ဆက်သွယ်ရေး ဥပဒေ ပုဒ်မ ၆၆ (ဃ) နှင့် ပတ်သက်ပြီး ပြည်ထောင်စု လွှတ်တော် ဥပဒေရေးရာနှင့် အထူးကိစ္စရပ်များ လေ့လာဆန်းစစ် သုံးသပ်ရေး ကော်မရှင် ဥက္ကဋ္ဌ သူရဦးရွှေမန်းက ၎င်း၏ လူမှုဆက်သွယ်ရေး ကွန်ရက် Facebook စာမျက်နှာမှ တဆင့် လူထုအကြံပြုချက် တောင်းခံ ထားသည်ကို တွေ့ရသည်။
အဆိုပါ ပုဒ်မအား ပြင်သင့်သည်ကို ပြင်မည်လား၊ ဆက်ထားမည်လား သို့မဟုတ် ဖျက်မည်လား ဆိုသည်မှာ ဥပဒေ ကိစ္စရပ် ဖြစ်သဖြင့် မူဝါဒရေးရာ ချမှတ်သူများနှင့် လွှတ်တော်တို့က အရေးကြီးကြောင်း သူရ ဦးရွှေမန်းက ဆိုသည်။
“ဒီဥပဒေကို ကိုင်တွယ် ကျင့်သုံးသူတွေက လိုတမျိုး မလိုတမျိုး လုပ်လို့ ရတယ်။ ပြင်းထန်တယ်၊ တချက်လွတ် ဖြစ်နေတယ် လို့ ဝေဖန်နေကြတယ်” ဟု သူရဦးရွှေမန်း၏ Facebook စာမျက်နှာတွင် ဖော်ပြထားသည်။
ချမှတ်ထားသော ဥပဒေသည် တရားမျှတသော ဥပဒေ ဖြစ်ရန် နိုင်ငံနှင့် နိုင်ငံသားအကျိုး ဖြစ်ထွန်းရန် ဖြစ်သလို ကိုင်တွယ် ကျင့်သုံးသူများသည် မျှတမှုနှင့် ဆင်ခြင်တုံတရား ကောင်းမွန်ရန် လိုအပ်သည်ဟုလည်း ဆိုထားသည်။
ပြည်ထောင်စုလွှတ်တော် ဥပဒေရေးရာနှင့် အထူးကိစ္စရပ်များ လေ့လာဆန်းစစ် သုံးသပ်ရေး ကော်မရှင် ဥက္ကဋ္ဌ ဖြစ်သည့် သူရ ဦးရွှေမန်းသည် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် နှင့်လည်း နီးစပ်သည့် ဆက်ဆံရေး ရှိသူလည်း ဖြစ်သည်။
အဆိုပါ ပုဒ်မ ၆၆ (ဃ) ဖြင့် လတ်တလော အလဲဗင်း မီဒီယာ ECO ဒေါက်တာ သန်းထွဋ်အောင်နှင့် အယ်ဒီတာချုပ် ဦးဝေဖြိုးတို့အား တရားစွဲဆို ဖမ်းဆီးမှု ပြုလုပ်ထားသည်ကို တွေ့ရပြီး ထိုပုဒ်မဖြင့်ပင် ပြည်သူအချို့မှာ တရားစွဲ ထောင်ချ ခံထားရသည်။
ပုဒ်မ ၆၆ (ဃ) နှင့် ပတ်သက်ပြီး ဖျက်သိမ်းပေးရန် အတွက် ပြည်တွင်း သတင်းမီဒီယာ အဖွဲ့အစည်းများက တောင်းဆိုမှုများ ရှိနေသကဲ့သို့ ပြည်ပ သတင်းမီဒီယာ အဖွဲ့အစည်းများကလည်း ဖျက်သိမ်းပေးရန် တောင်းဆိုနေမှုများ ရှိနေသည်။ ။