? Find Free WordPress Themes and plugins.

အမေရိကန်သမ္မတအဖြစ် အရွေးခံရသူ ဒေါ်နယ်ထရန့်နှင့် သမ္မတအိုဘားမားတို့သည် ကြာသပတေးနေ့က ပထအဆုံးအကြိမ်တွေ့ဆုံပြီး ပူးပေါင်းဆောင်ရွက်ကြရန် ကတိပြုလိုက်ကြသဖြင့် ဇန်နဝါရီလ ၂၀ ရက်နေ့ သမ္မတကျမ်းသစ္စာဆိုပွဲမတိုင်မီ ရှေ့လာမည့် ၁၀ ပတ်အတွင်း ဖြစ်ပေါ်လာမည့် အပြောင်းအလဲလေပွေလှိုင်း စတင်ပြီဖြစ်သည်။

ရွေးကောက်ပွဲပြီးလျှင်ပြီးခြင်း ဤနိုင်ငံရေးသမားနှစ်ဦးကြား တင်းမာမှုများ မပျောက်ကွယ်သေးသည့်လက္ခဏာမှာ အိမ်ဖြူတော်သည် အစဉ်အလာအတိုင်းပြုလုပ်သော လက်ရှိသမ္မတဇနီးမောင်နှံနှင့် သမ္မတသစ်ဇနီးမောင်နှံတို့ ယှဉ်တွဲဓာတ်ပုံရိုက်ခံခြင်းကို စီစဉ်မထားခြင်းဖြစ်သည်။ ထိုအစဉ်အလာကို ၂၀၀၈ ခုနှစ်တွင် အိုဘာမားဇနီးမောင်နှံတို့ အိမ်ဖြူတော်သို့သွားရောက်သောအခါ ဂျော့ဒဗယူ ဘုရှ်နှင့် သူ၏ဇနီး လော်ရာတို့က လိုက်နာခဲ့ကြသည်။ မယ်လာနီယာထရန့် က မစ်ချယ်အိုဘားမားနှင့် သီးခြားစီတွေ့ဆုံသည်။

သို့တိုင် ထရန့်က အိုဘားမားနှင့် ယခု အနီးကပ် အလုပ်လုပ်ရန်နှင့် အနာဂတ်တွင် တိုင်းပြည်ကို ဦးဆောင်ရာ၌ အကြံဉာဏ် တောင်းခံမည်ဟု သတင်းထောက်များကို ပြောသည်။

“ကျနော်တို့အ ခြေအနေမျိုးစုံကို ဆွေးနွေးကြတယ်။ တချို့က ကောင်းမွန်တဲ့အခြေအနေတွေဖြစ်ပြီး တချို့ကတော့ အခက်အခဲတွေပေါ့” ဟု ထရမ့်က ပြောသည်။

“သမ္မတကြီးနဲ့ တွေဆုံခွင့်ရတာ ဂုဏ်ယူပါတယ်။ အနာဂါတ်မှာ အကြိမ်များစွာ ထပ်မံတွေ့ဆုံလိုပါတယ်” ဟု သူဆက်ပြောပြီး အိုဘားမားကို “တကယ့် လူကောင်း”ဟု ခေါ်သည်။

အိုဘားမားကလည်း အမေရိကန်နိုင်ငံ ရင်ဆိုင်နေရသောပြဿနာများနှင့် ပတ်သက်၍ သူ၏ အဖွဲ့နှင့်အတူ လုပ်ဆောင်ရန် သမ္မတရွေးကောက်ခံရသူ ထရန့်၏ စိတ်ဝင်စားမှုကြောင့် အားတက်မိကြောင်းပြောသည်။

” ပါတီနဲ့နိုင်ငံရေး အကြိုက်ကွဲပြားစေကာမူ ကျနော်တို့ ရင်ဆိုင်နေရတဲ့ပြဿနာတွေကို ဖြေရှင်းဖို့ အခုချိန်မှာ အတူစုံစည်း၊ အတူလုပ်ဖို့ဟာ ကျနော်တို့အားလုံးအတွက်အ ရေးကြီးတယ်လို့ ကျနော်ယုံကြည်ပါတယ်” ဟု အိုဘားမားက ပြောသည်။

ထိုနောက် ထရန့်နှင့် ဇနီးတို့သည် ဒုတိယသမ္မတအဖြစ် အရွေးခံရသူ မိုက်ပန့်စ်နှင့်အတူ အောက်လွှတ်တော်အကြီးအကဲ ပေါလ်ဒီရိုင်ယန်နှင့် လွှတ်တော်အဆောက်အအုံတွင် တွေ့ဆုံကာ အိုဘားမားနှင့် ဒီမိုကရက်များက ဆန့်ကျင်သော ရီပတ်ဗလစ်ကန် ရည်မှန်းချက်များအတွက် ပူးပေါင်းဆောင်ရွက်ကြမည်ဟု ပြောသည်။

“ကျနော်တို့ အခွန်တွေ လျှော့ချရမယ်။ ကျန်းမာရေးစောင့်ရှောက်မှုစနစ်ကို ပြင်ပြီး ပိုကောင်းအောင်၊ လူတွေ ပိုပြီးတတ်နိုင်တဲ့ အနေအထားဖြစ်အောင် လုပ်မယ်” ဟု ထရန့်က ရိုင်ယန်နှင့့်အတူ ထိုင်ကာ သတင်းထောက်များကို ပြောသည်။ ရိုင်ယန်နှင့် ထရမ့်တို့ ဆက်ဆံရေးမှာ မနွေးထွေးလှသော်လည်း ရီပတ်ဘလီကန်ပါတီ အကျိုးရှေးရှုလုပ်ဆောင်ရန် အပေးအယူများ လုပ်ကြဖွယ် ရှိသည်။

ထိပ်တန်းဝင်ငွေရသူများ အကြီးအကျယ် အကျိုးဖြစ်နေသည့်အခွန်စနစ်ကို ပြောင်းလဲရန်နှင့် အိုဘားမား၏ ပြည်တွင်းကျန်းမာရေးစောင့်ရှောက်မှု အက်ဥပဒေ Affordable Care Act ဖျက်သိမ်းရန် ရီပတ်ဗလစ်ကန်ပါတီ၏ ရည်မှန်းချက်များကို ရည်ရွယ်ပြောနေပုံရသည်။

ထို့နောက် ထရန့်သည် ကင်တပ်ကီပြည်နယ် ကိုယ်စားပြု ရီပတ်ဘလီကန် အထက်လွှတ်တော်အမတ် အထက်လွှတ်တော် လူများစုခေါင်ဆောင် မစ်ချ်မက်ကွန်နဲလ်နှင့် သူ၏ရုံးခန်းသို့ သွားရောက်ဆွေးနွေးသည်။

ရိုင်ယန်က ထရန့်ကို အောက်လွှတ်တော် အကြီးအကဲ၏ လသာဆောင်သို့ ခေါ်သွားပြီး ဝါရှင်တန်၏ မိုးကုပ်စက်ဝိုင်းနှင့် လွှတ်တော်အဆောက်အအုံနောက်ဘက်ရှိ အထိမ်းအမှတ်အဆောက်အအုံများကို လက်ဟန်ခြေဟန်ဖြင့် ပြသည်။ လွှတ်တော်ကွင်းပြင်တွင် တည်ဆောက်နေသော သမ္မတရာထူးလက်ခံပွဲ စင်မြင့်ကို လက်ညှိုးထိုးပြပြီး ထရန့်သမ္မတရာထူးလက်ခံ ကျမ်းသစ္စာ ကျိန်ဆိုရမည့်နေရာကိုလည်း ပြသည်။

အောက်တိုဘာလကုန်က ထရန့်သည် သူ၏ သမ္မတသက်တမ်း ပထမရက် ၁၀၀ စီမံချက်ကို ထုတ်ပြန်ခဲ့သည်။

ထိုစီမံချက်သည် နယ်ပယ် ၃ ခုကိုအာရုံစိုက်သည်။ ကွန်ကရက်ကိုယ်စားလှယ်များ သက်တမ်းကို ကန့်သတ်ရေးအပါအဝင် ဝါရှင်တန်ကို ရှင်းလင်းရေး၊ အမေရိကန်အလုပ်သမားများကို အကာအကွယ်ပေးရေးနှင့် တရားဥပဒေစိုးမိုးမှု ပြန်လည်ထူထောင်ရေးတို့ဖြစ်သည်။ အိုဘားမား ကျန်းမာရေးစောင့်ရှောက်မှုကို ဖျက်သိမ်းရန်၊ အမေရိကန် တောင်ပိုင်း မက္ကဆီကို နယ်စပ်တွင် တံတိုင်းတည်ဆောက်ရန် ရန်ပုံငွေ ရှာရန်၊ အခြေခံအဆောက်အအုံ ရင်းနှီးမြှုပ်နှံမှုမြှင့်တင်ရန်၊ စစ်စခန်းများပြန်လည်နေရာချရန်၊ ကျောင်းရွေးချယ်မှုမြှင့်တင်ရန်တို့ အပါအဝင် ဥပဒေ ၁၀ ခုကို ပြဌာန်းရန်တို့ ဖြစ်သည်။

သို့သော် ထရန့်၏ မူဝါဒများကို အများအားဖြင့် ရီပတ်ဗလစ်ကန် အမာခံများက ရေးဆွဲပေးပုံရသည်။ ရွေးကောက်ပွဲတလျှောက် သူ၏ မူဝါဒရေးရာအနေအထားမှာ သမားရိုးကျမဲဆွယ်ပွဲများထက် အားပျော့ပုံရပြီး သူသည် တခုနှင့်တခု ဆန့်ကျင်ဖက်ဖြစ်နေသောပြောဆိုမှုများလည်း မကြာခဏပြုလုပ်ကာ ဝေဖန်မှုများကြား သူ၏ ကြေညာထားသော မူဝါဒပန်းတိုင်များကို အတိုးအလျှော့ပြုလုပ်ဖွယ် ရှိသည်။

တချိန်တည်းတွင် ကြာသာပတေးနေ့က မက္ကစီကို ပီဆိုငွေမှာ တန်ဖိုး ထပ်မံကျဆင်းပြီး နှစ်ပေါင်း ၂၀ အတွင်း အဆိုးရွားဆုံး ၂ ရက်ကြာ ထိုးစိုက်ကျဆင်းမှုကို ရင်ဆိုင်နေရသည်။သမ္မတအဖြစ် အရွေးခံရသူ ဒေါ်နယ်ထရန့်၏ လွတ်လပ်သော ကုန်သွယ်မှု ဆန့်ကျင်ရေး စကားများကြောင့် ပို့ကုန် ထိခိုက်မည်ကို စိုးရိမ်ပြီး ငွေချေးစာချုပ်နှင့် စတော့များ ၅ နှစ်အတွင်း အဆိုးရွားဆုံးနေ့တနေ့ကို ရင်ဆိုင်ခဲ့ရသည်။

မဲဆွယ်ပွဲအတွင်း ထရန့်သည် မြောက်အမေရိက လွတ်လပ်သော ကုန်သွယ်ရေး သဘောတူစာချုပ် North American Free Trade Agreement (NAFTA) ကို ပြန်ရေးမည် သို့မဟုတ်ဖျက်သိမ်းမည်ဟု ပြောခဲ့သည်။ ထိုစာချုပ်သည် အမေရိကန်ပြည်ထောင်စုသို့ မက္ကစီကို၏ စက်ရုံထုတ် ပို့ကုန်များကို ၁၉၉၄ မှစ၍ ၆ ဆ တနှစ်လျှင် ဒေါ်လာ ၃၁၆ ဘီလီယမ်သို့ မြှင်တင်ပေးနိုင်ခဲ့သည်။

Did you find apk for android? You can find new Free Android Games and apps.
Loading