သတင်း

Eleven CEO ဒေါက်တာ သန်းထွဋ်အောင်နှင့် အယ်ဒီတာချုပ် တို့ကို ရုံးထုတ်ရမန်ယူ

Want create site? Find Free WordPress Themes and plugins.

ဆက်သွယ်ရေး ဥပဒေပုဒ်မ ၆၆(ဃ) ဖြင့် အမှုဖွင့်ထားခြင်းခံရသော Eleven Media Group CEO ဒေါက်တာ သန်းထွဋ်အောင်နှင့် အယ်ဒီတာချုပ် ဦးဝေဖြိုးတို့အား ယနေ့ညနေပိုင်းက ရန်ကုန်တိုင်း တာမွေမြို့နယ် တရားရုံးတွင် ရုံးထုတ် ရမန်ယူသည်။

ဒေါက်တာ သန်းထွဋ်အောင်၏ Facebook စာမျက်နှာတွင် ရေးသားမှုများနှင့် Eleven Media Group ၏ သတင်း စာမျက်တွင် ဖော်ပြ ခဲ့သည့် “ရွေးကောက်ပွဲ တနှစ်ကြာသော်” အယ်ဒီတာ့ အာဘော်ပါ စာသား တချို့ကြောင့် ဂုဏ်သိက္ခာ ထိခိုက်စေသည်ဟု ဆိုကာ ရန်ကုန်တိုင်း ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း၏ ဦးဆောင်မှုဖြင့် ရန်ကုန်တိုင်း အစိုးရအဖွဲ့က နိုဝင်ဘာ ၉ ရက်တွင် တာမွေရဲစခန်း၌ အမှု ဖွင့်ခဲ့ခြင်း ဖြစ်သည်။

အယ်ဒီတာချုပ် ဦးဝေဖြိုးက “ ၆၆(ဃ) က မမျှတတဲ့ ပုဒ်မဖြစ်ပါတယ်၊ ကျနော်တို့ကိုယ်တိုင် ခရိုင် ရဲမှူးဆီမှာ အစစ်ဆေးခံခဲ့တာပါ၊ အမှန်တရားအတွက် ကျနော်တို့ ဆက်လက်လုပ်ဆောင်သွားမှာ ဖြစ်ပါတယ်”ဟု တရားရုံး အဝင်တွင် မီဒီယာများကို ပြောသည်။

၎င်းတို့နှစ်ဦးအား တာမွေရဲစခန်းက နိုဝင်ဘာ ၁၀ ရက်နေ့တွင် ရဲစခန်းသို့ လာရောက်ရန် ဆင့်ခေါ်ခဲ့ရာတွင် လာရောက်ခြင်း မရှိခဲ့ သော်လည်း ယနေ့ မွန်းလွဲပိုင်း ၁ နာရီခန့်တွင် ရန်ကုန် အရှေ့ပိုင်းခရိုင် ရဲတပ်ဖွဲ့မှူး ရုံးသို့ ၎င်းတို့ ကိုယ်တိုင် လာရောက် အစစ်ဆေးခံ၊ အဖမ်း ခံခဲ့ခြင်း ဖြစ်သည်။

ပုဒ်မ ၆၆(ဃ)နှင့် အမှုဖွင့်ထားခြင်းခံရမှုနှင့် ပတ်သက်ပြီး ရွေးကောက်ပွဲ တနှစ်ကြာသော် အယ်ဒီတာ့အာဘော် ရေးသားခဲ့သူ ဒေါက်တာ သန်းထွဋ်အောင်က “၆၆(ဃ)က မရှိသင့်တဲ့ ပုဒ်မဖြစ်တယ်”ဟု တာမွေမြို့နယ်တရားရုံး ရှေ့တွင် ပြောသည်။

ဒေါက်တာ သန်းထွဋ်အောင်နှင့် ဦးဝေဖြိုးတို့ကို နိုဝင်ဘာလ ၂၅ ရက်တွင် ပထမဆုံးအကြိမ် ရုံးထုတ် စစ်ဆေးမည်ဖြစ်ကြောင်း သိရသည်။

ရုံးထုတ်ရမန်ယူခဲ့သည့် ဒေါက်တာ သန်းထွဋ်အောင်နှင့် ဦးဝေဖြိုးတို့ နှစ်ဦးကိုလည်း ယနေ့တွင်ပင် ရန်ကုန်မြို့ အင်းစိန်ထောင်အချုပ်သို့ သွားရောက် ပို့ဆောင်နေပြီဖြစ်ကြောင်း အမှုကိုင်တွယ် စစ်ဆေးမည့် ရန်ကုန် အရှေ့ပိုင်းခရိုင် ရဲတပ်ဖွဲ့မှူး ဒုရဲမှူးကြီးမြင့်ထွေးက ပြောသည်။

ယင်း အယ်ဒီတာ့အာဘော်ပါ စာသားတချို့နှင့်ပတ်သက်၍ ရန်ကုန်မြို့သစ် စီမံကိန်းတင်ဒါ အောင်မြင်ထားပြီး မူးယစ်ဆေး အမှုဖြင့် ထောင်ချခံရဖူးသည့် လုပ်ငန်းရှင် ဦးမောင်ဝိတ်သည်လည်း အမှုတွင်ပါဝင် ပတ်သက်နေပြီး  နိုဝင်ဘာ ၁၀ ရက်နေ့ ညနေပိုင်းတွင် တာမွေရဲစခန်းက ဆင့်ခေါ်မှုကြောင့် သက်သေအဖြစ် လာရောက် ထွက်ဆိုပေးခဲ့သည်။

အယ်ဒီတာ့အာဘော်ပါ Patek Phillipe နာရီနှင့်ပတ်သက်၍ ဦးမောင်ဝိတ်က မည်သည့်ဝန်ကြီးချုပ်ကိုမှ Patek Phillipe နာရီ မပေး ဘူးကြောင်း၊ အထူးသဖြင့် ရန်ကုန်တိုင်း ဝန်ကြီးချုပ်ကို ဘာနာရီမှ မပေးဘူးကြောင်း၊ ယင်းကိစ္စကို မည်သည့်ခုံရုံးတွင်မဆို အစစ်ဆေး ခံနိုင်ကြောင်း ပြောကြားခဲ့သည်။

ဒေါက်တာ သန်းထွဋ်အောင်၏ ရွေးကောက်ပွဲ တနှစ်ကြာသော် အယ်ဒီတာ့အာဘော်ကို အာရှဒေသ နိုင်ငံတချို့ရှိ သတင်းဌာနများတွင် လည်း ဖော်ပြခဲ့ကြပြီး ယင်းအာဘော်ဆောင်းပါးတွင် မည်သည့် အမည်နာမကိုမှ ရေးသားဖော်ပြထားခြင်း မရှိပေ။

The Daily Eleven သတင်းစာတွင် နိုဝင်ဘာ ၆ ရက်နေ့က ဖော်ပြခဲ့သည့် “ရွေးကောက်ပွဲ တနှစ်ကြာသော်” အယ်ဒီတာ့ အာဘော်တွင် “လစာ ဒေါ်လာ ၂၅၀၀ ခန့်ရသည့် ဝန်ကြီးချုပ်တဦး ဒေါ်လာ တစ်သိန်းခန့်တန်တဲ့ Patek Phillipe နာရီကို ဝတ်ဆင်တဲ့သတင်းကတော့ အနည်းဆုံးလုပ်ခလစာ ၂ ဒေါ်လာခွဲသာရတဲ့ နိုင်ငံသား တော်တော်များများ မကျေမနပ်ဖြစ်တယ်” “ယင်းနာရီကို လက်ဆောင်ပေးသူမှာ မကြာသေးမီက မူးယစ်ဆေးဝါး အမှုဖြင့် ထောင်က လွတ်လာခဲ့သော သူဌေးကြီး တဦးဖြစ်ပြီး အစိုးရအကူးအပြောင်းမှာ မြို့သစ်စီမံ ကိန်း ကို တင်ဒါအောင်မြင်ခဲ့သူ တဦးဖြစ်ကြောင်း သိရသည်” စသည့် စာသားများကို ဖော်ပြခဲ့ခြင်းဖြစ်သည်။

Did you find apk for android? You can find new Free Android Games and apps.
Loading