ပြီးခဲ့သည့် နိုဝင်ဘာ ၂ ရက်က ဒဂုံမြို့သစ် အရှေ့ပိုင်းမြို့နယ်နေ အသက် ၅ နှစ်အရွယ် မိန်းကလေးကို အဓမ္မပြုကျင့်ခဲ့သူမှာ အစ်ကိုတော်စပ်သူ ဖြစ်နေသည်ကို စုံစမ်းတွေ့ရှိရကြောင်း ဒဂုံအရှေ့ရဲစခန်းမှ ဒုရဲအုပ်ဇော်မင်းလှိုင်က ပြောသည်။
“ကျူးလွန်တဲ့ တရားခံနဲ့ ကျူးလွန်ခံရတဲ့ အသက် ၅ နှစ် ကလေးက မအေတူဖအေကွဲ မောင်နှမ တော်ပါတယ်။ တခြားသက်သေ အထောက်အထားအရ သူကို ကျနော်တို့ စစ်ဆေးတဲ့အခါ သူကလည်း ဝန်ခံလာတယ်။ အစကတော့ မသင်္ကာမှုနဲ့ စွဲထားတယ်။ အခုတော့ သူကတရားခံ အတိအကျပါပဲ” ဟု ဒုရဲအုပ်ဇော်မင်းလှိုင်က ဧရာဝတီကို အတည်ပြု ပြောဆိုသည်။
အဓမ္မပြုကျင့်သူသည် အမေတူ၊ အဖေကွဲ အသက် ၁၈ နှစ် အရွယ်ရှိ အစ်ကိုဖြစ်သူ ကိုကိုဟန်(ခ) ကိုဟန်ဆိုသူ ဖြစ်ကြောင်း၊ တရားခံကို နိုဝင်ဘာ ၉ ရက်က မသင်္ကာသူအဖြစ် ခေါ်ယူစစ်ဆေးရာမှ သက်သေအထောက်အထား ခိုင်ခိုင်လုံလုံဖြင့် ဖမ်းမိထားခြင်းဖြစ်ကြောင်း ဒုရဲအုပ် ဇော်မင်းလှိုင်က ဆိုသည်။
ထိုအမှုနှင့် ပတ်သက်ပြီး မိန်းကလေး၏ ဖခင်ဖြစ်သူ ဦးရဲထွန်းက “ တရားခံက ကိုကိုဟန်(ခ) ကိုဟန် ဟုတ်ပါတယ်။ ကျနော်တို့ ရဲကိုပဲ ပြောထားတယ်။ သူအပိုင်း သူလုပ်လိုက်ပါမယ်” ဟု ဧရာဝတီကို ပြောသည်။
အဓမ္မပြုကျင့်ခံရသည့် မိန်းကလေးသည် နိုဝင်ဘာ ၈ ရက်က ဆေးရုံမှဆင်းခွင့်ရရှိပြီး နေအိမ်သို့ ပြန်လည် ရောက်ရှိနေကြောင်းနှင့် လက်ရှိအခြေအနေမှာ ဆီးကို ပုံမှန်အတိုင်း သွားနိုင်ပြီဖြစ်သော်လည်း ဝမ်းသွားပါက အပေါက်ဖောက်ထားသည့် ဝမ်းဗိုက်ကိုသာ အသုံးပြုနေရသေးကြောင်း ဖခင်ဦးရဲထွန်းက ဆက်ပြောသည်။
တရားခံဖြစ်သူ ကိုကိုဟန်(ခ) ကိုဟန်ကို ဒဂုံအရှေ့မြို့မ ရဲစခန်းက (ပ) ၁၃၁၈/၁၆ ရာဇသတ်ကြီးပုဒ်မ ၃၆၃၊ ၃၇၆၊ ၅၁၁ တို့ဖြင့် အမှုဖွင့်ထားကြောင်း ဒုရဲအုပ်ဇော်မင်းလှိုင်က ဆက်ပြောသည်။
သက်ငယ်မုဒိမ်းမှုများသည် ရပ်ကွက်တွင်း နေထိုင်သည့် အိမ်နီးနားချင်း၊ အိမ်ကိုဝင်ထွက်သွားလာသည့် ဆွေမျိုးရင်းခြာများ ပြုကျင့်ကြသကဲ့သို့ တချို့သက်ငယ်မုဒိမ်းမှုများတွင် အဖေအရင်းက ပြုကျင့်သည်ကို လေ့လာတွေ့ရှိရကြောင်း ဥပဒေရေးရာ ကုစားရေးအဖွဲ့ (မြန်မာ) ဒါရိုက်တာ၊ တရားလွှတ်တော်ရှေ့နေ ဒေါ်လှလှရီက ဧရာဝတီကို ပြောဆိုထားသည်။