ပထဝီအနေအထားအရ စီးပွားရေး၊ လူမှုရေး၊ လမ်းပန်းဆက်သွယ်ရေးအရ အချက်အချာကျသည့် ဒေသဖြစ်သော မန္တလေးတိုင်းနှင့် ပတ်သက်သည့် စီးပွားရေးမူဝါဒတရပ် ထွက်ပေါ်လာရန် USAID ၏ ထောက်ပံမှုဖြင့် ဖွံ့ဖြိုးရေးပညာ ရောင်ခြည်အဖွဲ့က စီးပွားရေးမူဝါဒ မူကြမ်းရေးဆွဲပြီး တိုင်းဒေသကြီး အစိုးရထံ တင်ပြပေးပို့မည်ဖြစ်ကြောင်း သိရသည်။
ထိုသို့ စီးပွားရေးမူဝါဒမူကြမ်း ရေးဆွဲရာ၌ မန္တလေးတိုင်း၏ စိုက်ပျိုးရေး၊ ခရီးသွားလုပ်ငန်း၊ အသေးစားအလတ်စား စီးပွားရေးလုပ်ငန်းနှင့် တာဝန်ခံမှုနှင့် ပွင့်လင်းမြင်သာမှု ကဏ္ဍလေးခုကို အခြေပြု၍ ရေးဆွဲမည်ဟု ဖွံ့ဖြိုးရေးပညာ ရောင်ခြည်အဖွဲ့၏ အကြံပေးသုတေသီ ဦးတင်မောင်သန်းက မန္တလေးမြို့၌ နိုဝင်ဘာ ၈၊ ၉ ရက်တို့တွင် ပြုလုပ်ခဲ့သည့် စိုက်ပျိုးရေးကဏ္ဍာ ဖွံ့ဖြိုးမှုဆိုင်ရာ အလုပ်ရုံ ဆွေးနွေးပွဲတွင် ပြောဆိုသည်။
“အလုပ်ရုံဆွေးနွေးပွဲက ဒီကဏ္ဍတွေမှာ အဓိက အခြေခံအကျဆုံး ဖြစ်တဲ့သူတွေနဲ့ လက်ရှိအခြေအနေကို တိုင်ပင်နှီးနှောတဲ့ သဘောပါ။ ပြီးရင် ဒေတာတွေ ကောက်မယ်။ အဲဒါပြီးရင် မူဝါဒအကြမ်းပြုစုပြီး တိုင်းအစိုးရအဖွဲ့ကို ပြန်ပြမယ်။ အစိုးရသစ် အာဏာရပြီး တနှစ်ကျော်မှာ မူဝါဒကို ချပြနိုင်မယ်” ဟု ဦးတင်မောင်သန်းက ပြောသည်။
မန္တလေးတိုင်း၏ စီးပွားရေးမူဝါဒ မူကြမ်းကို ၂၀၁၇ ခုနှစ် မေလအတွင်း အပြီးရေးဆွဲနိုင်ရန် ကြိုးပမ်းမည် ဖြစ်ကြောင်းနှင့် ထိုသို့ရေးဆွဲရာ၌ ကျွမ်းကျင်ပညာရှင်များ၊ သက်ဆိုင်ရာဌာနများမှ တာဝန်ရှိသူများ ပါဝင်မည် ဖြစ်သည်။ မူကြမ်းရေးဆွဲပြီးစီးပါက တိုင်းအစိုးရအဖွဲ့ထံ တင်ပြမည်ဖြစ်ပြီး ထိုမှတဆင့် ပြည်ထောင်စုလွှတ်တော်၌ တင်သွင်းသွားမည်ဖြစ်ကြောင်း ၎င်းက ဆက်ပြောသည်။
ထိုဆွေးနွေးပွဲတွင် မန္တလေးတိုင်းမှ တောင်သူလယ်သမားများ၊ စိုက်ပျိုးရေးကဏ္ဍမှ ကုန်သည်များ၊ လွှတ်တော် ကိုယ်စားလှယ်များ၊ အရပ်ဖက် လူ့အဖွဲ့အစည်းများ ပါဝင်ခဲ့ကြပြီး၊ လက်ရှိကြုံတွေ့နေရသော အခက်အခဲများဖြစ်သည့် အစိုးရ ဌာနဆိုင်ရာများနှင့် ချိတ်ဆက်မှု ပြသနာ၊ ဈေးကွက် သတင်းအချက်အလက်၊ နည်းပညာ အားနည်းခြင်း၊ ငွေကြေးနှင့် သွင်းအားစု လုပ်ငန်းများ၊ ဥပဒေကိစ္စရပ်များကို ထည့်သွင်း ဆွေးနွေးခဲ့ကြောင်း အလုပ်ရုံဆွေးနွေးပွဲသို့ တက်ရောက်သူများက ပြောသည်။
မန္တလေးတိုင်း၏ စိုက်ပျိုးရေးကဏ္ဍနှင့် ပတ်သက်ပြီး တိုင်းဒေသကြီး စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဒေါက်တာစိုးသန်းက “ စိုက်ပျိုးရေးကဏ္ဍဟာ တဖြည်းဖြည်း ကျဆင်းလာသလို တောင်သူလယ်သမားတွေရဲ့ ဘဝကလည်း ရေကူးရင်း ရေနစ်နေသလို ဖြစ်ရတယ်။ ဒါတွေက ရှုပ်ထွေးပြီး တခုနဲ့တခု ချိတ်ဆက်မှု အားနည်းတဲ့ မူဝါဒတွေကြောင့်ပါ” ထိုအလုပ်ရုံဆွေးနွေးပွဲတွင် ပြောဆိုသည်။
ထို့အတူ မန္တလေးတိုင်း ခရီးသွားလုပ်ငန်းကဏ္ဍနှင့် ပတ်သက်ပြီး ဖွံ့ဖြိုးရေးပညာ ရောင်ခြည်အဖွဲ့ဝင် ဦးမိုးမင်းသော်က ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးရေးအတွက် အလားအလာကောင်းသည့် မန္တလေးဇုန်နှင့် ပုဂံဇုန် တည်ရှိသော်လည်း အခြေခံအဆောက်အအုံ မပြည့်စုံခြင်း၊ လမ်းပန်းဆက်သွယ်ရေး ခက်ခဲခြင်း၊ ဟိုတယ်အခန်းခ နှုန်းထားများ မြင့်မားလာခြင်းတို့ ပြည်တွင်းပြည်ပ ခရီးသွားများအတွက် အဓိက စိန်ခေါ်မှုတရပ် ဖြစ်နေကြောင်း ထောက်ပြပြောဆိုသည်။
အလားတူ အလုပ်ရုံဆွေးနွေးပွဲသို့ တက်ရောက်သည့် မန္တလေးတိုင်းအတွင်းမှ တောင်သူတဦးက တောင်သူလယ်သမား အများစုသည် စိုက်ပျိုးရေးနှင့် ပတ်သတ်သည့် အသိပညာ၊ နည်းပညာများတွင် အားနည်းရုံသာမက ဥပဒေပိုင်းဆိုင်ရာ သိရှိမှု အားနည်းခြင်းတို့ကြောင့် စိုက်ပျိုးရေးကဏ္ဍတွင် နောက်ကျကျန် ခဲ့သည့်အပြင်၊ သတင်းအချက်အလက်များလည်း အချိန်နှင့် တပြေးညီ ရရှိရန် လိုအပ်နေသည်ဟု ပြောသည်။