ရန်ကုန်တိုင်းဒေသကြီး မင်္ဂလာတောင်ညွန့်မြို့နယ် ပုသိမ်ညွန့် ရပ်ကွက်အတွင်းရှိ ကြက်၊ ဘဲ ဈေးကို မြို့အင်္ဂါရပ်နှင့်မညီ သည့်အတွက် အမြန်ဆုံးရွှေ့ပြောင်းပေးရန် တိုင်ကြားမှုများ ရှိနေကြောင်း သိရသည်။
ယင်းကြက်၊ ဘဲ ဈေးသည် အ.မ.က(၂၁) မင်္ဂလာတောင်ညွန့် စာသင်ကျောင်းနှင့် အလွန်နီးကပ်ခြင်း၊ အနံ့အသက် ဆိုးရွား ခြင်း၊ ခိုက်ရန်ဖြစ်ပွားမှုများခြင်း၊ ယာဉ်ကြော ပိတ်ဆို့ခြင်းများကြောင့် ပုသိမ်ညွန့်ရပ်ကွက် ဒေသခံများက တိုင်ကြား ရခြင်း ဖြစ်သည်ဟု ပုသိမ်ညွန့်ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးဆန်းဝင်းက ဧရာဝတီကို ပြောသည်။
“အမှန်က အဲဒီကြက်ဘဲဈေး ရှိကို မရှိစေချင်တာ။ ကျနော်တို့ရပ်ကွက်ကို ဘာအကျိုးမှလည်း မပြုဘူး။ ညဘက်ဆိုလည်း ကြက်ကား လိုက်တဲ့သူတွေက ဆယ့်နှစ်နာရီတချက်ဆို ရပ်ကွက်ထဲပြန်ဝင်လာ။ အရက်ဆိုင်တွေမှာ စတည်းချ ခိုက်ရန်ဖြစ် ကြ။ အရင်တုန်းကဆို လူသတ်မှုအထိတောင် ဖြစ်တယ်။ ကြက်ငှက်တုပ်ကွေး ဖြစ်တယ်ဆိုလည်း စိုးရမ်ရ။ ဒီကြက်ဘဲဈေး ရောက်လာပြီးမှ လူတွေလည်း စိတ်သောကရောက် အမြဲတမ်းကြောက်လန့် နေရတယ်”ဟုလည်း ၎င်းက ပြောဆိုသည်။
ဆက်လက်၍ ၎င်းက ကြက်ဘဲဈေး ရွှေ့ပြောင်းပေးရန် အစိုးရအဆက်ဆက် ကတည်းက ရပ်/ကျေး အုပ်ချုပ်ရေးမှူးများမှ တဆင့် တောင်းဆိုမှုများ၊ တိုင်ကြားမှုများ ရှိခဲ့သော်လည်း အရေးတယူ မရှိခဲ့သည့်အတွက် ရပ်ကွက်နေသူများက ဆန္ဒပြ တောင်းဆိုရန်အထိ ကြိုးစားနေကြသည်ဟုလည်း ဆိုသည်။
ဦးဆန်းဝင်းက “ဟိုဘက်နားမှာ တပ်မတော် ငါးပိစက်ရုံ ဆိုတာရှိတယ်။ အဲဒီက အနံ့ရယ်။ ကြက်ဘဲဈေးက အနံ့အသက် တွေရယ် တော်တော်လေးကို ဆိုးပါတယ်။ ရပ်ကွက်အနေနဲ့ ခံစားနေရတာ နှစ်ပေါင်း မနည်းတော့ဘူး။ ခေတ်အဆက်ဆက် ရပ်ကွက်သူ/သားတွေက ပြောင်းပေးဖို့ပြောတိုင်းမှာ ဘယ်လူကြီးကမှ အရေးတယူမရှိဘူး အခုအချိန်ထိ။ အကယ်၍များ လူကြီးသားသမီး တယောက်လောက်များ ဒီကျောင်းမှာနေတာဆို ဒီကြက်ဘဲဈေး အမြန်ဆုံးရွှေ့တာပေါ့။ ကျနော်တို့ ရပ်ကွက်က ဆင်းရဲသားတွေများတော့ အရေးတယူမရှိဘူးလို့ ပြောချင်ပါတယ်”ဟု ဆက်ပြောသည်။
ကြက်ဘဲဈေးပြောင်းရွှေ့ပေးရန် တိုင်ကြားမှုများကြောင့် လွှတ်တော်ကိုယ်စားလှယ်များ၊ ရပ်ကွက် တာဝန်ရှိသူများ၊ ဈေး တာဝန်ခံများသည် နိုဝင်ဘာ ၆ ရက်က တွေ့ဆုံဆွေးနွေးခဲ့ကြရာ ကြက်ဘဲဈေးတွင် မှုခင်းများ ကျဆင်းစေရေး လုံခြုံရေး ကင်မရာများ တပ်ဆင်ရန်၊ ယင်းဈေးရှိ အလုပ်သမားများကို သက်သေခံ ကတ်ပြားများ ပြုလုပ်ပေးရန်၊ ကားလမ်းမပိတ် စေရေး စနစ်တကျ ဆောင်ရွက်ရန်နှင့် ဈေးသန့်ရှင်းရေးများ ဆောင်ရွက်စေရန် ဆွေးနွေးခဲ့ကြကြောင်း လွှတ်တော် ကိုယ်စားလှယ် များက ပြောသည်။
သို့သော် ဈေးပြောင်းရွှေ့ရေး အတွက်ကိုမူ တစုံတရာ ဆုံးဖြတ်ခဲ့ခြင်းမရှိကြောင်း သိရသည်။
မင်္ဂလာတောင်ညွန့်မြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်ဖြူဖြူသင်းက “ဈေးရွှေ့ဖို့ ကိစ္စကတော့ အစိုးရအဖွဲ့ အနေနဲ့ သေသေချာချာ စနစ်တကျ ပြင်ဆင်ရမယ့်အပိုင်း။ ကျမတို့က လတ်တလောမှာ ဖြေရှင်းလို့ ရနိုင်မယ့်ကိစ္စတွေကို ပုသိမ်ညွန့်ရပ်ကွက် အုပ်ချုပ်ရေးပိုင်း၊ ဈေးတာဝန်ခံတွေနဲ့ တွေ့ဆုံညှိနှိုင်းပြီး ဘာတွေလုပ်သင့်တယ် ဆိုတာ အကြံပေး တယ်။ သူတို့ဘက်ကလည်း ပြင်ဆင်နေတာတွေရှိတယ်”ဟု ပြောဆိုသည်။
လတ်တလောအနေအထားအရ ကြက်ဘဲဈေးကို ရွှေ့ပြောင်းမည်ဆိုပါက လက်လွတ်စပယ်ရွှေ့ပြောင်းရန်မဖြစ်နိုင်ကြောင်း၊ တဖက်တွင် ယခုအခြေအနေထက် ပိုမိုကောင်းမွန်သည့် အခင်းအကျင်းများရှိရန်လိုအပ်ပြီး သက်ဆိုင်သူအားလုံး နှင့် ညှိနှိုင်းဆောင်ရွက်ရန် လိုအပ်ကြောင်း မင်္ဂလာတောင်ညွန့်မြို့နယ် ကိုယ်စားလှယ်များက ပြောသည်။
မင်္ဂလာတောင်ညွန့် တိုင်း လွှတ်တော်ကိုယ်စားလှယ် ဦးရန်အောင်က “အလုပ်သမား သုံးမျိုးရှိတာတွေ့ရတယ်။ ဆိုင်က ငှား ထားတဲ့အလုပ်သမား၊ ကြက်သတ်ပြီး ရေနွေးဖျောအမွှေးနုတ်တဲ့ အလုပ်သမား၊ နောက်တခုက ပြင်ပကနေ ပျံကျ လာလုပ် သူတွေ။ ပြဿနာတစုံတရာဖြစ်လာရင် ဘယ်သူ့ကြောင့်ဆိုတာ ပြောဖို့ တော်တော်ခက်တယ်။ ဒီအခြေအနေတွေကို ဖြေ ရှင်း ဖို့ စည်ပင်သာယာ ဝန်ထမ်း တိုးရမယ်။ ဒါမဖြစ်မနေ အထူးလိုအပ်နေတယ်။ တစုံတရာဖြစ်လာပြီဆို ဖြေရှင်းရ လွယ် အောင် အလုပ်သမား လည်ဆွဲကတ်တွေ ထားပေးရမယ်”ဟု ပြောဆိုသည်။
ဆက်လက်၍ ၎င်းက ကြက်၊ဘဲဈေးတွင် ဈေးဆိုင်ခန်းပေါင်း ၉၆ ခန်းရှိပြီး တာဝန်ကျ စည်ပင်သာယာ ဝန်ထမ်းမှာ ၄ ဦးသာ ရှိသည့်အတွက် အုပ်ချုပ်ရေးပိုင်း အလွန်အားနည်သည်ကို တွေ့ရကြောင်း၊ တရားဝင် သတ်မှတ်ထားသည့် ဈေးဖွင့်ချိန်မှာ မနက် ၆ နာရီမှ ညနေ ၆ နာရီခွဲအထိဖြစ်သော်လည်း နယ်အသီးသီးမှ လာသည့်ကြက်ကားများသည် ညသန်းခေါင်ကျော် အချိန်မှ စတင်လုပ်ကိုင်နေကြသည်ကို တွေ့ရကြောင်းလည်း ရှင်းပြသည်။
“သူတို့က CCTV တပ်ပြီး ကြက်ဘဲဈေး လုံခြုံရေး လုပ်ဖို့ပဲ ပြောတယ်လေ။ စိတ်ကျေနပ်မှုကတော့ မရှိပါဘူး။ အကြောင်း ကြောင့် သာ မတတ်သာလို့သာ လက်ခံရတဲ့သဘောမျိုးပဲ ရှိတယ်။ အဲဒီနားကအိမ်ကို ဘယ်သူကပဲ အချိန်မရွေး လာမေး မေး ဘယ်အိမ်မဆို အကုန်လုံးက လက်မခံကြဘူး။ ပြောင်းပေးစေချင်ကြတယ်”ဟု ဦးဆန်းဝင်းက ပြောသည်။
ရန်ကုန်တမြို့လုံးကို ကြက်သား၊ ဘဲသားများ ဖြန့်ချိပေးနေသည့် မင်္ဂလာတောင်ညွန့် ကြက်၊ဘဲဈေးသည် ၁၉၈၉ ခုနှစ် စက်တင်ဘာ ၁ ရက်တွင် စတင်ဖွင့်လှစ် ရောင်းချစဉ်က တနေ့လျှင် အသား ပိဿာချိန် နှစ်သောင်းကျော်သာ ထွက်ရှိ သော်လည်း ယခုအခါ ဈေးကွက်လိုအပ်ချက်အရ တနေ့လျှင် ပိဿာချိန်ပေါင်း ရှစ်သောင်းခန့် ရောင်းချနေရကြောင်း သိရ သည်။