အင်္ဂလန်ရှိ ဆေးခန်းတခုတွင် ဆယ်ကျော်သက် အမျိုးသမီးငယ် တဦး၏ ရင်သားကို ထိတွေ့ကိုင်တွယ်ခဲ့သည် ဆိုသည့် စွပ်စွဲချက် ဖြင့် ဖမ်းဆီးခံခဲ့ရသော မြန်မာဆရာဝန်သည် ပြန်လည်စစ်ဆေးရန် လျှောက်ထားပြီး ကြားနာရာတွင် နားလည်မှုလွဲမှားခြင်းသာ ဖြစ်ကြောင်း လျှောက်လဲနိုင်ခဲ့သောကြောင့် တရားရုံးက အပြစ်မရှိကြောင်း ဆုံးဖြတ်ခဲ့သည်။
အသက် ၄၅ နှစ် အရွယ် ရှိပြီ ဖြစ်သော ဒေါက်တာ အံ့ထွန်းမောင်သည် Teesside ရှိ ဆေးခန်းတခုသို့ လာပြသော အသက် ၁၉ နှစ် အရွယ် မိန်းကလေးတဦးကို မဖွယ်မရာ ပြုလုပ်ခဲ့သည် ဆိုသည့် စွပ်စွဲချက်ဖြင့် ပြီးခဲ့သည့် ဧပြီလ အတွင်းက ထောင်ဒဏ် ချမှတ်ခြင်း ခံခဲ့ရသည်။ အကျဉ်းထောင်အတွင်း ၆ လ နေခဲ့ရသည်။
ကလေးတယောက်၏ ဖခင်ဖြစ်သူ ဒေါက်တာ အံ့ထွန်းမောင်က ဆေးခန်းလာပြသည့် မိန်းကလေး၏ ရင်သားများကို ကိုင်တွယ်ခဲ့သည်ဟု စွပ်စွဲခံခဲ့ရခြင်း ဖြစ်သည်။ သို့သော်လည်း အမှုကို ပြန်လည် စစ်ဆေးသည့်အခါ လိင်မှုဆိုင်ရာ ကျူးလွန်စော်ကားခြင်း မဟုတ်ကြောင်း ဆုံးဖြတ်ပေးခဲ့သည်။
ဒေါက်တာ အံ့ထွန်းမောင်က သူ့အနေဖြင့် အလွန် စိတ်သက်သာရာ ရခဲ့ကြောင်း တရားရုံး အပြင်ဘက်တွင် ပြောသည်။ “ကျနော့် အနေနဲ့ ဒါကို လူသိရှင်ကြား ဖြစ်စေချင်ပါတယ်။ ဘာကြောင့်လဲ ဆိုတော့ ကျနော့် ပြစ်ဒဏ်ကို ပယ်ဖျက်ပေး ပြီး ဖြစ်ပေမယ့် တရားဝင် ပြောဆိုခွင့် တရားရုံးကနေ မရသေးပါဘူး” ဟုလည်း သူက ပြောကြောင်း ဗြိတိသျှသတင်းစာ Daily Mail က ရေးသည်။
အထွေထွေ ကျန်းမာရေးကောင်စီ (General Medical Council) ၏ စစ်ဆေးကြားနာမှု ခံယူရန် စောင့်ဆိုင်း နေစဉ် အတွင်း မှတ်ချက် တစုံတရာ ပြောကြားခြင်း မပြုရန် တားမြစ်ထားခြင်းကြောင့် ဖြစ်သည်ဟု လည်း ဒေါက်တာ အံ့ထွန်းမောင်က ပြောသည်။ သူ့ကို ၂၀၁၃ ခုနှစ် အောက်တိုဘာလ ကတည်းက ဆေးကုသခွင့် ရပ်ဆိုင်းထားပြီး ဆေးကုသခွင့် ပြန်ရရေး နောက်ထပ် ကြားနာစစ်ဆေးမှုများ ရင်ဆိုင်ရဦးမည် ဖြစ်သည်။
စွပ်စွဲသူ အမျိုးသမီးငယ်က ၂၀၁၂ ခုနှစ် ဇူလိုင်လ အတွင်းတွင် တုပ်ကွေးနှင့် တူသည့် ရောဂါကို ပြသရန် ဆေးခန်းသို့ လာခဲ့ကြောင်း တရားရုံးတွင် ထွက်ဆိုခဲ့သည်။ ဒေါက်တာ အံ့ထွန်းမောင်က သူ၏ နားများနှင့် လည်ချောင်းကို စစ်ဆေး ပြီးနောက် ကိုယ်ကိုရှေ့သို့ ကိုင်းညွှတ်ခိုင်း၍ ရင်ဘတ်ကို နားကြပ်ဖြင့် စမ်းသပ်ခဲ့သည် ဟုလည်း ဂျူရီ လူကြီးများကို ပြောခဲ့သည်။ ထို့ နောက် အင်္ကျီနှင့် အတွင်းခံကိုလည်း “ဒါတွေကို ဖယ်ပေးနိုင်မလား” ဟု ပြော၍ ဖယ်ရှားခိုင်းခဲ့သည် ဟုလည်း ဆိုသည်။
ဒေါက်တာ အံ့ထွန်းမောင်က သူ၏ ရင်သားများပေါ်တွင် လက်တင်၍ ခဏတာမျှ ကိုင်တွယ်ပွတ်သပ်ခဲ့သည်ဟု အမျိုး သမီးငယ်က စွပ်စွဲခဲ့သည်။ သို့သော်လည်း ဒေါက်တာ အံ့ထွန်းမောင်က နားလည်မှုလွဲမှားခြင်းသာ ဖြစ်ကြောင်း၊ သူ့အနေဖြင့် တုတ်ကွေးရောဂါကြောင့် ဖြစ်နိုင်သည့် ရင်ခေါင်းအတွင်းမှ အသံများကို နားကြပ်ဖြင့် နားထောင် စစ်ဆေးခဲ့ ခြင်းသာ ဖြစ်ကြောင်း ပြောဆိုခဲ့သည်။ ဆယ်ကျော်သက် မိန်းကလေး၏ အတွင်းခံအင်္ကျီကိုလည်း ချွတ်ရန် မခိုင်းခဲ့ကြောင်းလည်း ငြင်းဆန်ခဲ့သည်။
တရားခံရှေ့နေ အဖြစ် ဆောင်ရွက်ပေးခဲ့သည့် Felicity Gerry က “ရင်သားတွေကို ကိုင်တွယ် ပွတ်သပ်ခဲ့ တာ မရှိပါဘူး။ ပုံမှန် ကျန်းမာရေး စစ်ဆေးမှု တခုပါ။ ဒါတွေ အားလုံးက နားလည်မှု အကြီးအကျယ် လွဲမှား ခဲ့တာ ဖြစ်ပါတယ်” ဟုပြောသည်။
ဒေါက်တာ အံ့ထွန်းမောင်ကို ထောင်ဒဏ် ၁၈ လ ချမှတ်ခဲ့ပြီး နောက် သူ၏ မိသားစုနှင့် မိတ်ဆွေများက သူ့တွင် အပြစ်မရှိကြောင်း တောင်းဆို လှုပ်ရှားခဲ့ကြသည်။ ထောင်ထဲတွင် ၆ လနေခဲ့ရပြီးနောက် အယူခံ ဝင်ရာတွင် အောင်မြင်ခဲ့သည်။
Daily Mail ၏အဆို စွပ်စွဲသူ အမျိုးသမီးက တရားခွင် စစ်ဆေးစဉ်အတွင်း ပရိသတ်များ နေရာတွင် လာရောက် ထိုင်နေခဲ့သည်။ သက်သေထွက်ဆိုချက် ပေးရန် ခေါ်ယူခြင်း မပြုမီ တရားရုံးချုပ်က ဒေါက်တာ အံ့ထွန်းမောင်၏ ပြစ်ဒဏ်ကို ပယ်ဖျက်ပေးခဲ့ကြောင်း သိရသည်။ နောက်ဆုံးကြားနာ စစ်ဆေးမှုတွင် အမျိုးသမီး ၆ ဦးနှင့် အမျိုးသား ၆ ဦး ပါဝင်သည့် ဂျူရီ အဖွဲ့က သူ့တွင် အပြစ်မရှိကြောင်း ဆုံးဖြတ်ပေးခဲ့သည်။
ဒေါက်တာ အံ့ထွန်းမောင်က Sunderland၊ Teesside နှင့် Hartlepool ရှိ ဆေးရုံများတွင် လုပ်ကိုင်ခဲ့ပါသည်။ အင်္ဂလန် နိုင်ငံသို့ ၁၉၉၀ နှောင်ပိုင်းနှစ်များတွင် ရောက်ရှိလာပြီး အထွေထွေ ရောဂါကု ဆရာဝန် အဖြစ် လုပ်ကိုင်ခွင့် ရရှိခဲ့ကြောင်း သူက တရားရုံးတွင် ထွက်ဆိုခဲ့သည်။ သူ၏ ကွယ်လွန်သူ ဖခင်မှာ မြန်မာနိုင်ငံမှ ခွဲစိတ် အထူးပြု ပါမောက္ခ တဦးဖြစ်ပြီး မိခင်မှာလည်း ဆရာဝန် တဦးဖြစ်သည်။
သူ၏ အကျင့်စာရိတ္တနှင့် ပတ်သက်၍ ထောက်ခံသူများက ဒေါက်တာ အံ့ထွန်းမောင်သည် ကြင်နာတတ်၍ လူမှု ကျင့်ဝတ်ကို ခိုင်မြဲစွာ လိုက်နာသူ တယောက်ဖြစ်ပြီး တနေ့လျှင် ၅ ကြိမ် တရားထိုင်သူ ဖြစ်ကြောင်း Sunderland ရှိ ဗုဒ္ဓဘာသာ တရားစခန်း၌ ဦးဆောင် အဖွဲ့ဝင် တယောက်ဖြစ်ကြောင်း ပြောကြသည်။
သူ၏ လုပ်ဖော်ကိုင်ဖက် ဆရာဝန်တဦးက “ဒေါက်တာ အံ့ထွန်းမောင်က သူ့မှာ အပြစ် မရှိကြောင်း သက်သေပြဖို့ ထိုက်တန် ပါတယ်။ ဘာကြောင့်လဲ ဆိုတော့ သူက ပထမအကြိမ် စစ်ဆေးမှုမှာ မှားယွင်းပြီး ပြစ်ဒဏ် ချမှတ်ခံရတာပါ။ ဒီတိုင်းပြည် (အင်္ဂလန်) အတွင်းက ဆရာဝန်တွေသာမက နိုင်ငံခြားက ဆရာဝန်တွေကပါ သူ့ကို ထောက်ခံခဲ့ကြပါတယ်။ ဒီအတွက် သူတို့ကို ကျနော်တို့က ကျေးဇူးတင်ပါတယ်” ဟု တရားရုံးတွင် ပြောပြောကြောင်း Daily Mail က ရေးသားထားသည်။