သတင်း

ဆူးလေစကွဲ ဖွင့်ခွင့်ရပြီ

Want create site? Find Free WordPress Themes and plugins.

ရန်ကုန်မြို့ တော် စည်ပင်သာယာရေး ကော်မတီ (YCDC) သည် ခွင့်ပြုချက်မဲ့ အထပ်ကျော်လွန် ဆောက်လုပ်ခဲ့သည့် ဆူးလေ စကွဲ အဆောက်အအုံထံမှ ဒဏ်ငွေ လက်ခံရရှိပြီးနောက် အဆောက်အအုံ တည်ဆောက်ပြီးစီးမှု ထောက်ခံစာ Building Completion Certificate (BCC) ကို ထုတ်ပေးလိုက်ပြီ ဖြစ်သောကြောင့် ရှေ့လဆန်းတွင် ဖွင့်လှစ်နိုင်ရန် ပြင်ဆင်လျက်ရှိသည်။

အထပ်နှစ်ထပ် ကျော်လွန် ဆောက်လုပ်ခဲ့မှုအတွက် YCDC က ချမှတ်သည့် ဒဏ်ကြေးငွေ ကျပ်သိန်းနှစ်သောင်း (အမေရိကန်ဒေါ်လာ ၁.၆ သန်းခန့်) ကို ပြီးခဲ့သည့်လက အဆောက်အအုံ ရင်းနှီးမြှုပ်နှံသူများဘက်မှ ကော်မတီသို့ ပေးသွင်းခဲ့ပြီး ကော်မတီက BCC ကို နိုဝင်ဘာလ ၇ ရက်နေ့တွင် ထုတ်ပေးခဲ့ကြောင်း YCDC မှ သိရှိရသည်။

YCDC က အထပ်ပို နှစ်ထပ်အတွက် ချမှတ်ခဲ့သည့် ဒဏ်ကြေးငွေမှာ တစ် စတုရန်းပေလျှင် မြန်မာငွေကျပ် ၁၅၀၀၀ ကျပ်ဖြစ်ကြောင်းလည်း သိရှိရသည်။

ယခုအခါ ဆူးလေစကွဲသည် YCDC ၏ ပါမစ်ကြီး (နောက်ဆုံးခွင့်ပြုချက်) နှင့် BCC နှစ်ခုလုံး ရရှိထားပြီး ဖြစ်သဖြင့် အဆောက်အအုံအတွင်း ဆိုင်ခန်းနှင့် လုပ်ငန်းများ ဖွင့်လှစ်နိုင်ပြီ ဖြစ်သည်။ ဆူးလေစကွဲသည် ၂၀၁၆ ခုနှစ် အစောပိုင်းတွင် ဖွင့်လှစ်မည်ဟုု ယမန်နှစ်က ဆိုခဲ့သော်လည်း ယခုလို ဒဏ်ကြေးဆောင်ရမည့် ပြသနာများ ပေါ်ခဲ့သဖြင့် ဖွင့်လှစ်ရန် ကြန့်ကြာနေခဲ့ရသည်။ ဆူးလေစကွဲတွင် ဖွင့်လှစ်မည့် စားသောက်ဆိုင်များ သတင်းရပ်ကွက်မှ အဆိုအရ ဒီဇင်ဘာလဆန်းတွင် အကြိုဖွင့်လှစ်မှုများ စတင်နိုင်ကြောင်းသိရှိရသော်လည်း တရားဝင် ဖွင့်လှစ်မည့် ရက်အတိအကျကိုမူ ယခုအချိန်အထိ ကြေညာခြင်း မရှိသေးပေ။

၂၃ ထပ် အမြင့်ရှိ ဆူးလေစကွဲ အဆောက်အအုံသည် YCDC ၏ အဆောက်အအုံ စည်းကမ်းချက်များကို ချိုးဖောက်ခဲ့သည့်အတွက် ပါမစ်ကြီးနှင့် BCC များ ရရှိရန် နှောင့်နှေးနေခဲ့ခြင်း ဖြစ်သည်။

YCDC နှင့် ဆူးလေစကွဲ အဆောက်အအုံ ရင်းနှီးမြှုပ်နှံသူများကြား ညှိုနှိုင်းနေစဉ် ကာလအတွင်း မြို့တော်စည်ပင်၏ အတွင်းရေးမှူး ဒေါ်လှိုင်မော်ဦးက အထပ်မြင့် အဆောက်အအုံများနှင့် ပတ်သက်ပြီး YCDC အနေဖြင့် ပြည်သူအကျိုးကို ပထမဦးစားပေး စဉ်းစားပြီး လုပ်ငန်းရှင်များအပေါ်လည်း မတရားသဖြင့် မဖြစ်အောင် စီမံပေးနေကြောင်း ဧရာဝတီကို ပြောခဲ့သည်။

“ပြည်သူအတွက် အကောင်းဆုံး ဖြစ်မယ့်ဟာကို အန်တီတို့ လုပ်ပေးနေတယ်။ အဲဒါကို အန်တီတို့ ခိုင်ခိုင်မာမာ ရပ်တည်ပေးတယ်။ ဒါပေမယ့် အဲဒီလို ရပ်ပေးတဲ့ အချိန်မှာ လုပ်ငန်းရှင်ကိုလည်း မတရားသဖြင့် မဖြစ်အောင် အန်တီတို့ လုပ်ပေးနေတယ်” ဟု ပြောဆိုခဲ့သည်။

YCDC သည် ဆူးလေစကွဲ စီမံကိန်းအတွက် မူအားဖြင့် ခွင့်ပြုချက်ကိုု ၂၀၁၃ ခုနှစ် ဇန် နဝါရီလက ထုတ်ပေးခဲ့ပြီး ယင်းခွင့်ပြုချက်အရ မြေအောက်ထပ် နှစ်ထပ် ၊ (မြေပေါ်) အထပ် ၂၀ နှင့် penthouse တထပ် နှင့်အတူ အများပြည်သူ အသုံးပြုနိုင်မည့် စတုရန်းပေ ၅၀၀၀ ခန့်ရှိ နေရာတခု၊ စတုရန်းပေ ၉၀၀ ခန့်ရှိ အများသုံးအိမ်သာများ ပါဝင်ခဲ့သည်။

ဆူးလေစကွဲ အဆာက်အအုံ တည်ရှိရာ နေရာအများစုသည် မူလက အများပြည်သူ ပန်းခြံငယ်တခုနှင့် အများသုံးအိမ်သာများ ရှိခဲ့သည့်အတွက် YCDC နှင့် အဆောက်အအုံ ရင်းနှီးမြှုပ်နံှသူများကြား သဘောတူညီချက်အနေဖြင့် အဆောက်အအုံ တည်ဆောက်မှု ဒီဇိုင်းတွင် ထည့်သွင်းခဲ့ရခြင်း ဖြစ်သည်။

၂၀၁၆ မတ်လမကုန်မီတွင် ရင်းနှီးမြှုပ်နှံသူများဘက်မှ ထပ်မံ တင်ပြလာသည့် Revised proposal တွင်မူ မြေအောက်ထပ် တထပ်နှင့် မြေပေါ် ၂၃ ထပ် အဖြစ် မူလဒီဇိုင်းထက် အထပ်နှစ်ထပ် ပိုနေခဲ့သည်။ အများပြည်သူသုံး နေရာနှင့် အများသုံးအိမ်သာများမှာလည်း မူလဒီဇိုင်းပါ အကျယ်အဝန်းများထက် ကျဉ်းမြောင်းနေခဲ့သည်။

ဆူးလေစကွဲ အဆောက်အအုံတွင် အများပြည်သူဆိုင်ရာ နေရာနှင့် အများသုံး အိမ်သာများကို မူလတင်ပြခဲ့သည့် ဒီဇိုင်းအတိုင်း ပြန်လည်ဆောက်လုပ်ပေးရန်နှင့် အထပ်ပို နှစ်ထပ်အတွက် ဒဏ်ငွေဆောင်ရန် YCDC က ညွှန်ကြားခဲ့ပြီး နောက်ဆုံးရလဒ်အတွက် လများစွာ အချိန်ယူ ညှိနှိုင်းခဲ့ကြောင်း သိရှိရသည်။

ဆူးလေစကွဲ အဆောက်အအုံကို ဟောင်ကောင်အခြေစိုက် ရှန်ဂရီလာအုပ်စုပိုင်၊ ယခင်က ကုန်သည်ကြီးများ ဟိုတယ်ဟု ခေါ်တွင်သည့် ဆူးလေရှန်ဂရီလာဟိုတယ်နှင့် တဆက်တည်း ဆက်ကာ ဆောက်လုပ်ထားခြင်းဖြစ်သည်။

ယင်းကဲ့သို့ စီမံမှုသည် ရန်ကုန်မြို့တော်စည်ပင်က အဆောက်အအုံ ရင်းနှီးမြှုပ်နှံသူများကို ပထမဆုံးအကြိမ်အဖြစ် ပြင်းထန်သော ဒဏ်ကြေးငွေ ချမှတ်နိုင်ခဲ့မှု တခုအဖြစ် လည်းကောင်း၊ YCDC နှင့် အဆောက်အအုံ ရင်းနှီးမြှုပ်နှံသူများကြား ပြေပြေလည်လည် ညှိနှိုင်းနိုင်ခဲ့မှု တခုလည်းကောင်း စည်ပင် အသိုင်းအဝိုင်းက ပြောဆိုကြသည်။

Did you find apk for android? You can find new Free Android Games and apps.
Loading