အသက် ၈ နှစ် အရွယ် ကလေးငယ်ကို ကြိုးတုတ်ရိုက်နှက်ခဲ့သည့် အိမ်အကူဒေါ်သန်းနွဲ့ကို ညှဉ်းပမ်းနှိပ်စက်မှု ထင်ရှားသည့်အတွက် ဗဟန်းမြို့နယ်တရားရုံးက ကလေးသူငယ် ဥပဒေပုဒ်မ ၆၆ (ဃ) ဖြင့် စွဲချက်တင်လိုက်ကြောင်း သိရသည်။
ဖြစ်စဉ်မှာ ဗဟန်းမြို့နယ် တက္ကသိုလ်ရိပ်သာလမ်းသွယ်ရှိ ဗိုလ်မှူးကျော်နုမော်ပိုင်ဆိုင်သည့် နှစ်ထပ်တိုက်အိမ်ရှေ့တွင် အဝတ်ဗလာဖြင့် အသက် ၈ နှစ်အရွယ် ကလေးငယ်တဦးကို အမျိုးသမီးတဦးက ကြိုးတုတ်ရိုက်နှက်နေသည့် ဓာတ်ပုံများ ဖေ့စ်ဘုတ်တွင် ပြန့်နှံ့ခဲ့ပြီး ရဲတပ်ဖွဲ့က စုံစမ်းစစ်ဆေးခဲ့ပြီး ယခုလို တရားခံဖြစ်သူ အိမ်အကူဒေါ်သန်းနွဲ့ကို စွဲချက်တင်နိုင်ခြင်း ဖြစ်သည်။
ဒေါ်သန်းနွဲ့ကို နိုဝင်ဘာလ ၁၁ ရက် နံနက်ပိုင်းက ဗဟန်းမြို့နယ်တရားရုံးတွင် တင်ပြသက်သေများကို စစ်ဆေးပြီးနောက် ယခုလို စွဲချက်တင်လိုက်ခြင်းဖြစ်ကြောင်း တရားလိုဖြစ်သူ ကလေးငယ်ဘက်မှ လိုက်ပါဆောင်ရွက်ပေးနေသည့် ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်း၏ တရားလွှတ်တော် ရှေ့နေ ဒေါ်မို့မို့သော်က ပြောသည်။
“သက်သေတွေက ကောင်းကောင်း မထွက်နိုင်ဘူး။ နောက်ပြီး ကာယကံရှင် ကလေးငယ်ကလည်း အသေးစိတ် ပြန်မပြောနိုင်တဲ့အတွက် ဒေါ်သန်းနွဲ့ရိုက်တဲ့ တချက်လောက်ကိုပဲ သက်သေပြနိုင်ခဲ့လို့ ကလေးသူငယ် ညှဉ်းပမ်းမှုနဲ့ပဲ စွဲချက်တင်နိုင်တယ်” ဟု တရားလွှတ်တော် ရှေ့နေက ပြောသည်။
ထိုကလေးငယ်သည် အသက် ၈ နှစ်အရွယ် မစုဝေဆိုသူဖြစ်ပြီး အိမ်ရှင်ဖြစ်သူ ဗိုလ်မှူးကျော်နုမော် မိသားစုက ကလေးငယ်၏ မိဘများထံမှ ငွေ ၁၀ သိန်းဖြင့် စာချုပ်ချုပ်ဆို ခေါ်ယူခဲ့ပြီးနောက် ဗိုလ်မှူးကျော်နုမော်နေအိမ်မှ အိမ်အကူဒေါ်သန်းနွဲ့က မစုဝေကို ရိုက်နှက်ဖြစ်ကြောင်း စစ်ဆေးတွေ့ရှိခဲ့သည်။
ဒေါ်သန်းနွဲ့၏ ထွက်ဆိုမှုနှင့် ပတ်သက်ပြီး တရားလွှတ်တော် ရှေ့နေဒေါ်မို့မို့သော်က “သူ့ဘက်က ရိုက်တာဟာ လိမ္မာအောင် ရိုက်တာပါ။ ညှဉ်းပမ်းနှိပ်စက်တာ မဟုတ်ပါဘူးလို့ ပြောတယ်။ သူတို့အိမ်မှာနေတဲ့သူ ၂ ဦးကိုလဲ သက်သေခေါ်ပြီး မေးနိုင်တယ်လို့ ထွက်ဆိုခဲ့တယ်” ဟု ပြန်လည်ပြောဆိုသည်။
ဒေါ်သန်းနွဲ့ကို ကလေးသူငယ် ညှဉ်းပမ်းနှိပ်စက်မှု ပုဒ်မ ၆၆ (ဃ) ဖြင့် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနက တရားလိုပြုလုပ်၍ တိုင်တန်းခဲ့ပြီး ဗဟန်းမြို့နယ် တရားရုံးတွင် ရုံးတင်စစ်ဆေးခဲ့ခြင်း ဖြစ်သည်။
ကလေးသူငယ် ဥပဒေပုဒ်မ ၆၆ (ဃ) သည် မိဘဆရာ(သို့မဟုတ်) အုပ်ထိန်းခွင့်ရှိသူက လိမ္မာစေရန် ဆုံးမခြင်းမှတပါး ကလေးသူငယ်အား တမင်နှိပ်စက်ညှင်းပန်းခြင်း ပုဒ်မဖြစ်ပြီး ထောင်ဒဏ် ၂ နှစ်နှင့် ဒဏ်ငွေ ကျပ် ၁ သောင်း ကျခံရန် ဥပဒေတွင် ပြဋ္ဌာန်းထားသည်။
ထိုဖြစ်စဉ်နှင့် ပတ်သက်ပြီး အိမ်ရှင်ဖြစ်သူ ဗိုလ်မှူးကျော်နုမော်နှင့် ဇနီးကို တရားစွဲဆို သင့်မသင့်ကို ဆက်လက် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း အမှတ် (၆) လူကုန်ကူးမှု တားဆီးနှိမ်နှင်းရေး တပ်ဖွဲ့စု (ရန်ကုန်) ရဲမှူးရဲဝင်းအောင်က ဧရာဝတီကို ပြောဆိုခဲ့သည်။
ထိုဖြစ်စဉ်သည် ပြီးခဲ့သည့် ၂၀၁၅ ခုနှစ် နိုဝင်ဘာလ ဒုတိယပတ်အတွင်း ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ယခုဆိုလျှင် တရားရုံးတင် စစ်ဆေးမှု ၁ နှစ်နီးပါး ရှိလာပြီး ဖြစ် သည်။