သတင်း

ဖားကန့်မြို့နယ်အတွင်း ဂြိုဟ်တုဟုယူဆရသည့် သတ္တုအစိတ်အပိုင်းတခု ပေါက်ကွဲကျလာ

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ် နော်စီစာကျေးရွာတွင် ယမန်နေ့( နိုဝင်ဘာ ၁၀ ရက်) နံနက်ပိုင်းက ဂြိုဟ်တုဟု ယူဆရသည့် သတ္တုအစိတ်အပိုင်းတခု ပေါက်ကွဲမှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ နိုဝင်ဘာ ၁၀ ရက် နံနက် ၆ နာရီခန့်က ဂြိုဟ်တုအစိတ်အပိုင်းတခု ကောင်းကင်တွင် ပေါက်ကွဲပြီး မြေပြင်သို့ ကျလာကြောင်း၊ ကျလာသည့် ထိုသတ္တုအစိတ်အပိုင်း တရုတ်စာလုံးများ ပါဝင်ကြောင်း ဖားကန့်မြို့နယ် မြို့မရဲစခန်းမှ တာဝန်ကျရဲတဦးက ဧရာဝတီကို အတည်ပြု ပြောသည်။

“အသံတော်တော် ကျယ်တယ်။ ဖားကန့်မြိုနယ် တခုလုံး တုန်သွားတယ်။ လူတော့ ထိခိုက်မှု မရှိဘူး။ အဲဒါဘာလဲဆိုတာကို စစ်တပ်က စစ်ဆေးနေပါတယ်” ဟု အဆိုပါတာဝန်ကျရဲက ဖုန်းမှတဆင့် ပြန်လည်ပြောဆိုသည်။

ဂြိုဟ်တုအစိတ်အပိုင်းတခု ကျလာသည်ကို ဖားကန့်ဒေသခံများက လက်နက်ကြီး ပစ်ခတ်မှုဟု ထင်နေကြကြောင်းနှင့် ထိုသတ္တုပစ္စည်းကို ဖားကန့်ဒေသခံများက မမြင်ဘူးသကဲ့သို့ သက်ဆိုင်ရာ အာဏာပိုင်များကလည်း မသိရှိကြကြောင်း ကချင်အမျိုးသား လူမှုဖွံ့ဖြိုးရေးအဖွဲ့မှ ဦးနော်လွန်းက ဧရာဝတီကို ပြောသည်။

“ကျနော်အထင်တော့ ဒုံးပျံထိပ်ဖူးလို့ ထင်တယ်။ အစတော့ လက်နက်ကြီး၊ ဗုံးသံလို့ ထင်တာ၊ ကျနော်တို့ဆီမှာ နည်းပညာတွေ ဘာတွေမသိတော့ ဒီဒုံးပျံထိပ်ဖူးကို တပ်က မိုးကာအုတ်ပြီး အဲဒီပတ်ဝန်းကျင်ကို ကြိုးဝိုင်းတားထားတယ်။ အသံက တော်တော်ကျယ်တယ်။ တနိုင်းမြို့နယ်ထိတောင် ကြားရတယ်လို့ ပြောတယ်” ဟု ဦးနော်လွန်းက ဆိုသည်။

အဆိုပါ သတ္တုအပိုင်းအစသည် အလျား ၁၂ ပေ၊ အချင်း ၆ ပေ လုံးပတ်၊ ခန့်မှန်း ၁၂ ပေ နှင့် အလေးချိန် ၅ တန်ခန့် ရှိပြီး၊ ဒုံး (သို့) ဂြိုဟ်တု အစိတ်အပိုင်းတခု ဖြစ်နိုင်ကြောင်း၊ လေယာဉ်အင်ဂျင်နှင့် ဆင်တူပြီး ပန်ကာဒလက်များလည်း ပါဝင်ကြောင်း နိုင်ငံပိုင် ယနေ့ထုတ် မြန်မာ့အလင်းသတင်းစာတွင် ဖော်ပြထားသည်။

Loading