ရခိုင်ပြည်နယ်၊ မောင်တောဒေသတွင် မြန်မာ့တပ်မတော်နှင့် အကြမ်းဖက်တိုက်ခိုက်သူများအကြား တိုက်ပွဲများ အပြင်းအထန် ဖြစ်ပွားပြီး လူအသေအပျောက် ၇၀ ထက်မနည်းရှိလာချိန်တွင် ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင်အဖွဲ့သည် ရခိုင်ပြည်နယ် စစ်တွေမြို့သို့ ရောက်ရှိနေပြီး၊ ပြည်နယ်အစိုးရ အဖွဲ့၊ မြို့မိမြို့ဖများ အပါအဝင် လူမှု အဖွဲ့အစည်းများနှင့်လည်း တွေ့ဆုံမည် ဖြစ်ကြောင်း သိရသည်။
ထို့အတူ နိုဝင်ဘာလ ၁၆ ရက်နေ့တွင် စစ်တွေမြို့ရှိ ဒုက္ခသည် စခန်းများသို့ သွားရောက်မည်ဖြစ်ပြီး၊ ရခိုင်ပြည်နယ် အတွင်း ဖြစ်ပွားနေသည့် အခြေအနေများကို လေ့လာမည်ဖြစ်ကြောင်း ကော်မရှင်အဖွဲ့ဝင် ဦးအေးလွင်က ဧရာဝတီ ကို ပြောသည်။
ယခု ခရီးစဉ်သည် ကော်မရှင်အဖွဲ့၏ ပုံမှန်လေ့လာရေး ခရီးစဉ်ဖြစ်ပြီး၊ မောင်တော၌ ဖြစ်ပွားနေသည့် အကြမ်းဖက်မှုများနှင့် ပတ်သက်၍ သီးသန့်ဆွေးနွေးမည် မဟုတ်သော်လည်း ပြည်နယ်အစိုးရ အဖွဲ့ဆွေးနွေးသည့် အပေါ် ပြန်လည်ဆွေးနွေး သွားမည်ဖြစ်ကြောင်း၊ မောင်တောဒေသသို့သွားရန် စီစဉ်ထားသော်လည်း မသေချာသေးကြောင်း ဦးအေးလွင် က ဆိုသည်။
ပြည်နယ် အစိုးရ အဖွဲ့ အတွင်းရေးမှူး ဦးတင်မောင်ဆွေက ပြောရာတွင် ကော်မရှင်အဖွဲ့သည် ပြည်နယ်အစိုးရနှင့် တွေ့ဆုံ ရာ၌ မောင်တောဒေသသို့ သွားရောက်လိုသည်ဟု ပြောဆိုခဲ့သော်လည်း အတိအကျ မသိရသေးကြောင်း၊ သွားမည်ဆို ပါက လည်း ပြည်နယ် အစိုးရ အနေဖြင့် စီစဉ်ပေးသွားမည် ဖြစ်ကြောင်း ဧရာဝတီ ကို ပြောသည်။
မောင်တောဒေသ တည်ငြိမ်အေးချမ်းရေးအတွက် ပြည်နယ်အစိုးရ အပါအဝင် သက်ဆိုင်ရာအဖွဲ့အစည်းများက ဆောင် ရွက်နေကြောင်း၊ သို့သော် အကြမ်းဖက်တိုက်ခိုက်မှု တချို့လည်း ရှိနေဆဲ ဖြစ်ကြောင်း၊ မောင်တောဒေသ၌ ကူညီကယ် ဆယ်ရေး လုပ်မည့် အဖွဲ့များကိုလည်း လွတ်လပ်စွာ လာရောက်ခွင့်ပြုမည် ဖြစ်ကြောင်း၊ လက်ရှိတွင်လည်း ကယ်ဆယ်ရေး လုပ်ဆောင်နေသည့် အဖွဲ့ တချို့ရှိကြောင်း ဦးတင်မောင်ဆွေ က ပြောသည်။
၎င်းက “မောင်တောဒေသကို နိုင်ငံတကာ ကြက်ခြေအဖွဲ့ ( ICRC ) အပါအဝင် ဘယ်အဖွဲ့မဆို လွတ်လပ်စွာ လာရောက် လေ့လာခွင့်ပြုထားပါတယ်” ဟု ဆိုသည်။
ကော်မရှင်အဖွဲ့၏ ယခု ခရီးစဉ်သည် ဒုတိယ အကြိမ်ဖြစ်ပြီး၊ ဥက္ကဌဖြစ်သည့် ကမ္ဘာ့ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ဟောင်း မစ္စတာကိုဖီအာနန် ပါဝင်ခြင်း မရှိပေ။ ကော်မရှင်အဖွဲ့သည် ရခိုင်ပြည်နယ်၌ ၃ ရက်ကြာ လေ့လာကြမည် ဖြစ်သည်။ ကော် မရှင်သည် ၎င်းတို့၏ ရခိုင်ပြည်နယ် ခရီးစဉ်ပြီးဆုံးပါက သတင်းစာရှင်းလင်းပွဲ ပြုလုပ်သွား မည်ဟုလည်း သိရသည်။
ကော်မရှင်အဖွဲ့၏ ဥက္ကဌ ဖြစ်သူ မစ္စတာ ကိုဖီအာနန် က မောင်တောဒေသ၌ အကြမ်းဖက်မှုများနှင့်ပတ်သက်၍ အလွန် စိုးရိမ်ကြောင်း၊ အကြမ်းဖက်မှုကို ဆန့်ကျင်ကြောင်း၊ လုံခြုံရေး ဆောင်ရွက်နေသည့် တာဝန်ရှိပုဂ္ဂိုလ်များ အနေဖြင့်လည်း တ ရားဥပဒေနှင့်အညီ ဆောင်ရွက်ရန် တိုက်တွန်းလို ကြောင်း ယနေ့ရက်စွဲ ဖြင့် ကြေညာချက် ထုတ်ပြန်ထားသည်။
ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင်၌ မစ္စတာ ကိုဖီအာနန် အပါအဝင် လူပုဂ္ဂိုလ် ၉ ဦးဖြင့် နိုင်ငံတော် အတိုင်ပင်ခံရုံး က သြဂုတ်လ ၂၄ ရက်နေ့တွင် ဖွဲ့စည်းပေးခဲ့သည်။ ကော်မရှင်၌ နိုင်ငံခြားသား ၃ ဦးပါဝင်ပြီး၊ မြန်မာနိုင်ငံသားများ ဖြစ် သည့် ဦးဝင်းမြ၊ ဒေါက်တာသာလှရွှေ၊ ဦးအေးလွင်၊ ဦးခင်မောင်လေး၊ ဒေါ်စောခင်တင့်၊ ဒေါက်တာ မြသီတာ စသည့် ပုဂ္ဂိုလ် များပါဝင်သည်။
မောင်တောအကြမ်းဖက်မှု ဖြစ်စဉ်များကြောင့် အောက်တိုဘာလ ၉ ရက်နေ့မှ နိုဝင်ဘာလ ၁၄ ရက်နေ့အထိ ရဲတပ်ဖွဲ့ဝင် ၁၀ ဦး၊ တပ်မတော်မှ စစ်ကြောင်းမှူး တဦး အပါအဝင် စုစုပေါင်း ၇ ဦး ကျဆုံးခဲ့ပြီး၊ အကြမ်းဖက်အုပ်စုမှ ၆၉ ဦးသေဆုံးကြောင်း အစိုးရ သတင်းများ၌ ဖော်ပြထားသည်။
မောင်တောခရိုင်အတွင်း၌ အကြမ်းဖက်မှုများ ယနေ့အထိ ဖြစ်ပွားနေဆဲ ဖြစ်ပြီး၊ ဒေသတွင်း လမ်းပန်းဆက်သွယ်ရေး တချို့ ရပ်ဆိုင်း ထားကြောင်း သိရပြီး၊ မြို့နှင့်ဝေးလံသည့် စာသင်ကျောင်း အများစုလည်း ပြန်လည် ဖွင့်လှစ်နိုင်ခြင်း မရှိသေးဟု ဒေသခံများက ဧရာဝတီ ကို ပြောသည်။
မောင်တောခရိုင်၌ နယ်စပ်ဒေသ လုံခြုံရေး စခန်းဌာနချုပ် အပါအဝင် လုံခြုံရေး စခန်း ၃ ခု အား အောက်တိုဘာလ ၉ ရက် နေ့က အကြမ်းဖက်တိုက်ခိုက်ခံခဲ့ရသည်။