သတင်း

တောင်ကိုရီယား သမ္မတ နုတ်ထွက်နိုင်တယ်

Want create site? Find Free WordPress Themes and plugins.

နိုင်ငံရေး ပြဿနာကြောင့် တောင်ကိုရီယား သမ္မတ ပတ်ဂွန်ဟဲကို ရာထူးမှ နုတ်ထွက်ပေးရန် တောင်းဆိုမှု ပိုမို များပြားလာနေသည်။ သူ၏ ပါတီမှ လွှတ်တော်ကိုယ်စားလှယ်များလည်း ပါဝင်နေသည့် ပါလီမန်မှပင် သူ့ကို စွပ်စွဲပြစ်တင်ရန် ကြိုစားလာနိုင်ပါသည်။

ပတ်ဂွန်ဟဲက သူ၏ အစိုးရအဖွဲ့ကို ထိခိုက်နစ်နာစေသည့် အရှုပ်အထွေးနှင့် ပတ်သက်၍ လူသိရှင်ကြား တောင်းပန်ခဲ့ပြီး ၃ ပတ်အကြာတွင် သူ့အနေဖြင့် ရွေးချယ်စရာ ကျဉ်းမြောင်းလာနေပြီး ရာဇဝတ်မှုအတွက် အစိုးရရှေ့နေများ၏ မေးခွန်းထုတ်ခြင်းကို ဖြေဆိုရသည့် ပထမဆုံး ခေါင်းဆောင်ဖြစ်လာသည်။

“အခုအချိန်က စွပ်စွဲပြစ်တင်ဖို့ စဉ်းစားရတော့မယ့် အချိန်ဖြစ်ပါတယ်” ဟု အာဏာရ Saenuri ပါတီ ဥက္ကဌဟောင်း ကင်မူဆောင်က ကြေညာချက်တစောင်တွင် ပြောသည်။ သူသည် တချိန်က ပတ်ဂွန်ဟဲကို သစ္စာရှိစွာ ထောက်ခံခဲ့ သူများထဲမှ တဦးဖြစ်သည်။ ပတ်ဂွန်ဟဲအနေဖြင့် ပြည်သူလူထု၏ ယုံကြည်မှုကို ဆုံးရှုံးခဲ့ပြီ ဖြစ်ပြီး နိုင်ငံ၏ ခေါင်း ဆောင်အဖြစ် ဆက်လက်ရပ်တည်ရန် စွမ်းဆောင်နိုင်ခြင်း မရှိတော့ဟုလည်း သူကပြောသည်။

သူတို့၏ ခေါင်းဆောင်က ပါတီ ရပ်တည်ရေးအတွက် ခြိမ်းခြောက်မှု ဖြစ်လာနေသည်ဟု ယူဆပြီး ပတ်ဂွန်ဟဲရာထူးမှ ဆင်းပေးရန် တောင်းဆိုမှုများပြားလာနေသည့် Saenuri ပါတီဝင်များထဲတွင် ကင်မူဆောင်လည်း တဦး အပါအဝင်ဖြစ်သည်။

ပတ်ဂွန်ဟဲ၏ လူယုံဖြစ်သော ခွိုင်စွန်းဆေက သူနှင့် သမ္မတတို့၏ ရင်းနှီးမှုကို အသုံးပြု၍ တိုင်းပြည်ရေးရာ ကိစ္စများတွင် ဝင်ရောက် စွက်ဖက်နေသည်ဆိုသည့် စွပ်စွဲမှုများနှင့် ပတ်သက်၍ အစိုးရရှေ့နေများက စုံစမ်းစစ်ဆေးမှုများ ပြုလုပ်နေကြသည်။ ခွိုင်စွန်းဆေက စီးပွားရေးလုပ်ငန်းကြီးများကို ဖိအားပေး၍ သူထိန်းချုပ်ထားသည့် ဖောင်ဒေးရှင်း ၂ ခုသို့ အလှူငွေ အမေရိကန်ဒေါ်လာ ၆၈ သန်းထည့်ဝင်စေခြင်းနှင့် သူ၏ ရာထူးကို အသုံးချ၍ သမီးဖြစ်သူကို ထိပ်တန်း တက္ကသိုလ်တခုသို့ တက်ရောက်ခွင့်ရအောင် ဆောင်ရွက်ခဲ့ခြင်းများကြောင့် ဖမ်းဆီး အရေးယူခံခဲ့ရသည်။

ယနေ့ခေတ်သစ် ဒီမိုကရေစီတွင် မည်သည့် တောင်ကိုရီးယားခေါင်းဆောင်မျှ ၅ နှစ်တာ သမ္မတရာထူး သက်တမ်း ကို ၅ နှစ် ပြည့်အောင် မထမ်းဆောင်နိုင်ခဲ့ပါ။ ၂၀၀၄ ခုနှစ်တွင် ပါလီမန်က ထိုစဉ်က သမ္မတဖြစ်သူ ရိုမိုယွန်းကို စွပ်စွဲ ပြစ်တင်ရန် မဲပေးခဲ့သည်။ အခြေခံဥပဒေခုံရုံးကသာ ထိုသို့ပြုလုပ်ခြင်းကို ပြောင်းလဲပေးနိုင်ပါသည်။ ပါလီမန်က ထိုသို့ပြုလုပ်ခြင်းကို ပြည်သူများက သဘောမကျခဲ့ကြပါ။ ပါလီမန်တွင် နေရာအများစုရထားသည့် အတိုက်အခံပါတီ၏ အကျပ်ကိုင်မှုအဖြစ် မြင်ခဲ့ကြသည်။

ပတ်ဂွန်ဟဲကို စွပ်စွဲပြစ်တင်ရန် ဆော်ရွက်မှုက အောင်မြင်နိုင်ကြောင်း နိုင်ငံရေး လေ့လာဆန်းစစ်သူများက ပြောကြသည်။ စွပ်စွဲပြစ်တင်ခြင်းကို စတင်ရာတွင် ပါလီမန်မှ ကိုယ်စားလှယ်ဦးရေ အနည်းဆုံး တဝက်က ပါဝင်ရမည် ဖြစ်ပြီး ပါလီမန်တွင် အတည်ဖြစ်ရန် ထောက်ခံသူ ၃ ပုံ၂ ပုံ ရှိရန် လိုပါသည်။

“ပတ်ဂွန်ဟဲ ဂိုဏ်းမှာ မပါတဲ့သူ အချို့ကလည်း သူ့ကို စွပ်စွဲပြစ်တင်မှုမှာ ပူးပေါင်းပါဝင်လာဖွယ်ရာ ရှိပါတယ်။ ဒီကိစ္စ အတည်ဖြစ်ဖို့ တော်တော်လေးများပါတယ်” ဟု လွတ်လပ်သော နိုင်ငံရေး ဆောင်းပါးရှင် တဦးဖြစ်သည့် ယုချန်စွန်က ပြောသည်။

အခြေခံဥပဒေခုံရုံး

ပတ်ဂွန်ဟဲ၏ Saenuri ပါတီမှာ ပြီးခဲ့သည့် ဧပြီလက ပြုလုပ်သည့် ပါလီမန်ရွေးကောက်ပွဲတွင် မမျှော်လင့်ဘဲ အရေးနိမ့်ခဲ့ပြီး ပါလီမန်တွင် လူများစု နေရာဆုံးရှုံးခဲ့သည်။ အမတ်နေရာ ၃၀၀ တွင် ၁၂၉ နေရာသာ အနိုင်ရရှိခဲ့သည်။

ပတ်ဂွန်ဟဲကို ဆန့်ကျင်သည့် အမှုက ခိုင်မာကြောင်း အခြေခံဥပဒေခုံရုံးမှ တရားသူကြီးဟောင်း တယောက် ဖြစ်သည့် ဟာ့ကျုံချူးက ပြောသည်။

“တကယ်လို့ လွှတ်တော်ကို ကျော်ဖြတ်လာနိုင်ခဲ့ရင် အခြေခံဥပဒေခုံရုံးက စွပ်စွဲပြစ်တင်မှုကို ကိုင်တွယ်သွားဖွယ်ရာ ရှိပါ တယ်” ဟု ဟာ့ကျုံချူးက ရိုက်တာသတင်းဌာနသို့ ပြောသည်။ သူက ၂၀၀၄ ခုနှစ်တွင် ရိုမိုယွန်း ရာထူးပြန်လည်ရ ရှိရေးအတွက် တောင်းဆိုသည့် ရှေ့နေအဖွဲ့အစည်း တခုကို ဦးဆောင်ခဲ့သူ ဖြစ်သည်။

အဓိက အတိုက်အခံဖြစ်သည့် Democratic ပါတီက ပတ်ဂွန်ဟဲ ရာထူးမှ နုတ်ထွက်ရန် တောင်းဆိုထားပြီး သူက ငြင်းဆန်သည့်တိုင် စွပ်စွဲပြစ်တင်မှုကို ဆက်လက်ဆောင်ရွက်သွားမည်ဟု ပြောသည်။

၆ လ သို့မဟုတ် ၎င်းထက်ကြာမြင့်နိုင်သည့် စွပ်စွဲပြစ်တင်မှု လုပ်ငန်းစဉ်က ပတ်ဂွန်ဟဲ ရာထူးမှ မိမိဆန္ဒအလျှောက် ဆင်းပေးခြင်းထက် ပို၍ ဖြစ်နိုင်သည့် အခြေအနေဟု ယူဆရပါသည်။

Dongguk တက္ကသိုလ်မှ နိုင်ငံရေးသိပ္ပံ ပါမောက္ခ ကင်ဂျုံစော့က ပတ်ဂွန်ဟဲ အနေဖြင့် ရာထူးမှ ဆင်းပေးခြင်းကြောင့် မည်သည့်အကျိုး ရလဒ်မျှမရနိုင်ကြောင်း အဘယ်ကြောင့်ဆိုသော် ရာဇဝတ်မှုဖြင့် စွဲဆိုခံရနိုင်သည့် အလားအလာ ပိုများလာသောကြောင့်ဖြစ်သည်။

အကယ်၍ ရာထူးမှ ဆင်းပေးခဲ့လျှင် ဝန်ကြီးအဖွဲ့က ကြားဖြတ်အစိုးရတခု ဖွဲ့စည်း၍ ဝန်ကြီးချုပ်က ဦးဆောင်မည် ဖြစ်သည်။ အခြေခံ ဥပဒေအရ သမ္မတသစ်ရွေးကောက်ခြင်းကို ရက် ၆၀ အတွင်း ပြုလုပ်ရမည် ဖြစ်သည်။

ဘန်ကီမွန်း

အတိုက်အခံများက ပတ်ဂွန်ဟဲကို ရာထူးမှ နုတ်ထွက်ပေးစေလိုခြင်းမှာ သူတို့က စွပ်စွဲပြစ်တင်ခြင်း လုပ်ငန်းစဉ်ကို မကျော်ဖြတ်ချင်ကြသောကြောင့် ဖြစ်သည်ဟု လေ့လာဆန်းစစ်သူများက ပြောကြသည်။ အကယ်၍ စွပ်စွဲပြစ်တင်မှု ကျဆုံး ခဲ့လျှင် သူတို့အပေါ် နိုင်ငံရေးအရ တန်ပြန်သက်ရောက်မှု ရှိလာနိုင်သည်။

အကယ်၍ ပတ်ဂွန်ဟဲက သူ၏ သမ္မတသက်တမ်းကို ဆက်လက်ထမ်းဆောင်နိုင်ခဲ့လျှင် နောက်တကြိမ် သမ္မတ ရွေး ကောက်ပွဲကို ၂၀၁၇ ခုနှစ် ဒီဇင်ဘာလတွင် ကျင်းပမည် ဖြစ်သည်။

အကျင့်ပျက်ခြစားမှု အရှုပ်အထွေး မပေါ်ပေါက်လာမီက တောင်ကိုရီးယား နိုင်ငံခြားရေး ဝန်ကြီးဟောင်း ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းက နောက်သက်တမ်းအတွက် သမ္မတ အဖြစ် ရေပန်းစားနေခဲ့သည်။ သူက Saenuri ပါတီမှ သမ္မတလောင်း အနေဖြင့် ဝင်ရောက် ယှဉ်ပြိုင်ရန် ရည်ရွယ်ထားသည်။

Saenuri ပါတီ နာမည်ပျက်ခြင်းကြောင့် ဘန်ကီမွန်းကို ဆွဲဆောင်ရာတွင် အင်အားနည်းစေလိမ့်မည် ဖြစ်သည်။ သို့သော် သူ့အနေဖြင့် ပါတီသစ်တခုသို့ ဝင်ရောက်ရန်ကလည်း ရွေးကောက်ပွဲက ကြိုတင်စီစဉ်ထားသည့် နောက်နှစ် ဒီဇင်ဘာလ အထိ ကျင်းပနိုင်ခြင်း မရှိလျှင်ပင် ပြင်ဆင်ရမည့် အချိန်က အကန့်အသတ် ရှိနေပြီ ဖြစ်သည်။

ပတ်ဂွန်ဟဲက သမ္မတဟောင်း ပတ်ချုံဟီး၏ သမီးဖြစ်သည်။ ပတ်ချုံဟီးသည် တောင်ကိုရီးယား နိုင်ငံကို ၁၈ နှစ်ကြာအုပ်ချုပ်ခဲ့ပြီး နိုင်ငံရေး အတိုက်အခံများကို ဖြိုခွဲခြင်း သူ၏ အုပ်ချုပ်မှု သက်တမ်းကို တိုးနိုင်ရန် အခြေခံ ဥပဒေပြင်ဆင်ခြင်းများ ပြုလုပ်ခဲ့သော ၁၉၇၉ ခုနှစ်တွင် သူ့ကို မကျေနပ်သော ထောက်လှမ်းရေး အကြီးအကဲက ဦးခေါင်းကို သေနတ်ဖြင့် ပစ်ခဲ့သည့်အတွက် သေဆုံးခဲ့သည်။

သူ့ကို ရာထူးမှဆင်းပေးရန် ပတ်ဂွန်ဟဲက မည်သည့် အရိပ် အယောင်မပြသခဲ့ပါ။ အနီးကပ်ဆုံး လက်ထောက်များကို ရာထူးမှ ထုတ်ပယ်ခြင်း၊ ထပ်တလဲလဲ တောင်းပန်ခြင်းများအားဖြင့် ထိခိုက်မှုကို ကန့်သတ်ရန် ကြိုးစားနေခဲ့သည်။

နိုဝင်ဘာလ ၁၂ ရက်နေ့က ဆိုးလ်မြို့လယ်ခေါင်တွင် သူနုတ်ထွက်ပေးရန် လူ ၈၅၀ ၀၀၀ ခန့်က တောင်းဆိုဆန္ဒပြခဲ့ပြီး နောက် နိုဝင်ဘာလ ၁၃ ရက်နေ့တွင် သူ၏ ပြောရေးဆိုခွင့် ရှိသူက ပတ်ဂွန်ဟဲအနေဖြင့် ပြည် သူ လူထု၏ အသံကို အလေးအနက် နားထောင်ပါကြောင်း သတင်းစာရှင်းလင်းပွဲတခု တွင် ပြောကြားခဲ့သည်။

“တိုင်းပြည် အခြေအနေပုံမှန်ဖြစ်ဖို့နဲ့ သမ္မတ အနေနဲ့ သူ့ရဲတာဝန်တွေကို ကျေပွန်ဖို့ နည်းလမ်းတွေကို သူ စဉ်းစားနေပါတယ်” ဟု သမ္မတ ပြောရေးဆိုခွင့် ရှိသူ ဂျောင်ယန်ကွတ်က ပြောသည်။

( Reuters သတင်းဌာနမှ South Korea endgame could see Park exiting presidency in disgrace ကို ဘာသာပြန်သည်)

Did you find apk for android? You can find new Free Android Games and apps.
Loading