ထိုင်းနိုင်ငံမှ မြန်မာဒုက္ခသည်များ၏ လိုအပ်ချက်များကို ဆောင်ရွက်ပေးနေသော ရပ်ရွာ အခြေပြုအဖွဲ့အစည်းတခု ဖြစ်သော ကရင်ဒုက္ခသည် ကော်မတီ (Karen Refugee Committee – KRC) သည် မကြာသေးမီက ဒုက္ခသည် ပြန်ပို့ရေး အားထုတ်မှုများတွင် ပါဝင်ရန် ၎င်းတို့ကို ဖိတ်ခေါ်ခြင်းပင် မရှိသကဲ့သို့ ဆုံးဖြတ်ချက် ချသော လုပ်ငန်းစဉ်တွင် ပါဝင်ခွင့် မရ ဖြစ်နေသည်ဟု ပြောသည်။
အောက်တိုဘာ ၂၅ ရက်နေ့က ထိုင်းအစိုးရနှင့် ကုလသမဂ္ဂဒုက္ခသည်များ ဆိုင်ရာ မဟာမင်းကြီးရုံး (UN High Commissioner for Refugees – UNHCR) တို့မှ အရာရှိများသည် မြန်မာဒုက္ခသည် ၇၁ ဦးကို ကရင်၊ မွန် ပြည်နယ်များနှင့် တနင်္သာရီ၊ ရန်ကုန်တိုင်းများသို့ ပြန်ပို့ခဲ့သည်။ အချို့သော ဒုက္ခသည်များက ထိုစဉ်ကပင် ၎င်းတို့ပြန်လာရသော အခြေအနေကို စိတ်မချမ်းမြေ့ကြောင်း၊ ၎င်းတို့ကို တန်ဖိုးနည်း အိမ်များ ဝယ်ခိုင်းပြီး တန်ဖိုးမှာ ၎င်းတို့ မတတ်နိုင်သော တန်ဖိုးဖြစ်နေသည် ဟု ဆိုသည်။
ဒုက္ခသည်များနှင့် နီးစပ်သော သတင်းရင်းမြစ်များ၏ အဆိုအရ စိတ်မချမ်းမြေ့ ဖြစ်နေသော ဒုက္ခသည် အချို့မှာ ထိုင်းနိုင်ငံရှိ ဒုက္ခသည်စခန်းသို့ ပြန်လာရန် ကြိုးစားနေကြကြောင်း၊ မိသားစု ၂ စုသည် ထိုင်းရှိ နုပိုဒုက္ခသည်စခန်းသို့ ပြန်သွားပြီဟု သတင်းရင်းမြစ်များက ဆိုသည်။
မကြာသေးမီက ဒုက္ခသည်ပြန်လည် ပို့ဆောင်ရာတွင် ကူညီရန် သူမ၏ အဖွဲ့အစည်းကို UNHCR က ဖိတ်ကြားခြင်း မရှိဟု KRC ၏ ပြောခွင့်ရသူ Naw Blooming Night Zar က ဧရာဝတီသတင်းဌာနသို့ ပြောသည်။
“သူတို့တွေကို အိမ်ဝယ်ခိုင်း၊ အိမ်ငှားခိုင်းတယ်လို့ သတင်းတွေအရ သိရတယ်။ သူတို့ လစဉ်အရစ်ကျ ပေးရတယ်။ ဒုက္ခသည်ဆိုတာ စီးပွားရေး လုပ်နေတာ မဟုတ်ဘူး။ လက်ဗလာနဲ့ ပြန်သွားရတာ။ ဘယ်လိုလုပ် အိမ်ဝယ်နိုင်မှာလဲ” ဟု Naw Blooming Night Zar က ပြောသည်။
UNHCR ကဲ့သို့သော သက်ဆိုင်ရာ အဖွဲ့အစည်းများသည် ဒုက္ခသည်စခန်း အားလုံးရှိ ဆန္ဒအလျှောက် နေရပ်ပြန်သူများ အတွက် စင်တာများ တည်ဆောက်ပြီး စခန်းတွင် နေထိုင်သူများနှင့် တိုက်ရိုက်ညှိနှိုင်း ဆက်ဆံသင့်သည်ဟု သူမက ရှင်းပြသည်။ ထိုညှိုနှိုင်းဆွေးနွေမှုများတွင် ဒုက္ခသည်များ အနေဖြင့် လုံခြုံဘေးကင်းရေး သတင်းအချက်အလက်နှင့် အခြား ပုံစံအမျိုမျိုး ရှိအကူအညီများ ရနိုင်သည်ဟု သူမက ဆက်ပြောသည်။
“ကျမတို့ကို အသိလည်း မပေးဘူး၊ ဆက်လည်း မဆက်သွယ်ဘူး။ သူတို့ (ထိုင်းအာဏာပိုင်များနှင့် UNHCR) က ကျမတို့နဲ့ မဆွေးနွေးဘူး။ သူတို့ဟာသူတို့ ပြန်ပို့လိုက်တာ။ သူတို့က နုပို ဒုက္ခသည်စခန်းကို သွားတယ်။ ဒုက္ခသည်တွေနဲ့ စကားပြောတယ်။ သူတို့ ဒုက္ခသည်တွေကို ဘယ်လို ပြောဆိုမှန်း မသိဘူး။ ဒီကိစ္စတွေက ကျမတို့နဲ့ မဆိုင်ဘူး” သူမက ပြောသည်။
ဆန္ဒအလျှောက် နေရပ်ပြန်ရန် ကြိုတင်ပြင်ဆင်မှုများ ပြုလုပ်ရမည်ကို Naw Blooming Night Zar က သဘောတူ သည်။ သို့သော်လည်း နိုင်ငံတကာအဖွဲ့အစည်းများနှင့် ဒေသခံအဖွဲ့အစည်းများကြား ပူးပေါင်းဆောင်ရွက်မှု မရှိသည့် အပေါ် သူမက စိတ်ပျက်နေသည်။
“UNHCR နဲ့ ထိုင်းအာဏာပိုင်တွေ ဒုက္ခသည်ကိစ္စကို ကျမတို့နဲ့ မဆွေးနွေးတာ မှားတယ်။ ကျမတို့ ဆွေးနွေးညှိနှိုင်း အဖြေရှာရမှာ။ ကျမတို့ရဲ့ အခန်းကဏ္ဍနဲ့ ဦးဆောင်မှုကို သူတို့အသိအမှတ် မပြုသလို ခံစားနေရတယ်” ဟုလည်း ပြောသည်။
ပထမဆုံး မြန်မာနိုင်ငံသို့ ဒုက္ခသည် ခန့်မှန်းခြေ ၉၆ ဦးကို ပြန်ပို့စဉ် အောက်တိုဘာလကမူ UNHCR က အောင်မြင်မှု မှတ်တိုင်ဟု ဖော်ပြခဲ့သည်။ မြန်မာနိုင်ငံမှ မိသားစုများက ခြေအနေကောင်းပြီဟု သတင်းပေးသဖြင့် နေရပ်ပြန်ကြ သူများသည် ၎င်းတို့ ဘာသာပြန်ရန် ဆုံးဖြတ်ချက်ချကြသည် ဟု UNHCR က ဆိုသည်။
UNHCR ၏ အာရှဒေသ ပြောခွင့်ရသူ Vivian Tan ကို မေးမြန်းသော အခါ UNHCR အနေဖြင့်လည်း ရန်ကုန်သို့ ပြန်ကြသည် ဒုက္ခသည်များ၏ မကျေနပ်မှုနှင့် ပတ်သက်သော မီဒီယာသတင်းများ ကြားသိရကြောင်း ဧရာဝတီသို့ ပြောသော်လည်း တစုံတရာ ဝေဖန်ပြောကြားခြင်း မရှိပေ။
UNHCR ဝန်ထမ်းများသည် နေရပ်ပြန် ဒုက္ခသည်များ၏ နေရေးထိုင်ရေး အခြေအနေကို သိရရန် ၎င်းတို့ထံသို့ အကြိမ်ကြိမ် သွားရောက်ခဲ့သည်။ ဒေသဆိုင်ရာ အာဏာပိုင်များသည် ကနဦး ပြန်လည်ပေါင်းစည်းရေး ထောက်ပံ့မှု အစီအစဉ်၏ စိန်ခေါ်မှုများကို ဖြေရှင်းရန် ကြိုးစားနေသည်ဟုလည်း သူမက ပြောသည်။
မိသားစု ၂ စု ထိုင်းသို့ ပြန်သွားသည်ကိုမူ Vivian Tan က ငြင်းဆိုသည်။
“UNHCRနဲ့ ကျမတို့ရဲ့ လုပ်ဖော်ကိုင်ဖက်တွေဟာ သူတို့တွေနဲ့ ထိတွေ့ပြီး ပြန်လည် ပေါင်းစည်းရေး တိုးတပ်မှုတွေကို အမြဲ အကဲဖြတ်နေ ပါတယ်။ မိသားစု ၂ စု ထိုင်းကို ပြန်သွားတယ် ဆိုတာ မမှန်ပါဘူး။ ကျမတို့ နားလည်ထားတာက တော့ ကျောင်းသား ၂ ယောက်ဟာ မူလ သဘောတူထားတဲ့ အတိုင်း မိသားစုနဲ့ ပြန်မပေါင်းစည်းမီ ကျောင်းပြန်တက်ဖို့ နုပိုကို ပြန်တာပါ” ဟု သူမက ဧရာဝတီသို့ ပြောသည်။
အောက်တိုဘာလက ဒုက္ခသည် ပြန်လည်ပို့ဆောင်မှုသည် ထိုင်းနိုင်ငံတွင် နေထိုင်သည်မှာ နှစ်ပေါင်း ၂၀ ရှိမြန်မာ ဒုက္ခသည် ၁၀၃၀၀၀ ကျော်အနက် ပထမဆုံး အသုတ်ကို မြန်မာနိုင်ငံသို့ ပြန်ပို့ခြင်း ဖြစ်သည် ဟု UNHCR က ပြောသည်။ ဒုက္ခသည် အများစုမှာ ပြည်တွင်းစစ်မှ လွတ်မြောက်ရန် ထွက်ပြေးလာကြသော မြန်မာစစ်တပ်၏ ဖိနှိပ်ခံ ကရင်လူမျိုးစု အသိုင်းအဝိုင်းမှ ဖြစ်သည်။
မကြာသေးမီက ဒုက္ခသည်များကို ပြန်လည်ပို့ဆောင်ခြင်းသည် ပထမဆုံး အကြိမ် ဖြစ်သည် ကိုလည်း KRC မှ Naw Blooming Night Zar က ငြင်းဆိုပြီး ယခင်က မဲလမလန်စခန်းမှ ကျောင်းသားအများစု ပါဝင်သော ဒုက္ခသည်များကို မြန်မာနိုင်ငံသို့ ပြန်လည်ပို့ဆောင်ခဲ့သည့် ဖြစ်ရပ်ကို ထောက်ပြသည်။
ရန်ကုန် အခြေစိုက် သတင်းစာ မြန်မာတိုင်းမ်က ရန်ကုန်သို့ပြန်သော ဒုက္ခသည်မိသားစု ၄ စုကို စီးပွားရေးမြို့တော် ရန်ကုန်မြို့စွန်ရှိ တန်ဖိုးနည်းတိုက်ခန်းများ ဝယ်ခိုင်းသည်ဟု ရေးသည်။ သို့သော် ထိုသတင်းမှာပင် ဒုက္ခသည် ၁၇ ဦး တို့အတွက် ယာယီနေရေးထိုင်ရေး စီစဉ်ထားပေးသည်ဟု ဆိုသည်။
မြန်မာနိုင်ငံသို့ ပြန်လာခဲ့သည်မှာ မှားသည်ဟု ခံစားရကြောင်း ပြန်လာသော ဒုက္ခသည်များအနက် တဦးဖြစ်သူ ဒေါ်ခင်စန်းရီက မြန်မာတိုင်းမ်ကို ပြောသည်။
ပြန်လာဒုက္ခသည်များက ထိုင်းမှ စခန်းကျန်ဒုက္ခသည်များ အနေဖြင့် လတ်တလောတွင် ပြန်လာရန် အတွက် ဆန္ဒမပြုရန် သတိပေးထားသည် ဟူသော သတင်းများလည်း ထွက်ပေါ်နေသည်။ ။