ထိုင်းဘုရင်ကြီး ဘူမိဘောအဒူယာဒက် နတ်ရွာစံပြီး ၁ လ အကြာတွင် ထိုင်းတော်ဝင် မိဖုရားကြီး သီရိခေတ်သည် ဖျားနာခြင်းနှင့် အဆုတ်လမ်းကြောင်းပိုင်း ဆိုင်ရာ ဝေဒနာများကြောင့် ဆေးရုံသို့ တင်ပို့ ဆေးဝါးကုသမှု ခံနေရကြောင်း ထိုင်းတော်ဝင် နန်းတော်က ကြေညာသည်။
အသက် ၈၄ နှစ် ရှိပြီ ဖြစ်သည့် မိဖုရားကြီးသည် ပြီးခဲ့သည့် ဗုဒ္ဓဟူးနေ့ နိုဝင်ဘာ ၁၆ ရက်နေ့က စ၍ ပြင်းထန်စွာ နာမကျန်း ဖြစ်ခဲ့ကြောင်း၊ မိဖုရားကြီးအား ချူလာလောင်ကောင် ဆေးရုံ၌ ကုသပေးနေခြင်း ဖြစ်ပြီး ကြာသပတေးနေ့တွင် အဖျားကျသွားကာ ကောင်းကောင်း အသက်ရှူနိုင်ပြီ ဖြစ်သလို အစာလည်း စားနိုင်နေပြီဟု ယနေ့ သောကြာနေ့တွင် ကြေညာသည်။
မိဖုရားကြီးသည် အသက်ရှူလမ်းကြောင်းဆိုင်ရာ ကူးစက်ရောဂါ ခံစားခဲ့ရခြင်း ဖြစ်ပြီး ပဋိဇီ၀ ဆေးများဖြင့် ကုသပေးနေသည်ဟု ဆိုသည်။
မိဖုရားကြီးသည် နှစ် အတော်ကြာကတည်းက ကျန်းမာရေး ချူချာနေခြင်း ဖြစ်ပြီး လေဖြတ်သည့် ရောဂါလည်း ခံစားခဲ့ရသည်။
ကမ္ဘာ့သက်တမ်း အရှည်ဆုံး ဘုရင်တပါး ဖြစ်သည့် ထိုင်းဘုရင်ကြီး ဘူမိဘောသည် နှစ်အတန်ကြာ ဖျားနာရောဂါ ခံစားခဲ့ရပြီးနောက် အောက်တိုဘာ ၁၃ ရက်နေ့က နတ်ရွာစံခဲ့ဖြစ်သည်။ ထိုင်းနိုင်ငံ တဝှမ်း ဝမ်းနည်းမှု အထိမ်းအမှတ် အဖြစ် ၁ နှစ်ကြာ သတ်မှတ်ထားသည်။