ရှမ်းပြည်တိုးတက်ရေးပါတီ၊ ရှမ်းပြည်တပ်မတော်မြောက်ပိုင်း (SSPP/SSA) အဖွဲ့ဝင် တပ်သား ၅ ဦးကို အစိုးရ တပ်မတော်က ဖမ်းဆီး၍ ရဲတပ်ဖွဲ့သို့အပ်ကာ စစ်ဆေးနေကြောင်း SSPP/SSA အဖွဲ့က ပြောသည်။
ပြီးခဲ့သည့် အောက်တိုဘာ ၂၆ ရက်က မိုင်းရှူးတွင် အစိုးရ တပ်မတော်က SSPP/SSA တပ်သား ၁ ဦးကို ဖမ်းဆီးခဲ့ပြီး၊ နိုဝင်ဘာ ၄ ရက် မိုင်းနောင်းတွင် SSPP/SSA တပ်သား ၄ ဦးကို ထပ်မံဖမ်းဆီး၍ တပ်မတော်က မတရားအဖွဲ့အစည်းဖြင့် ဆက်သွယ်သည့် ပုဒ်မ ၁၇/၁ ဖြင့် စွဲဆိုထားပြီး ရဲလက်သို့အပ်ထားကြောင်း SSPP/SSA အဖွဲ့မှ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ကြီး စိုင်းဘုန်းဟန်က ဧရာဝတီကို ပြောသည်။
“ အရပ်ဝတ်နဲ့ သေနတ်မပါရင် လွတ်လွတ်လပ်လပ်သွားလို့ ရတယ်ဆိုတဲ့ သဘောတူညီချက် ရှိတယ်။ ယုံကြည်မှု တည်ဆောက်နေတဲ့ ကာလမှာ မဖြစ်သင့်၊ မလုပ်သင့်ဘူး” ဟု ဗိုလ်ကြီးစိုင်းဘုန်းဟန်က ဆိုသည်။
SSPP/SSA တပ်သား ၅ ဦးကို ဖမ်းဆီးထားသည့် ကိစ္စနှင့်ပတ်သတ်ပြီး အရှေ့အလယ်ပိုင်းတိုင်း စစ်ဌာနချုပ် ခိုလမ်တိုင်းမှူးနှင့် တွေ့ဆုံရန် စီစဉ်နေကြောင်း ဗိုလ်ကြီးစိုင်းဘုန်းဟန်က ဆက်ပြောသည်။
SSPP/SSA တပ်သား ၅ ဦးကို တပ်မတော်ကဖမ်းဆီးပြီး ရဲလက်အပ်ထားသည့် ကိစ္စနှင့် ပတ်သတ်ပြီး ရှမ်းပြည်နယ် ရဲတပ်ဖွဲ့ နှင့် တပ်မတော် သတင်းနှင့် ပြန်ကြားရေး တာဝန်ရှိသူများသို့ ဧရာဝတီက တယ်လီဖုန်းမှတဆင့် ဆက်သွယ် မေးမြန်းသော်လည်း ဖြေကြားခြင်း မရှိကြပါ။
SSPP/SSA သည် တပ်မတော်နှင့် ၂၀၁၂ ခုနစ် ဇန်နဝါရီ ၂၈ ရက်တွင် ရှမ်းပြည်နယ်၊ တောင်ကြီးမြို့၌ အစိုးရနှင့် ပြည်နယ်အဆင့် ၊ပြည်ထောင်စုအဆင့် ပဏမ အပစ်အခတ်ရပ်စဲရေး သဘောတူညီချက် လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တဖွဲ့ ဖြစ်သည်။
ယခုလပိုင်းအတွင်း မိုင်းနောင်၊ မိုင်းရှူး ကားလမ်းတလျောက်တွင် တပ်မတော်နှင့် ရဲတပ်ဖွဲ့တို့ ပူးပေါင်းပြီး စစ်ဆေးမှုများ ပြုလုပ်နေကြောင်း မိုင်းရှူးဒေသခံများက ပြောသည်။
မိုင်းရှူးမြို့နယ် ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် (SNLD) မှ နန်းကောင်ခမ်းက “ မိုင်းနောင်၊ မိုင်းရှူးမှာ စစ်ဆေးမှုတွေ များလာတယ်။ မှတ်ပုံတင်တွေ စစ်ဆေးတယ်။ မထင်ရင် မထင်သလို ဖုန်းကိုလည်း စစ်ဆေးတယ်။ အခုမိသွားတဲ့ တပ်သားတွေရဲ့ဖုန်းကို တပ်ကစစ်ဆေးပြီး စစ်သားဝတ်စုံနဲ့ ဓာတ်ပုံရိုက်ထားတာတွေ့လို့ ဖမ်းသွားတာပါ” ဟု ဧရာဝတီကို ပြောဆိုသည်။