ထိုင်းနိုင်ငံတောင်ပိုင်း လိပ်ကျွန်းလူသတ်မှုနှင့်ပတ်သက်ပြီး ထိုင်းအစိုးရ ရှေ့နေများ အနေဖြင့် နောက်ဆုံး ဖြေရှင်းလျှောက်လဲ ချက်ကို တပတ်အတွင်း တင်ရန် အယူခံတရားရုံးက အကြောင်းကြားမည်ဖြစ်ကြောင်း ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံရုံး လိပ်ကျွန်း လူသတ်မှှု အထူးစုံစမ်းရေးအဖွဲ့က ပြောသည်။
လိပ်ကျွန်းလူသတ်မှုနှင့် ပတ်သက်ပြီး မြန်မာနိုင်ငံသား ၂ ဦးဘက်က အယူခံတင်ထားသော်လည်း ထိုင်းအစိုးရ ရှေ့နေများ ဘက်မှ နောက်ဆုံး လျှောက်လဲချက်ပေးရမည့် ယခုလ ၁၀ နေ့က ရောက်မလာဘဲ ပျက်ကွက်ခဲ့သဖြင့် ယခု တပတ်အတွင်း နောက်ဆုံး လျှောက်လဲချက်ပေးရန် အယူခံတရားရုံးက ဆုံးဖြတ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
မြန်မာသံရုံး အထူးစုံစမ်းရေးအဖွဲ့မှ ရှေ့နေ ဦးအောင်မျိုးသန့်က “ဒီအပတ်အတွင်းမှာ (အယူခံ) တရားရုံးက နေပြီးတော့ ထိုင်းနိုင်ငံ တောင်ပိုင်းမှာရှိတဲ့ အမှတ် ၈ ရှေ့နေချုပ်ရုံးကို စာပို့ပြီးတော့ ဒီအမှုနဲ့ပတ်သက်ပြီးတော့ လျှောက်လဲချက်တင်ဖို့ အတွက်ကို အကြောင်းကြားမယ်လို့သိရပါတယ်။ ဒါက တရားရုံး လုပ်ရမယ့် တာဝန်ပါ” ဟု ဧရာဝတီသို့ ပြောသည်။
မြန်မာနိုင်ငံသား ၂ ဦးဖြစ်သော ကိုဇော်လင်းနှင့် ကိုဝင်းဇော်ထွန်းတို့ကို ဗြိတိသျှလူငယ်နှစ်ဦးကို သတ်ဖြတ်မှုနှင့် ထိုင်းနိုင်ငံ တောင်ပိုင်း ကော်စမွီတရားရုံးက ၂၀၁၅ ခုနှစ် ဒီဇင်ဘာလ ၂၄ ရက်က သေဒဏ်ချမှတ်ခဲ့ပြီး တရားခံ ရှေ့နေများဘက်မှ မြန်မာနိုင်ငံသား နှစ်ဦးမှာ အပြစ်မရှိကြောင်း စာမျက်နှာ ၁၉၈ မျက်နှာပါ အယူခံလွှာ တင်သွင်းမှုကို ထိုင်းအယူခံတရားရုံးက ၂၀၁၆ ခုနှစ် မေလ ၂၃ ရက်နေ့က လက်ခံခဲ့သည်။
အဆိုပါ အယူခံလွှာနှင့် ပတ်သက်ပြီး အယူခံတရားရုံးက စစ်ဆေးသုံးသပ်ပြီးနောက် အစိုးရရှေ့နေများဘက်သို့ စစ်ဆေးခဲ့ရာ ပြစ်ဒဏ်ချမှတ်ခြင်းတွင် အားနည်းချက်များ ရှိနေသဖြင့် ဖြေရှင်းချက် ၉ ကြိမ်တိတိ တောင်းဆိုခဲ့သော်လည်း ဖြေရှင်းချက် မပေးနိုင်ခဲ့သည့်အပြင် နောက်ဆုံးလျှောက်လဲချက်ပေးရမည့် နိုဝင်ဘာ ၁၀ ရက်နေ့ကလည်း ရောက်မလာဘဲ ပျက်ကွက် ခဲ့သည်ဟုသိရသည်။
အယူတရားရုံးအနေဖြင့် စာမျက်နှာ ၂၉၈ မျက်နှာ ပါရှိသော အယူခံလွှာ အပါအဝင် စာမျက်နှာ ၃ ထောင်ကျော်ရှိသည့် လိပ်ကျွန်း လူသတ်မှု အမှုတွဲတခုလုံးကိုလည်း ဖတ်ရှုလေ့လာကာ ဖြေရှင်းရန်လိုအပ်သည့် အချက်များအား အစိုးရ ရှေ့နေများ ဘက်မှ ဖြေရှင်းချက်ပေးရန် တင်ခိုင်းခြင်းဖြစ်ပြီး အကယ်၍ နောက်ဆုံး လျှောက်လဲချက် မပေးနိုင်ခဲ့လျှင် အယူခံ တရားရုံး အနေဖြင့် လုပ်ထုံးလုပ်နည်းအရ ဆက်လက်ဆောင်ရွက်သွားလိမ့်မည်ဟုဆိုသည်။
“ဖြေရှင်းချက်တွေကို အစိုးရရှေ့နေဘက်က တင်မလာခဲ့တော့ဘူးဆိုရင် ခုနကပြောတဲ့ အန်ကယ်တို့ဘက်က အယူခံ လျှောက်လွှာရယ်၊ အမှုတွဲကြီးအပေါ်မူတည်ပြီးတော့ ပေါ်ပေါက်တဲ့ အချက်တွေအပေါ်အရ အယူခံတရားသူကြီးက သုံးသပ်ပြီးတော့ ဆုံးဖြတ်လို့ရပါတယ်။ အဲဒါဆိုရင်တော့ အန်ကယ််တို့ဘက်က လိုချင်တဲ့ အဖြေမျိုးရလိမ့်မယ်လို့ မျှော်လင့် ပါတယ်” ဟု ရှေ့နေ ဦးအောင်မျိုးသန့် ကပြောသည်။
ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံရုံး လိပ်ကျွန်းလူသတ်မှှု အထူးစုံစမ်းရေးအဖွဲ့နှင့် ထိုင်းနိုင်ငံ ရှေ့နေများကောင်စီတို့မှ လိပ်ကျွန်း လူသတ်မှုတွင် မြန်မာနိုင်ငံသား နှစ်ဦး ကျူးလွန်မှု မရှိကြောင်း အစဉ်တစိုက် ငြင်းဆိုခဲ့ကြပြီး ၎င်းတို့၏ ငြင်းဆိုချက်နှင့် ပတ်သက်သည့် သက်သေ အထောက်အထားများ စုစည်းကာ အယူခံ တရားရုံးအဆင့်အထိ တက်ခွင့်ရခဲ့သည်။
ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံရုံး သံအမတ်ကြီး ဦးဝင်းမောင် က “ကျနော်တို့ဘက်ကတော့ မြန်မာပြည်မှာရှိတဲ့ အစိုးရ အဖွဲ့က ဖွဲ့ပေး ထားတဲ့ အဖွဲ့ကနေပြီးတော့ အယူခံလွှာကို ထိုင်းရှေ့နေများကောင်စီနဲ့ ပေါင်းပြီးတော့ သေချာပြင်ဆင်ပြီးတော့ တင်ထားခဲ့ ကြတာ။ သူတို့ (ထိုင်းအစိုးရရှေ့နေ) ဆီက ဘာမှ ဖြေရှင်းချက်မလာသေးတော့ ပြောရတော့ခက်တာပေါ့။ အမှု လက်ရှိ အခြေ အနေ အတိုင်းဆိုရင်တော့ ကလေးတွေအတွက် အလားအလာကောင်းပါတယ်” ဟု ဧရာဝတီသို့ ပြောသည်။
မြန်မာရွှေ့ပြောင်း အလုပ်သမားများဖြစ်သည့် ကိုဝင်းဇော်ထွန်းနှင့် ကိုဇော်လင်းတို့သည် အခင်းမဖြစ်ပွားခင်က လိပ်ကျွန်းတွင် အလုပ်လုပ်ကိုင်ခဲ့ကြပြီး ၂၀၁၄ ခုနှစ် စက်တင်ဘာ ၁၅ ရက်က ဗြိတိန်နိုင်ငံသား အသက် ၂၄ နှစ် အရွယ် ဒေးဗစ် မေလာ (David Miller) နှင့် အသက် ၂၃ နှစ်အရွယ် ဟန်နာ ဝစ်သာရစ်ဂျ် (Hannah Witheridge) တို့ နှစ်ဦး အသတ်ခံရမှုနှင့် ပတ်သက်၍ သံသယ တရားခံများအဖြစ် စွပ်စွဲ ဖမ်းဆီးခံရပြီး ပြစ်မှု ကျူးလွန်သည်ဟုု ဆိုုကာ ပြစ်ဒဏ်ချမှတ်ခံရခြင်းဖြစ်သည်။
ကိုဝင်းဇော်ထွန်းနှင့် ကိုဇော်လင်းတို့က လူသတ်မှုနှင့်ပတ်သက်ပြီး ကျူးလွန်ခဲ့ကြောင်း မူလက ထွက်ဆိုခဲ့ကြ သော်လည်း နောက်ပိုင်းတွင် ထိုင်းရဲ၏ နှိပ်စက်ဝန်ခံခိုင်းခဲ့မှုကြောင့် ဝန်ခံခဲ့ရခြင်းဖြစ်ပြီး အမှုကို မကျူးလွန်ကြောင်း ပြန်လည် ထွက်ဆိုခဲ့ကြ ကြောင်း၊ သိုု့ရာတွင် တရားရုံးက ၂၀၁၅ ခုနှစ် ဒီဇင်ဘာ ၂၄ ရက်တွင် ၎င်းတို့ ၂ ဦးကိုု လူသတ်မှုအပါအဝင် ပုဒ်မ ရ ခုဖြင့် အမြင့်ဆုံး သေဒဏ် ပြစ်ဒဏ်များ ချမှတ်ခဲ့သည်။