သတင်း

ပုဒ်မ ၆၆ (ဃ) ပြင်ဆင်ရန် ပြည်သူ့လွှတ်တော်တွင် ကြိုးစားမည်ဟုဆို

Want create site? Find Free WordPress Themes and plugins.

ဆက်သွယ်ရေး ဥပဒေ ပုဒ်မ ၆၆(ဃ)ကို လုံးဝ ဖျက်သိမ်းရန် အစီအစဉ် မရှိသော်လည်း ပြင်ဆင်ပေးရန် ပြည်သူ့လွှတ်တော် ပို့ဆောင် ရေးနှင့် ဆက်သွယ်ရေး ကော်မတီက ကြိုးစားသွားမည် ဖြစ်ကြောင်း သတင်းရရှိသည်။
ယင်းကော်မတီ အတွင်းရေးမှူး ဦးနေဖူးဗဆွေက“ပြင်းထန်လွန်းတဲ့ ပြစ်ဒဏ်မျိုးကိုတော့ လျှော့ချသွားဖို့ ရှိတယ်။ လုံးဝ ဖျက်ပစ်လိုက် တာမျိုးတော့ မလုပ်ဘူး။ ပြင်သင့်တာတွေကို ပြင်မယ်။ အဲဒီအတွက် လာမယ့် အင်္ဂါနေ့မှာ အဲဒီ ကိစ္စအတွက် ကျနော်တို့ အစည်းအဝေး ခေါ်ထားပါတယ်။ အသေးစိတ်ကတော့ အစည်းအဝေး ပြီးမှာပဲ သိရမှာ”ဟု ဧရာဝတီသို့ ပြောသည်။

အောက်တိုဘာလ ၂၂ ရက်နေ့တွင် ပြည်သူ့လွှတ်တော် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ကော်မတီက ဦးဆောင်ကျင်းပမည့် အစည်း အဝေးသို့ ဥပဒေကြမ်း ကော်မတီ၊ ဥပေဒရေးရာနှင့် အထူးကိစ္စရပ်များ လေ့လာသုံးသပ်ရေး ကော်မရှင်၊ နိုင်ငံသားများ၏ မူလ အခွင့် အရေးဆိုင်ရာ ကော်မတီတို့ တက်ရောက်မည်ဖြစ်ပြီး ပြင်ဆင်ချက်ကိုမူ ဥပဒေကြမ်း ကော်မတီက တင်သွင်းလိမ့်မည်ဟု သိရသည်။

ဆက်သွယ်ရေး ဥပဒေ ပုဒ်မ ၆၆(ဃ)သည် ဒီမိုကရေစီ စနစ်နှင့် လျော်ညီမှု မရှိသည်ကို လက်ခံသဖြင့် ပြင်ဆင်သင့်သော်လည်း လက်ရှိ အခြေအနေအရ လုံးဝ ပယ်ဖျက်သင့်သည်ဟု မထင်ကြောင်း ပြည်သူလွှတ်တော် ကိုယ်စားလှယ်အများစုက ဧရာဝတီသို့ ပြောသည်။

ပုဒ်မ ၆၆ (ဃ)တွင် ဆက်သွယ်ရေး ကွန်ရက် တခုခုကို အသုံးပြု၍ လူပုဂ္ဂိုလ်တဦးဦးအား ခြောက်လှန့် တောင်းယူခြင်း၊ အနိုင်ထက် ပြုခြင်း၊ မတရား တားဆီး ကန့်ကွက်ခြင်း၊ အသရေဖျက်ခြင်း၊ နှောင့်ယှက်ခြင်း၊ မလျော်သြဇာ သုံးခြင်း သို့မဟုတ် ခြိမ်းခြောက်ခြင်း စသည့် ပြစ်မှုတခုခုကို ကျူးလွန်ကြောင်း ပြစ်မှု ထင်ရှားပါက ထိုသူအား ၃ နှစ်ထက်မပိုသော ထောင်ဒဏ်ဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ၊ ဒဏ်၂ ရပ်စလုံးဖြစ်စေ ချမှတ်ခံရမည် ဟု ဖော်ပြထားသည်။

မဏ္ဍိုင်ကြီး ၄ ရပ်ဖြစ်သည့် အုပ်ချုပ်ရေး၊ ဥပဒေပြုရေး၊ တရားစီရင်ရေးနှင့် မီဒီယာတို့သည် သဘောတရားရေးအရ အပြန်အလှန် ထိန်း ကျောင်းရမည်ဟု ပြောဆိုနေကြသော်လည်း ယင်း ၄ ရပ်စလုံးသည် ဒီမိုကရေစီနှင့် လွတ်လပ်ခွင့်များကို ချိန်ချိန်ဆဆ သုံးစွဲရာတွင် အားနည်းချက်များ ရှိသေးသဖြင့် ယခုအနေအထားကို ထိန်းညှိပေးမည့် ဥပဒေမျိုး လိုအပ်နေသေးသည်ဟု ထင်ကြောင်း အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်(NLD)မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးလွင်ကိုလတ်က ပြောသည်။

“အဲဒါကြောင့် ချက်ချင်းကြီး ပြင်တာမျိုးကိုတော့ ကျနော် သဘောမတူသေးဘူး။ သို့သော်လည်း နှိပ်ကွပ်ရေး အနေနဲ့ ဒီဥပဒေကို နာမည် ပျက်အောင် အလွန်အကျွံ သုံးတာမျိုးကိုလည်း သဘောမတူဘူး ဆိုတော့ ကိုယ့်ကျင့်ဝတ်တွေကို ကိုယ့်ဘာသာ လိုက်နာကြမယ်ဆိုရင် ဒီပုဒ်မတွေကို ထုတ်သုံးစရာ မလိုလောက်အောင် ဖြစ်လာလိမ့်မယ်”ဟု ဦးလွင်ကိုလတ်က ပြောသည်။

ပြစ်ဒဏ်အရ ၃ နှစ်မှာလည်း များနေပြီး ပြန်လျှော့သင့်ကြောင်း၊ အစိုးရနှင့် မီဒီယာကြား ပဋိပက္ခ ဖြစ်စဉ်မျိုးတွင်မူ ၂ ဖက် အပြန်အလှန် ညှိနှိုင်းသင့်ပြီး ညှိနှိုင်း၍ မရမှသာ ယခု ပုဒ်မမျိုးကို အစိုးရက ထုတ်သုံး၍ အရေးယူသင့်ကြောင်း ၄င်းက အကြံပြုသည်။

အမျိုးသား လွှတ်တော် ကိုယ်စားလှယ် ဦးအောင်သိန်းကလည်း “လွတ်လပ်စွာ ပြောဆိုရေးသားခွင့်ပြုပေမယ့် လွတ်လပ်စွာ ဆဲဆိုနေတာ မျိုးတွေကတော့ အဓိပ္ပါယ် မရှိဘူး။ လွတ်လပ်စွာ ဆဲဆိုနေသူ တွေအတွက် ဒီဥပဒေမျိုးက လိုတယ်။ ဒါကြောင့် ၆၆ (ဃ) ဆိုတဲ့ ဥပဒေ ပြဌာန်းချက်က ရှိရတာ။ အကုန်လုံး ဖျက်ပစ်လိုက်ရင် လိုသလို အသုံးချနိုင်သူတွေကြောင့် ပြည်သူတွေမှာ မတရား အစော်ကား ခံရနိုင်တယ်”ဟု ပြောသည်။

ထို့ကြောင့် ယခု ဥပဒေကို ဖျက်သိမ်းပစ်ခြင်းထက် ဆက်လက်ပြီး ကျင့်သုံးနိုင်အောင် ဘယ်လိုပုံစံဖြင့် ပြုပြင်နိုင်မလဲဆိုသည့်အချက်ကို စဉ်းစားသင့်ကြောင်း သူက ပြောသည်။

ပုဒ်မ ၆၆(ဃ)သည် ပြည်သူလူထုအတွက် အကျိုးမရှိကြောင်း၊ ဥပမာအားဖြင့် လူတယောက် နစ်နာပါက ပြစ်မှုဆိုင်ရာ ကျင့်ထုံး ဥပဒေ ပုဒ်မ ၅၀၀ နှင့် တရားစွဲဆိုနိုင်သော်လည်း ဆယ်သွယ်ရေး ဥပဒေကဲ့သို့ အထူး ဥပဒေမျိုးဖြင့် ဆွဲသည့်အခါ အခြား ဥပဒေများကို လွှမ်းမိုး လိုက်သလို ဖြစ်သွားကြောင်း ထန်းတပင်မြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးနေမျိုးထွန်းက ပြောသည်။

“တကယ်လို့ သုံးရင်တောင် အာမခံပေးလို့ရတဲ့ ပုဒ်မမျိုး ဖြစ်အောင် ဖြေလျှော့ပေးဖို့ လိုတယ်။ အခုက အွန်လိုင်းပေါ်မှာ ကိုယ့်ခံစားချက် ရှိလို့ ရေးလိုက်တာနဲ့ တပြိုင်တည်း ဒီပုဒ်မကြီးကို အသုံးချပြီးတော့ ဆွဲမယ်ဆိုရင် အာမခံလည်း မရတော့ ကြိုတင် အပြစ်ပေးထားတဲ့ သဘော သက်ရောက်တယ်။ ဒါက နည်းနည်းတော့ ပြင်းထန်လွန်းပါတယ်”ဟု ဥပဒေကြမ်း ကော်မတီဝင် တဦးလည်း ဖြစ်သူ ဦးနေမျိုးထွန်းက ပြောသည်။

နစ်နာမှုများ ရှိပါက မီဒီယာ ဥပဒေ၊ အသရေဖျက်မှု ၅၀၀ နှင့် ဆက်သွယ်ရေး ဥပဒေများဖြင့် တရားစွဲဆိုနိုင်ရာတွင် အစိုးရက အပြင်း ထန်ဆုံးဖြစ်သည့် ဆက်သွယ်ရေး ဥပဒေ ပုဒ်မ ၆၆ (ဃ) အသုံးပြု၍ တရားစွဲဆိုခြင်းမှာ မဖြစ်သင့်ကြောင်း၊ ယခု ပုဒ်မကို လုံးဝ ပယ်ဖျက်သင့်ကြောင်း မြေပုံမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဖေသန်းက ပြောသည်။

“တို့နိုင်ငံမှာက ရှေ့က ဥပဒေတွေကို ကျော်ကျော်ပြီးတော့ ဥပဒေအသစ်၊ ပုဒ်မအသစ်တွေ ထပ်ပြီး ဖြစ်နေတာတွေက စိတ်ကြိုက် လုပ် နိုင်တာပေါ့နော်။ အပြင်းထန်ဆုံး ပုဒ်မတွေနဲ့ ဆွဲတယ်။ ထောင်ဒဏ်ကလည်း ၃ နှစ်အထိ ချနိုင်တယ်ဆိုတော့ တရားသူကြီးတွေကလည်း လုပ်တာပေါ့။ အဲဒါကြောင့် ဒီပုဒ်မက လုံးဝ ပယ်ဖျက်သင့်တာပါ”ဟု ဦးဖေသန်းက ပြောသည်။

Did you find apk for android? You can find new Free Android Games and apps.
Loading