၂၀၁၅ ရွေးကောက်ပွဲ ကာလတွင် မန္တလေးတိုင်း၊ ရမည်းသင်းမြို့နယ်၊ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (USDP) ပါတီ ကိုယ်စားလှယ်လောင်း ၂ ဦးသည် ဘာသာရေးကို နိုင်ငံရေးတွင် အသုံးချ၍ မဲဆွယ်ပြီး ရွေးကောက်ပွဲ အနိုင်ရရှိခဲ့ကြောင်းကို အချက်အလက် အထောက်အထားများ၊ ဗီဒီယိုဖိုင်၊ အသံဖိုင်များဖြင့် တင်ပြနိုင်ခဲ့သဖြင့် ယနေ့ ရွေးကောက်ပွဲ ကန့်ကွက်လွှာ အပြီးသတ် အမိန့်ချမှုတွင် NLD ကိုယ်စားလှယ်များ အနိုင်ရရှိသွားပြီး ဖြစ်ကြောင်း သတင်းရရှိသည်။
USDP ပါတီမှ ရမည်းသင်းမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးကိုကိုနိုင်နှင့် အမှတ် ၂ တိုင်းဒေသကြီး ကိုယ်စားလှယ် ဦးကျော်မြင့်တို့ကို NLD ပါတီမှ ပြည်သူ့လွှတ်တော်တွင် ယှဉ်ပြိုင်ခဲ့သူ ဦးထွန်းထွန်းဝင်းနှင့် အမှတ် ၂ တိုင်းဒေသကြီးတွင် ယှဉ်ပြိုင်ခဲ့သူ ဦးအောင်မျိုးဦးတို့က ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် (UEC) ထံသို့ ၂၀၁၅ ခုနှစ် ဒီဇင်ဘာလ ၁၇ ရက်နေ့တွင် ရွေးကောက်ပွဲ ကန့်ကွက်လွှာ တင်သွင်းခဲ့သည့် အမှု ဖြစ်သည်။
“သူတို့တွေဟာ ၂၁၀၅ ရွေးကောက်ပွဲမှာ ဘာသာရေး၊ လူမျိုးရေးကို အသုံးပြုပြီး ရွေးကောက်ပွဲ အနိုင်ရအောင် အစီအစဉ်တကျ လှုံ့ဆော်ခဲ့တယ်ဆိုတာ ထင်ရှားလို့ ကော်မရှင်က အခုလို အမိန့်ချလိုက်တာပါ။ ရွေးကောက်ပွဲ မလုပ်ခင် ကပ်ပြီး မြို့ပေါ်မှာ မျိုးစောင့်ဥပဒေ အောင်ပွဲ ကျင်းပခဲ့တယ် ဆိုတာကို ကျနော်တို့ အထောက်အထားတွေနဲ့ တင်ပြနိုင်ခဲ့ပါတယ်” ဟု ဦးအောင်မျိုးဦးက ဧရာဝတီသို့ ပြောသည်။
သို့သော် ပထမပိုင်း အမိန့်ချရာတွင်မူ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က USDP ပါတီမှ ကိုယ်စားလှယ် ၂ ဦးကို စက်တင်ဘာလ အတွင်းက အနိုင်ပေးခဲ့သဖြင့် NLD ကိုယ်စားလှယ်များက အထူးအယူခံလွှာ ပြန်လည် တင်သွင်းခဲ့ရခြင်း ဖြစ်သည်ဟု သိရသည်။
လက်ရှိတွင် ပြန်လည် ရှုံးနိမ့်သွားသူများမှာ ဦးရွှေမန်း ဦးဆောင်နေသည့် ပြည်ထောင်စု လွှတ်တော် ဥပဒေရေးရာနှင့် အထူးကိစ္စရပ်များ လေ့လာ ဆန်းစစ်ရေး ကော်မရှင် အဖွဲ့ဝင်လည်းဖြစ် ရမည်းသင်းမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လည်း ဖြစ်သူ ဦးကိုကိုနိုင် ဖြစ်သည်။ ၄င်းသည် ရခိုင်ပြည်နယ် စစ်တိုင်းမှူးဟောင်းတဦးလည်း ဖြစ်သည်။
နောက်တဦးမှာ ယခင် မန္တလေးတိုင်း စက်မှုနှင့် လျှပ်စစ် ဝန်ကြီးဟောင်း၊ လက်ရှိ ရမည်းသင်းမြို့နယ် တိုင်းဒေသကြီး ကိုယ်စားလှယ် ဦးကျော်မြင့်တို့ ဖြစ်သည်။
ပထမအကြိမ် အမိန့်ချမှတ်ရာတွင် NLD ကိုယ်စားလှယ်များက ကန့်ကွက်သည့်အပေါ် ဦးကိုကိုနိုင်က NLD သမ္မတ၊ NLD အစိုးရက ခန့်အပ်တာဝန်ပေးထားသည့် ရွေးကောက်ပွဲ ကော်မရှင်သည် USDP ကိုယ်စားလှယ်ကို ဘက်လိုက်၍ အနိုင်ပေးရန် အကြောင်း မရှိကြောင်း၊ ဥပဒေအတိုင်း မှန်ကန်စွာ ဆုံးဖြတ်ခဲ့ခြင်းသာ ဖြစ်ကြောင်း ဧရာဝတီသို့ ပြောဆိုခဲ့ဖူးသည်။
သို့သော် ယခုအကြိမ်တွင်မူ “သူတို့အမြင်၊ သူတို့ ဆုံးဖြတ်ချက်ပါပဲ။ UEC ရဲ့ ဆုံးဖြတ်ချက်ဟာ ဥပဒေအရ အတည်ပါပဲ” ဟု ဦးကိုကိုနိုင်က ဧရာဝတီသို့ ပြောသည်။ ယခု ရလဒ်ကြောင့် ဦးကိုကိုနိုင်နှင့် ဦးကျော်မြင့်တို့ ၂ ဦးစလုံးသည် လွှတ်တော် ကိုယ်စားလှယ် အဖြစ်မှ ဥပဒေအရ ရုတ်သိမ်းခံရတော့မည်ဟု သိရသည်။
“ဒီတခေါက်တော့ ကော်မရှင်က မှန်မှန်ကန်ကန် သုံးသပ်နိုင်ခဲ့ပါတယ်။ ခိုင်လုံတဲ့ သက်သေတွေကိုလည်း လက်ခံခဲ့တဲ့အတွက် တရားမျှတမှု ရှိပါတယ်။ နောက်ဆုံးတော့ မျိုးစောင့်ဥပဒေ အောင်ပွဲကို အခွေဖြန့်တဲ့ မဘသကြောင့် ကျနော်တို့ နိုင်သွားတာပါ။ သူ့အခွေက ကျနော်တို့ တင်လိုက်တဲ့ အကောင်းဆုံး သက်သေပါပဲ” ဟု NLD ကိုယ်စားလှယ် ဦးအောင်မျိုးဦးက ပြောသည်။