သတင်း

ကြားဖြတ် ရွေးကောက်ပွဲ အနိုင်ရရှိရန် ပြင်ဆင်နေဟု ကြံ့ခိုင်ရေး ပါတီ ပြော

ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ(ကြံ့ခိုင်ရေး ပါတီ) သည် လာမည့် ၂၀၁၇ ခုနှစ်တွင် ကျင်းပမည့် ကြားဖြတ် ရွေးကောက်ပွဲတွင် လစ်လပ်မဲဆန္ဒနယ် အားလုံး ဝင်ရောက်ယှဉ်ပြိုင် အနိုင်ရရှိရန် ပြင်ဆင်နေကြောင်း ပါတီ၏ ပြောရေး ဆိုခွင့်ရှိသူ ဦးခင်ရီက ဧရာဝတီသို့ ပြောသည်။

“ဆန္ဒကတော့ အကုန်နိုင်ချင်တာပေါ့။ နိုင်ငံရေးပါတီ တခုအနေနဲ့ နိုင်ချင်တယ်။ ကျနော်တို့ ကြိုးစားနေတယ်။ ကြိုးစားပြီး လုပ်ပါ့မယ်။ နိုင်ငံတာဝန်တွေ အတွက် ကြိုးစားပြီး လုပ်ပါ့မယ်”ဟု ဦးခင်ရီက တယ်လီဖုန်းမှတဆင့် ပြောသည်။

ထို့ကြောင့် ကြားဖြတ်ရွေးကောက်ပွဲ ဝင်မည့် ကိုယ်စားလှယ်လောင်းများကိုလည်း ကျား၊ မ အချိုးအစား မျှတရန်၊ လူငယ် များ ပါဝင်ရန် ကိုယ်စားလှယ် ရွေးချယ်ရေးစနစ်ဖြင့် လုပ်ဆောင်နေပြီး အောက်ခြေ ပြည်သူလူထုနှင့် အဆင်ပြေ၍ ပြည်သူ ၏ ကိုယ်စားပြုမှု ရရှိသူမျိုးကို စတင် ရွေးချယ်နေကြောင်း သိရသည်။

ဦးခင်ရီက “အခု ကိုယ်စားလှယ် ရွေးချယ်မယ့် စနစ်က အောက်ခြေကနေ ထောက်ခံ အတည်ပြုတဲ့ သူတွေကို ရွေးချယ် အတည်ပြုမယ်ဆိုတဲ့ စနစ်ကို ပြောင်းထားတာ။ အခု အောက်ခြေမှာ လူတွေ ရွေးနေကြတုန်း။ တက်မလာသေးဘူး”ဟု ပြောသည်။

ကြံ့ခိုင်ရေးပါတီ၏ ကိုယ်စားလှယ်လောင်းများသည် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေက သတ်မှတ်ထားသည့် ရွေးကောက်ပွဲ ဆိုင်ရာ အရည်အချင်းများနှင့် ပြည့်စုံသူ၊ ရွေးကောက်ပွဲ ကော်မရှင်က ထုတ်ပြန်ထားသည့် စည်းကမ်းချက်များနှင့် ကိုက်ညီ သူ နှင့် ကြံ့ခိုင်ရေး ပါတီက ချမှတ်ထားသည့် မူဝါဒများနှင့် ကိုက်ညီသူ ဖြစ်ရန် လိုအပ်ကြောင်း သိရသည်။

“ကျနော်တို့ ပါတီက ချမှတ်ထားတဲ့ အကျင့်စာရိတ္တ ကောင်းရမယ်တို့ ကိုယ်တိုင်ဆန္ဒပြုရမယ်တို့ ဒါတွေပါတာပေါ့”ဟု ဦးခင်ရီ က ပြောဆိုသည်။

ကြားဖြတ် ရွေးကောက်ပွဲတွင် ကြံ့ခိုင်ရေးပါတီ အနေဖြင့် မည်မျှ ကြိုးစားစေကာမူ ပြည်သူလူထုက ဒေါ်အောင်ဆန်းစုကြည် ၏ ပုံရိပ်ဖြင့် လက်ရှိ အာဏာရ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်(NLD) ပါတီကိုသာ မဲထည့်ကြလိမ့်မည် ဖြစ်ကြောင်း၊ ပါတီ ကို မကြည့်ဘဲ လူကို ကြည့်၍ မဲထည့်လိမ့်မည် မထင်ကြောင်း နိုင်ငံရေး လေ့လာသုံးသပ်သူ တဦး ဖြစ်သည့် ဦးရဲထွန်းက ဧရာဝတီသို့ ပြောသည်။

“NLD ပဲ အများစု နိုင်လိမ့်မယ်။ USDP က နိုင်ရင်တောင် တနေရာ၊ နှစ်နေရာထက် ပိုမရနိုင်ဘူး။ ဘာကြောင့်လဲဆိုတော့ အရင်ခေတ် တလျှောက်လုံး အာဏာရလာရင် ကိုယ်ကျိုးစီးပွား ရှာတဲ့ လမ်းကြောင်းကို အခု NLD က လူတွေက မလုပ် ဘူး”ဟုလည်း ဦးရဲထွန်းက ပြောဆိုသည်။

ကြားဖြတ် ရွေးကောက်ပွဲတွင် ပြည်သူ့လွှတ်တော် ၉ နေရာ၊ အမျိုးသားလွှတ်တော် ၃ နေရာ၊ တိုင်းဒေသကြီးနှင့် ပြည်နယ် နေရာ စုစုပေါင်း ၁၉ နေရာရှိပြီး အာဏာရ NLD ကလည်း နေရာအားလုံးတွင် ဝင်ရောက်ယှဉ်ပြိုင်ရန် ပြင်ဆင်ထားကြောင်း သိရသည်။

Loading