သတင်း

မောင်တောဒေသရှိ နိုင်ငံ့ဝန်ထမ်းများကို နှစ်ကုန် ၃ လအတွက် လစာတိုးပေးမည်

Want create site? Find Free WordPress Themes and plugins.

အကြမ်းဖက် တိုက်ခိုက်မှုများ ဖြစ်ပွားနေသည့် ရခိုင်ပြည်နယ်၊ မောင်တောခရိုင်အတွင်း တာဝန်ထမ်းဆောင်နေသည့် နိုင်ငံ့ဝန်ထမ်းများကို ၂၀၁၆ ခုနှစ် အောက်တိုဘာ၊ နိုဝင်ဘာ၊ ဒီဇင်ဘာလများအတွက် မူလလစာ၏ ၂ ဆကို ပြောင်းလဲခံစားခွင့်ပြုကြာင်း စီမံကိန်းနှင့် ဘဏ္ဍာရေး ဝန်ကြီးဌာနက ပြောသည်။

စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယအမြဲတမ်း အတွင်းဝန် (ဘဏ္ဍာရေး) ဦးမင်းသူက “ မောင်တောဒေသကို လက်ရှိအခြေအနေအရ အထူးကိစ္စတရပ်အနေနဲ့ ခံစားခွင့် ပေးတာပါ။ သတ်မှတ်ကာလ ၃ လ ကျော်ရင် အခြေအနေပေါ် မူတည်ပြီး ပြောင်းချင်ပြောင်းနိုင်ပါတယ်” ဟု ဧရာဝတီကို ပြောသည်။

ထိုသို့ဒေသစရိတ် တိုးမြှင့်ခံစားခွင့်ပြုရေးကို ပြည်ထဲရေး ဝန်ကြီးဌာနက ပြည်ထောင်စုအစိုးရ အဖွဲ့ထံ တင်ပြခဲ့ခြင်း ဖြစ်ပြီး မူရင်းလစာကျပ် ၁ သိန်း ရရှိသူသည် သတ်မှတ်ကာလအတွင်း တလလျှင် ဒေသစရိတ် ကျပ် ၁ သိန်း ထပ်မံရရှိမည် ဖြစ်သည့်အတွက် ယခင်ခံစားခွင့် ရရှိထားသည့် ဒေသစရိတ်ကို ရရှိတော့မည် မဟုတ်ကြောင်း ၎င်းက ဆက်ပြောသည်။

ဒေသစရိတ် တိုးမြှင့်ခံစားခွင့်ပြုရာ၌ ရဲတပ်ဖွဲ့ဝင်များ အပါအဝင် ဌာနဆိုင်ရာ ဝန်ထမ်းများအားလုံး အကျုံးဝင်ပြီး နယ်မြေရှင်းလင်းရေး ဆောင်ရွက်နေသည့် တပ်မတော်သားများအတွက် တပ်မတော်၏ လုပ်ထုံးလုပ်နည်းများ အတိုင်းသာ ဆောင်ရွက်လျက်ရှိကြောင်း ဦးမင်းသူက ဆိုသည်။

ယခင်က ဝေးလံခေါင်သီပြီး လူမှုဆက်သွယ်ရေး ခက်ခဲသည့် မြို့နယ် ၉၈ မြို့နယ်နှင့် ကျေးရွာအုပ်စု ၂၈၅၆ စုတို့တွင် တာဝန်ထမ်းဆောင်နေသော နိုင်ငံဝန်ထမ်းများကို ဒေသစရိတ်များ ခံစားခွင့် ပြုထားခဲ့ကြောင်းနှင့် မောင်တောမြို့နယ် အတွင်းရှိ နိုင်ငံဝန်ထမ်းများကို လစာ၊ ရာထူးနှုန်းထားအလိုက် ဒေသစရိတ် အနည်းဆုံး ကျပ် ၈ သောင်းမှ အများဆုံး ကျပ် ၈ သောင်း ၈ ထောင်အထိ ခံစားခွင့်ပြုထားကြောင်း မောင်တောမြို့နယ် ပညာရေးမှူး ဦးခင်အောင်က ပြောသည်။

ပညာရေးမှူး ဦးခင်အောင်က “ဒေသစရိတ် တိုးမြှင့်ပေးမယ်ဆိုတဲ့ သတင်းတော့ ကြားတယ်၊ တရားဝင်တော့ အကြောင်းကြားစာ မရောက်သေးဘူး။ ဒီအထဲမှာ ဒေသကို ပြန်လည်လာရောက်ပြီး တာဝန် မထမ်းဆောင်တဲ့ သူတွေကတော့ ရမှာ မဟုတ်ပါဘူး” ဟု ဧရာဝတီကို ပြောသည်။

လက်ရှိအချိန်၌ မောင်တောခရိုင်အတွင်း အကြမ်းဖက် တိုက်ခိုက်မှုများ ရှိနေသည့်အတွက် စာသင်ကျောင်းများ အပြည့်အဝ ပြန်လည်ဖွင့်လှစ်နိုင်ခြင်း မရှိသေးဘဲ လုံခြုံရေးအရ ပိတ်ထားရသည့် ကျောင်းများမှ ဆရာ/ဆရာမများကို လက်ရှိဖွင့်လှစ်စာသင်ကြားနေသည့် ကျောင်းများတွင် တွဲဖက်သင်ကြားစေသည့်ပုံစံ ပြုလုပ်ထားကြောင်း မောင်တောမြို့နယ် ပညာရေးမှူး ဦးခင်အောင်က ဆိုသည်။

Did you find apk for android? You can find new Free Android Games and apps.
Loading