တောင်ငူမြို့မှ နေပြည်တော်သို့ လေ့လာရေးခရီးထွက်လာသည့် မူကြိုကျောင်းကားတစီး ရန်ကုန်- မန္တလေး အမြန်လမ်းမကြီး မိုင်တိုင်အမှတ် ၁၅၀ အနီးတွင် အရှိန်မထိန်းနိုင်ဘဲ တိမ်းမှောက်ကာ မီးလောင်ကျွမ်းခဲ့ရာ ယာဉ်မောင်းတဦး သေဆုံးခဲ့ပြီး ဆရာမများနှင့် မူကြိုကလေး စုစုပေါင်း ၉ ဦး ဒဏ်ရာရရှိခဲ့ကြောင်း အမြန်လမ်းရဲတပ်ဖွဲ့ထံက သိရသည်။
ဖြစ်စဉ်မှာ ယနေ့မနက် ၈ နာရီက တောင်ငူမြို့နယ်မှ နေပြည်တော်သို့ လေ့လာရေးခရီးထွက်လာသည့် ဆရာမများနှင့် မူကြိုကျောင်းသူ၊ ကျောင်းသားများကို တင်ဆောင်လာသည့် HILUX ယာဉ်မှာ မိုင်တိုင် ၁၅၀ မိုင် ၆ ဖာလုံနှင့် ရ ဖာလုံ အနီးတွင် ကားဘီးပေါက်ပြီး အရှိန်မထိန်းနိုင်သဖြင့် တိမ်းမှောက်ကာ မီးလောင်ကျွမ်းခဲ့ကြောင်း၊ ယာဉ်မောင်း ဖြစ်သူ အသက် ၄၀ အရွယ် စောမောနီထူး မှာ နေရာတွင် မီးလောင်ကျွမ်းသေဆုံး သွားကြောင်း သိရသည်။
“ဒဏ်ရာရတဲ့သူတွေ အားလုံး တောင်ငူဆေးရုံမှာဘဲ တက်နေတယ်။ အကုန်တောင်ငူမှာဘဲ။ မနက် ၈ နာရီလောက်က ဖြစ်တာပါ”ဟု အမြန်လမ်းရဲတပ်ဖဲဲွ့မှ တာဝန်ကျရဲဝန်ထမ်းတဦးက ရှင်းပြသည်။
ထို့ပြင် ယာဉ်ပေါ်တွင် လိုက်ပါလာသည့် နော်မူဆေးဖော်၊ နော်ကူမောလေး၊ နော်ကော်ဖော၊ နော်အေးစတာ၊ မောင်ခူးလားလား၊ မောင်ဂေသာမူး၊ မောင်စောဂေလယ်ထူး၊ မဟယ်ရီမော်၊ မောင်ထီးမိုးခူးထီး တို့ ၉ ဦးမှာ အတွင်းလူနာ ( မစိုးရိမ်ရ ) ဖြင့် တောင်ငူဆေးရုံတွင် တက်ရောက်ကုသလျက်ရှိကြောင်း အမြန်လမ်းရဲတပ်ဖွဲ့က ပြောသည်။
အဆိုပါကိစ္စနှင့် ပတ်သက်၍ ယာဉ်မောင်း စောမောနီထူးကို ပုဒ်မ ၃၀၄-က၊ ၃၃၈၊ ၃၃၇၊ ၂၈၅ ဖြင့် ဇီးပင်သာရဲစခန်းက အမှုဖွင့်အရေးယူဆောင်ရွက်လျက်ရှိကြောင်း သိရသည်။