ရန်ကုန်မြို့၊ ဒဂုံမြို့သစ် မြောက်ပိုင်း မြို့နယ်တွင် အိမ်အကူမိန်းကလေးကို ရိုက်နှက်နှိပ်စက်မှုများ ပြုလုပ်ခဲ့သည့် အိမ်ရှင်မိသားစုကို ဒဂုံမြောက်တရားရုံးတွင် နိုဝင်ဘာ ၁၇ ရက်နေ့က အလုပ်နှင့် ထောင်ဒဏ်များ အသီးသီးချမှတ်လိုက်ကြောင်း သတင်းရရှိသည်။
အမှုနှင့်ပတ်သက်၍ အိမ်ရှင်ဖြစ်သူ ဒေါ်အေးအေးဝင်းကို ပုဒ်မ ၃၀၇ အရ အလုပ်နှင့်ထောင်ဒဏ် ရ နှစ်၊ သားဖြစ်သူ အေးကျော်ဝင်းနှင့် သားမက်ဖြစ်သူ မျိုးဇော်ထက် တို့ကို ပုဒ်မ ၃၂၅ အရ အလုပ်နှင့်ထောင်ဒဏ် ၅ နှစ်စီနှင့် သမီးဖြစ်သူ မခင်သန္တာဦးကို ပုဒ်မ ၃၂၃ အရ အလုပ်နှင့် ထောင်ဒဏ် ၁ နှစ် ချမှတ်ခဲ့ခြင်းဖြစ်သည်။
မသန်းသန်းအေး၏ ဦးလေးဖြစ်သူ ဦးမျိုးဦးက “ပြစ်ဒဏ်ချမှတ်မှုနဲ့ပတ်သက်လို့ ဘာမှပြောစရာ မရှိပါဘူး။ အမှုဖွင့်ခဲ့တာကလည်း နောက်လူတွေဒါမျိုးမကြုံတွေ့ရအောင် သင်ခန်းစာအနေနဲ့ လုပ်ခဲ့တာပါ။ ကလေးက ကျန်းမာရေးကောင်းနေပေမယ့် ဒဏ်ရာအမာရွတ်တွေက မပျောက်တော့ပါဘူး”ဟု ဧရာဝတီသို့ပြောသည်။
ထို့ပြင် မသန်းသန်းအေးကို ရိုက်နှက်နှိပ်စက်ခဲ့သည့် အိမ်ရှင်မိသားစုဝင် လေးဦးကို ကလေးသူငယ် ကာကွယ်ရေးဥပဒေပုဒ်မ ၆၆(ဃ)၊ လူကုန်ကူးမှု တာဆီးကာကွယ်ရေး ဥပဒေပုဒ်မ ၂၄/၃၂ တို့ဖြင့် တရားစွဲဆိုမှုများ ထပ်မံပြုလုပ်ထားကြောင်းလည်း သိရသည်။
ယခုကဲ့သို့ ရိုက်နှက်နှိပ်စက်မှုများအပေါ် မြောက်ဒဂုံရဲစခန်းတွင် ၂၀၁၅ ခုနှစ် ဇူလိုင် ၁၄ ရက်က အဖွင့်ခဲ့ခြင်းဖြစ်ပြီး သက်ဆိုင်ရာတာဝန်ရှိသူများ၏ အရေးယူဆောင်ရွက်မှုများ ကြန့်ကြာမှုရှိခဲ့သည့် အပေါ် ကာယကံမိသားစုများက သတင်းစာရှင်းလင်းပွဲများပြုလုပ်ခဲ့သည့်အပြင် ပြည်သူများ၏ ဝေဖန်မှုများလဲရှိခဲ့သည်။
ဒဂုံမြို့သစ်တောင်ပိုင်း မဲဆန္ဒနယ် ၁ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးညီညီက “ကျနော်တို့အနေနဲ့ ဒီလိုအမှုတွေမှာ ဖိအားပေးတာမျိုး မရှိပါဘူး၊ သိသာမြင်သာတဲ့ အမှုမျိုးတွေ ကိုတော့ မြန်မြန်ဆန်ဆန် ဆောင်ရွက်ဖို့လိုပါတယ်၊ လက်ရှိတရားစီရင်ရေးကတော့ အရင်ထက် နည်းနည်း ပိုကောင်းလာတယ်ဆိုပေမယ့် အလုံးစုံကောင်းမွန်တဲ့အခြေအနေ မရှိသေးပါဘူး”ဟု ပြောသည်။
ပြစ်ဒဏ်ချမှတ်ခံရသည့် အိမ်ရှင်မိသားစုသည် နှိပ်စက်ခံရသူ မသန်းသန်းအိ၏ အသက် ၁၀နှစ်ခန့်အရွယ်ကတည်းက ၎င်း၏ ဖခင်ထံမှ မွေးစားမည်ဟုပြောဆိုကာ ခေါ်ဆောင်ခဲ့ကြောင်း၊ နေအိမ်၌ ၅ နှစ်ခန့် နေထိုင်ခဲ့ရစဉ် အတွင်း မိသားစုဝင်များ၏ ဝိုင်းဝန်းရိုက်နှက် နှိပ်စက်မှုများကြောင့် နေအိမ်မှထွက်ပြေးကာ လွတ်မြောက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အိမ်ရှင်များ၏ ရိုက်နှက်မှုကြောင့် မသန်းသန်းအိ၏ ဦးခေါင်းနှင့် ခန္ဓာကိုယ်အနှံ့တွင် ဒဏ်ရာများစွာ ရရှိခဲ့ပြီး ဆေးရုံတက်ကုသခဲ့ရကြောင်း ဦးလေးဖြစ်သူ ဦးမျိုးဦးက ပြောသည်။
ဦးမျိုးဦးက “ကလေးမလေးကို ကျနော်က အုပ်ထိန်းသူအနေနဲ့ စောင့်ရှောက်ထားပါတယ်၊ ဒီလ ၁၅ ရက်နေ့ကတော့ ရန်ကုန်ရဲချုပ်ကဆိုပြီး ကလေးရှေ့ရေးအတွက် ငွေကျပ် ၁၀ သိန်းလာပေးပြီး ဘဏ်မှာအပ်ထားခိုင်းထားပါတယ်”ဟု ပြောသည်။
လက်ရှိတွင် ၁၆ နှစ်အရွယ် မသန်းသန်းအိမှာ ကျန်းမာရေးကောင်းမွန်လျက်ရှိသော်လည်း မိဘများ မရှိတော့သည့်အတွက် ဦးလေးဖြစ်သူ၏ မိသားစုနှင့်အတူ တောင်ဒဂုံမြို့နယ်တွင် နေထိုင်လျက်ရှိ ကြောင်း သိရသည်။