ဝ ပြည် သွေးစည်းညီညွတ်ရေးတပ်မတော် (UWSA) မှ တပ်ဖွဲ့ဝင် ၁၀၀ ကျော်တို့က ၎င်းတို့ဝင်ရောက် တပ်စွဲထားသည့် ရှမ်းပြည်နယ် အရှေ့ပိုင်း မိုင်းလား အထူးဒေသရှိ အမျိုးသား ဒီမိုကရေစီ မဟာမိတ်တပ်မတော် (NDAA) ၏ နေရာများမှ ပြန်လည် ထွက်ခွာသွားကြသည်ဟု နယ်မြေခံ သတင်းရင်းမြစ်များက ပြောသည်။
တင့်ကား ၃ စီး၊ ထရပ်ကား ၃ စီး၊ ကား၂ စီး နှင့် UWSA အင်အား ၁၅၀ တို့ နိုဝင်ဘာလ ၈ ရက်နေ့တွင် မိုင်းလားစခန်းများမှ ပြန်လည်ထွက်ခွာသွားခဲ့သည်ဟု မိုင်းလား Facebook စာမျက်နှာတွင် ဖော်ပြထားသည်ကို တွေ့ ရသည်။
“ညီနောင်တပ်ဖွဲ့ချင်းတွေ့ဆုံဆွေးနွေးပြီး” UWSA တပ်ဖွဲ့ဝင်အချို့မိုင်းလားနယ်မြေမှ ပြန်လည် ထွက်ခွာနေပြီဖြစ်ကြောင်း ဖော်ပြထားသည်။
တပ်ဖွဲ့ဝင်အချို့ ထွက်ခွာသွားသော်လည်း အားလုံးမဟုတ်ကြောင်း UWSA နှင့် နီးစပ်သည့် အမည်မဖော်လိုသူတစ်ဦးက ဧရာဝတီ သို့ အတည်ပြုခဲ့သည်။
“မိုင်းလားက ပြောတဲ့အတိုင်းပဲ။ ဗမာတပ်က ဆုတ်တာ မရှိသေးဘူး။ ဝက အချို့ပဲ ဆုတ်တယ်” ဟု သူက ပြောသည်။ “အကုန်ဆုတ်လို့တော့ မရဘူး” ဟု သူက ဆက်ပြောပါသည်။
UWSA နှင့် NDAA တို့က ကာလရှည်ကြာစွာမဟာမိတ်ဖြစ်ခဲ့သည့် အဖွဲ့အစည်းများ ဖြစ်သည်။ ၂ ဖွဲ့လုံးသည် ၁၉၈၉ ခုနှစ် တွင် ဗမာပြည်ကွန်မြူနစ်ပါတီမှ ခွဲထွက်လာသည့် တပ်ဖွဲ့များ ဖြစ်ကြသည်။ သို့သော်လည်း အောက်တိုဘာလအတွင်းတွင် UWSA က NDAA ၏ အရေးပါသည့် တောင်ကုန်းတပ်စခန်းနေရာများကို ဝင်ရောက်တပ်စွဲလာသည့်အတွက် ဆက်ဆံရေး တင်းမာလာခဲ့ရသည်။
သိမ်းပိုက်ထားသည့် UWSA တပ်ဖွဲ့ဝင်များက သူတို့ အထက်အရာရှိများ၏ အမိန့်ရမှသာ ပြန်လည်ဆုတ်ခွာမည် ဖြစ် ကြောင်းနှင့် မြန်မာတပ်မတော်က တိုက်ခိုက်လာခြင်း မရှိလျှင် ၎င်းတို့က တိုက်ခိုက်မည် မဟုတ်ကြောင်း ပြောကြသည်။
ငြိမ်းချမ်းရေးလုပ်ငန်းစဉ်နဲ့ ပတ်သက်ပြီး UWSA နှင့် NDAA တို့ကြားမှ ကွဲပြားမှုက ယခုနှစ် သြဂုတ်လ နှောင်းပိုင်းနှင့် စက်တင်ဘာလဆန်းပိုင်းတွင် နေပြည်တော်၌ ကျင်းပခဲ့သော ၂၁ ရာစု ငြိမ်းချမ်းရေးညီလာခံအပြီး သိသာ ထင်ရှားလာခဲ့သည်။
NDAA က နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သည့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွင် တက် တက်ြ ကွကြွ ပါဝင်ခဲ့သော်လည်း UWSA အဖွဲ့က ဆက်ဆံရေး ညီမျှမှု မရှိကြောင်းပြော၍ ညီလာခံမှ စောစီးစွာ ထွက်ခွာသွားခဲ့သည်။
နိုဝင်ဘာလ ၃ ရက်နေ့တွင် UWSA ထိန်းချုပ်ဒေသသို့ တရုတ်အာဏာပိုင်များ လာရောက်ခဲ့ကြောင်းနှင့် မိုင်းလားအဖွဲ့ ခေါင်းဆောင်များနှင့် တွေ့ဆုံခဲ့ကြောင်း သတင်းရင်းမြစ်များက ဆိုသည်။
မိုင်းလားဒေသတွင် အောက်တိုဘာလ ၈ ရက်နေ့က UWSA ဝင်ရောက်ပြီး စစ်ရေး တင်းမာ နေသောကြောင့် ဒေသခံပြည်သူများ စိုးရိမ်ထိတ်လန့်နေပြီး အသက်မွေးဝမ်းကျောင်းကိုလည်း ထိခိုက်နိုင်သည့်အတွက် UWSA တပ်များ ပြန်လည်ဆုတ်ခွာပေးရန် မိုင်းလားအဖွဲ့က တောင်းဆိုထားသည်။