ဧရာဝတီ မြစ်ဆုံ မြစ်ညှာ မြစ်ဝှမ်း ရေအားလျှပ်စစ် စီမံကိန်းများကို ဆက်လက် ဆောင်ရွက်ရန် သင့် မသင့် အပေါ် စိစစ် သုံးသပ်ထားသည့် ပထမ စိစစ် သုံးသပ်မှု အစီရင်ခံစာကို သမ္မတ ဦးထင်ကျော်ထံသို့ ယနေ့ ပေးပို့လိုက်ပြီ ဖြစ်ကြောင်း သိရသည်။
ယင်း အစီရင်ခံစာကို ဧရာဝတီ မြစ်ဆုံ မြစ်ညာ မြစ်ဝှမ်း ရေအားလျှပ်စစ် စီမံကိန်းများ လေ့လာစိစစ် သုံးသပ်ရေး ကော်မရှင် က ပြုစု ပေးပို့ခြင်း ဖြစ်သည်။
အထက်ပါ ကော်မရှင်မှ အဖွဲ့ဝင်တဦး ဖြစ်သည့် ဦးချိုချိုက “ကျနော်တို့ရဲ့ အစီရင်ခံစာကို ဒီနေ့ပဲ အတွင်းရေးမှူး အဖွဲ့က နေပြည်တော်မှာ သွားတင်လိုက်ပါပြီ။ နောက်ပိုင်းမှာ သတင်းထုတ်ပြန်ဖို့လည်း ရှိပါတယ်။ အများပြည်သူ လိုလားတဲ့ အဖြေ မျိုးလား ဆိုတာကတော့ ကျနော့်အနေနဲ့ ကြိုပြောလို့ မသင့်တော်ပါဘူး”ဟု ဧရာဝတီသို့ ပြောသည်။
ဦးချိုချိုသည် အမျိုးသား ရေအရင်းအမြစ် ကော်မတီမှ အကြံပေးတဦးလည်း ဖြစ်သည်။
မြစ်ဆုံ လေ့လာစိစစ် သုံးသပ်ရေး ကော်မရှင်သည် ဧရာဝတီ မြစ်ဆုံ မြစ်ညာ မြစ်ဝှမ်း ရေအားလျှပ်စစ် စီမံကိန်းများနှင့် စပ် လျဉ်း၍ အမျိုးသား အကျိုးစီးပွား တိုးတက်ရေးကို အခြေခံလျက် နိုင်ငံတော်နှင့် ပြည်ပ ရင်းနှီးမြှုုပ်နှံသူတို့ နှစ်ဦးနှစ်ဖက် အကျိုး ဖြစ်ထွန်းစေမည့် သင့်လျော်သော နည်းလမ်းများ ရှာဖွေ၍ သမ္မတထံသို့ နိုဝင်ဘာလ ၁၁ ရက်နေ့ နောက်ဆုံးထား၍ အကြံပြုရန် ၂၀၁၆ ခုနှစ် သြဂုတ်လ ၁၂ ရက်နေ့တွင် သမ္မတရုံးက ထုတ်ပြန်ခဲ့သည်။
သမ္မတရံုံး ပြောခွင့်ရပုဂ္ဂိုလ် ဦးဇော်ဌေးကလည်း ယင်းအစီရင်ခံစာ သတင်း ထုတ်ပြန်မှု အတွက် မနက်ဖြန် အထိ စောင့်ဆိုင်း ပေးရန် ပြောဆိုသည်။
ကော်မရှင်၏ အစီရင်ခံစာသည် အများပြည်သူမျှော်လင့် နေသည့် ရလဒ်မျိုး ဖြစ်ရန် လိုအပ်ပြီး သို့မဟုတ်ပါက NLD အစိုးရ အနေဖြင့် လူထုထောက်ခံမှုနှင့် နိုင်ငံရေးအရ ဆုံးရှုံးမှုများစွာ ဖြစ်ပေါ်နိုင်ကြောင်း မြစ်ဆုံအရေး စိတ်ဝင်စားသူများက ဧရာဝတီ သို့ ပြောဆိုကြသည်။
ကချင်ပြည်နယ် မြစ်ကြီးနားမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးအင်တုန်ခါးနော်ဆန်က “မြစ်ဆုံနားက ဘယ် ရေ အား လျှပ်စစ် စီမံကိန်းကိုမှ ကျနော် သဘောမတူဘူး။ ကျနော် သဘောမတူသလို ကချင်ပြည်သူလူထုနဲ့ ဗမာ ပြည်သူ လူထု ကရော သဘောတူမှာ မဟုတ်ဘူး။ ဘယ်သူမှ လက်ခံမှာ မဟုတ်ဘူး။ နောက်ဆုံး အစီရင်ခံစာ ဘယ်လိုပဲ ထွက်မလဲ မသိပေမယ့် တဦးတည်းအနေနဲ့ သဘောမတူသလို ရလဒ်ကို ဆက်ပြီး စောင့်ကြည့်သွားပါမယ်”ဟု ပြောသည်။
မြစ်ဆုံကိစ္စသည် ကချင်ပြည်သူများသာမက အောက်ပြည် အောက်ရွာမှ ပြည်သူများကပါ သဘောမတူကြကြောင်း၊ ပညာရှင် များပါဝင်ဖွဲ့စည်းထားသည့် ကော်မရှင်က ပြည်သူလူထု၏ ဆန္ဒ သဘောထား မျှော်မှန်းချက်ကို မည်မျှ နားထောင်မလဲ ဆိုသည်မှာ စောင့်ကြည့်ရတော့မည်ဟု ကချင် တိုင်းရင်းသား ခေါင်းဆောင်တဦးဖြစ်သူ ဒေါက်တာတူးဂျာ ကလည်း ဧရာဝတီသို့ ပြောသည်။
ကချင်ပြည်နယ် ဒီမိုကရေစီပါတီ ဥက္ကဋ္ဌ လည်း ဖြစ်သူ ဒေါက်တာတူးဂျာက “ဒီမိုကရေစီ အစိုးရတရပ် အနေနဲ့ ပြည်သူတွေ ရဲ့ သဘောထားကို အလေးထားမယ်ဆိုတာ သိပါတယ်။ ကော်မရှင်က ပညာရှင်တွေလည်းပါတော့ သူကအရေးကြီးတဲ့ အခန်း ကဏ္ဍမှာရှိနေတယ်။ အဲဒါကို ပြည်သူလူထုကို ဥပေက္ခာ ပြုမယ်ဆိုရင် ၅ ပါးမှောက်မှာပေါ့”ဟုလည်း ပြောဆိုသည်။
ကော်မရှင် အနေဖြင့် စီမံကိန်း၏ ကောင်းကျိုး ဆိုးကျိုးများကို သေချာဆန်းစစ် လေ့လာ၍ ၎င်းအပေါ်တွင် ပြည်သူများ၏ အမြင်၊ သက်ဆိုင်ရာ State Holder များ၏ အမြင်များကို ရှင်းရှင်းလင်းလင်း တင်ပြစေလိုကြောင်း၊ မြစ်ဆုံစာချုပ် မည်ကဲ့သို့ ချုပ်ဆိုထားသည် ဆိုသောအချက်ကိုလည်း ပေါ်လွင်စေချင်ကြောင်း၊ နောက်ဆုံးတွင် ဖြေရှင်းနိုင်မည့် နည်းလမ်းလည်း ပါဝင် စေလိုကြောင်း သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး ပညာရှင် ဦးဝင်းမျိုးသူက ပြောသည်။
“ဒီကိစ္စက နိုင်ငံရေးအရလည်း ခေါင်းဆောင်ချင်းညှိဖို့ လိုပါတယ်။ တဖက်က လေ့လာ သုံးသပ်ချက် အရလည်း ရေရှည်မှာ ကောင်းကျိုးထက် ဆိုးကျိုးက များတယ်။ တဖက်ကလည်း ပြည်သူကမလိုလားဘူးဆိုတော့ ဒါကိုတရုတ်နိုင်ငံအနေနဲ့ လက် ခံ ပေးဖို့နဲ့ တရုတ်နိုင်ငံအနေနဲ့လည်းသူတို့ရဲ့ နစ်နာမှုကိုု ဝိုင်းဝန်းဖြေရှင်းပေးဖို့ လိုတယ်”ဟု ဦးဝင်းမျိုးသူက ပြောဆိုသည်။
၎င်းက ဆက်၍ “တကယ်လို့ အစိုးရအနေနဲ့ စီမံကိန်းကိုဆက်လုပ်ဖို့ ဆုံးဖြတ်ခဲ့ရင် ပြည်သူတွေကတော့ ဆန့်ကျင်ကြမှာပဲ။ နိုင်ငံရေးအရ NLD အစိုးရမှာဆုံးရှုံးမှုတွေ ဖြစ်မှာပေါ့။ လူထုရဲ့ ယုံကြည်မှု၊ လူအများစုရဲ့ ယုံကြည်မှု လျော့ကျသွားပြီး နိုင်ငံရေးအရ တော်တော်လေးကို ပေးဆပ်ရမယ်”ဟုလည်း ပြောသည်။
ယခုဖွဲ့စည်းပေးထားသည့် မြစ်ဆုံ ကော်မရှင်တွင် ဥက္ကဋ္ဌ အဖြစ် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ ပြည်သူ့ လွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးတီခွန်မြတ်က တာဝန်ယူထားပြီး အစိုးရ ဝန်ကြီး ၆ ဦး၊ ရှေ့နေချုပ်၊ ကချင်ပြည်နယ် ဝန်ကြီး ချုပ်၊ အမျိုးသားလွှတ်တော်နှင့် ပြည်သူ့လွှတ်တော်တို့မှ လွှတ်တော် ကိုယ်စားလှယ် တဦးစီတို့ အပါအဝင် ပညာရှင်များ အစိုးရ ဝန်ထမ်းများ စုစုပေါင်း လူ ၂၀ ဖြင့် ဖွဲ့စည်းထားခြင်း ဖြစ်သည်။