အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲများတွင် ဆွေးနွေးရမည့် ကဏ္ဍ ၅ ခုရှိသော်လည်း နိုင်ငံရေးကဏ္ဍ၊ စီးပွားရေးကဏ္ဍ၊ မြေယာနှင့် သဘာဝသယံဇာတကဏ္ဍနှင့် လူမှုရေး ကဏ္ဍတို့ကိုသာ ဆွေးနွေးခွင့်ပြုထားပြီး လုံခြံုရေးကဏ္ဍကို ဆွေးနွေးခွင့် မပြုကြောင်း သိရသည်။
လုံခြံုရေးကဏ္ဍအောက်တွင် “နိုင်ငံတော်ကာကွယ်ရေးဆိုင်ရာ ကိစ္စရပ်များနှင့် လုံခြံုရေးဆိုင်ရာ ပြန်လည်ပေါင်းစည်းခြင်း ကိစ္စရပ်များ” ပါဝင်ပြီး ထိုအကြောင်းအရာများကို ပြည်ထောင်စုအဆင့် ရောက်မှသာ ဆွေးနွေးရန် ဆုံးဖြတ်ထားကြောင်း ပြည်ထောင်စု ငြိမ်းချမ်းရေးဆွေးနွေးမှု ပူးတွဲကော်မတီ (UPDJC) နိုင်ငံရေးပါတီများအစုအဖွဲ့ အတွင်းရေးမှူး စိုင်းကျော်ညွှန့် ကပြောသည်။
စိုင်းကျော်ညွှန့် က “တပ်မတော်ဘက်ကရော အစိုးရဘက်ကရော စိုးရိမ်ချက်ကတော့ လုံခြံုရေးအပိုင်းကို အမျိုးသားအဆင့် အထိ ကျယ်ကျယ်ပြန့်ပြန့်ဆွေးနွေးရင် ပိုပြီးတော့ ထိလွယ်ရှလွယ်ဖြစ်တယ်ပေါ့လေ။ ပိုပြီးတော့ ရှုပ်ထွေးသွားမယ် ဆိုတဲ့အ မြင်ရှိတဲ့ အတွက်ကြောင့်မို့လို့ ပြည်ထောင်စု အဆင့်မှာပဲ ဆွေးနွေးမယ်ဆိုပြီးတော့ အဲလိုပဲ ဆုံးဖြတ်ချက်ရှိတဲ့ သဘောပါ” ဟု ဧရာဝတီသို့ ပြောသည်။
ပြည်ထောင်စုအဆင့်တွင် ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံအပါအဝင် ပြည်ထောင်စု ငြိမ်းချမ်းရေးဆွေးနွေးမှု ပူးတွဲကော် မတီ (UPDJC)နှင့် လုပ်ငန်းကော်မတီတို့ ပါဝင်မည်ဖြစ်သည်။ လုံခြံုရေးကဏ္ဍကို ပြည်ထောင်စုအဆင့် အဆိုပါ ၃ နေရာ တွင် ဆွေးနွေးမည်ဟု ဆုံးဖြတ်ချက် ချထားခြင်းဖြစ်သည်။
အမျိုးသားအဆင့်နိုင်ငံရေးဆွေးနွေးပွဲအဆင့်တွင် ဆွေးနွေးမည့် နိုင်ငံရေးကဏ္ဍ၊ စီးပွားရေးကဏ္ဍ၊ မြေယာနှင့် သဘာဝ သယံဇာတကဏ္ဍနှင့် လူမှုရေး ကဏ္ဍများ၏ တခုချင်းစီအောက်တွင် ခေါင်းစဉ် ၂ မျိုးစီရှိပြီး စုစုပေါင်း ခေါင်းစဉ် ၈ ခု ရှိမည် ဖြစ်သည်။
နိုင်ငံရေးကဏ္ဍအောက်တွင် ဒီမိုကရေစီနှင့် ဖက်ဒရယ်ကို အခြေခံသော ဖွဲ့စည်းပုံဆိုင်ရာ ကိစ္စရပ်များနှင့် တိုင်းရင်းသားလူ မျိုးများ၏ ခံစားသင့် ခံစားထိုက်သည့် အခွင့်အရေးများ ပါဝင်ပြီး စီးပွားရေး ကဏ္ဍတွင် ဖက်ဒရယ်ဆိုင်ရာ ဘဏ္ဍာရေးနှင့် စီးပွားရေးမူဝါဒဆိုင်ရာ ကိစ္စရပ်များနှင့် ဒေသန္တရဖွံ့ဖြိုးရေးတို့ ပါဝင်ကြောင်းသိရသည်။
လူမှုရေးကဏ္ဍတွင် ကိုးကွယ်ယုံကြည်မှုနှင့် ပြန်လည်ထူထောင်ရေး၊ ပြန်လည်နေရာချထားရေး ကိစ္စရပ်များ ပါဝင်ပြီး မြေယာနှင့် သဘာဝသယံဇာတ ကဏ္ဍတွင် မြေယာမူဝါဒနှင့် သဘာဝသယံဇာတစီမံခန့်ခွဲခြင်းနှင့် ခွဲဝေသုံးစွဲခြင်းကိစ္စ၊ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ထိန်းသိမ်းခြင်းတို့ ပါဝင်ကြောင်းသိရသည်။
သို့သော်လည်း ဆွေးနွေးခွင့် ပြုထားသည့် ကဏ္ဍ ၄ ခုအနက်မှ လူမှုရေး ကဏ္ဍအောက်တွင်ရှိသော ကိုးကွယ်ယုံကြည်မှု ဆိုင်ရာကိစ္စကို လူမျိုးအလိုက်ဆွေးနွေးမှု အဆင်မပြေသဖြင့် အမျိုးသားအဆင့်တွင် မဆွေးနွေးတော့ဘဲ ပြည်ထောင်စု အဆင့်တွင် ဆွေးနွေးရန် ဆုံးဖြတ်လိုက်သဖြင့် ဆွေးနွေးရန် ခေါင်းစဉ် ရ ခုသာ ကျန်ရှိတော့သည်။
“ကိုးကွယ်မှုဆိုင်ရာ ကိစ္စရပ်မှာကလည်း လူမျိုးအလိုက်မှာ သွားဆွေးနွေးရင်လည်း အဆင်မပြေဘူးပေါ့လေ။ ဘာဖြစ်လို့ လည်းဆိုတော့ လူမျိုးတမျိုးကို တမျိုးစီ ကိုးကွယ်နေကြတာလေ။ ဘာသာတရားအရ ကိုးကွယ်ယုံကြည်မှုတွေ ကွဲပြားနေ တယ်ဆိုတော့ ဒါဟာလည်း ပဋိပက္ခဖြစ်မယ့်ကိစ္စပဲပေါ့လေ။ ဒေသအလိုက် ဆွေးနွေးပြန်ရင် ဒေသအလိုက်မှာလည်း လူမျိုး ပေါင်းစုံ၊ ဘာသာပေါင်းစုံက တပြိုင်တည်း ဆွေးနွေးမယ် ပြုမယ်ဆိုရင် ဒါက ပဋိပက္ခ ပိုဖြစ်စေတယ်ပေါ့။ ဒါကြောင့် ပြည် ထောင်စုအဆင့်များ ဆွေးနွေးမယ်ဆိုပြီးတော့ ဆုံးဖြတ်ချက်ချလိုက်ရတာပေါ့လေ” ဟု စိုင်းကျော်ညွှန့်က ပြောသည်။
အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲများကို လက်တလော အချိန်ကန့်သတ်မှုပေးထားခြင်းမရှိသော်လည်း အကယ်၍ ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံ ၂၀၁၉ ခုနှစ်အတွင်း ပြီးမြောက်အောင် လုပ်နိုင်မည်ဆိုလျှင် အမျိုးသားအဆင့် နို်င်ငံ ရေးဆွေးနွေးပွဲများကို ၂၀၁၉ ခုနှစ်တွင် အပြီးလုပ်သင့်ကြောင်း UPDJC အလုပ်အဖွဲ့က အကြံပြုထားကြောင်း သိရသည်။
အမျိုးသားအဆင့်နိုင်ငံရေးဆွေးနွေးပွဲကို လူမျိုးအလိုက်၊ ဒေသအလိုက်နှင့် အကြောင်းအရာအလိုက်ဆိုသည့် ပုံစံဖြင့် ၃မျိုး ခွဲထားပြီး လူမျိုးအလိုက်တွင် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများနှင့် နိုင်ငံရေးပါတီများက ဦးဆောင်ခေါ်ယူကျင်း ပခွင့်ရှိပြီး ဒေသအလိုက်တွင် သက်ဆိုင်ရာ ပြည်နယ်များ၏ အစိုးရက ခေါ်ယူကျင်းပခွင့် ရှိမည်ဖြစ်သည်။ အကြောင်းအရာ အလိုက်တွင်တော့ လူထုအခြေပြုအဖွဲ့အစည်းများ CSOs အဖွဲ့များက ဦးစီးပြီး ကျင်းပခွင့်ရှိကြောင်း သိရသည်။
အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲများတွင် တိုင်းရင်းသားလက်နက်ကိုင်၊ နိုင်ငံရေးပါတီ၊ အစိုးရနှင့် CSOs များက ဦး ဆောင်ကျင်းပခွင့်ရှိသော်လည်း တိုင်းဒေသကြီးနှင့် ပြည်နယ်အလိုက် အစိုးရ၊ လွှတ်တော်၊ တပ်မတော်၊ တရားဝင် နိုင်ငံရေး ပါတီများ၊ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများ၊ အရပ်ဘက်လူထုအခြေပြုအဖွဲ့အစည်းများနှင့် ပါဝင်သင့်ပါဝင် ထိုက်သူများ ဝင်ရောက်ဆွေးနွေးနိုင်ကြောင်း သိရသည်။
အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲများကို အစိုးရနှင့် တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် (NCA) လက်မှတ်ရေးထိုးထားသော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများသာ လုပ်ခွင့်ရှိမည်ဖြစ်ပြီး အပစ်မရပ်ရသေးသော လက်နက်ကိုင်အဖွဲ့အစည်းများအနေဖြင့် ယင်းသို့ ပြုလုပ်ခွင့်ရမည် မဟုတ်ဟု ဆိုသည်။
အမျိုးသားအဆင့်နိုင်ငံရေးဆွေးနွေးပွဲများကို လက်တလောတွင် တနေရာမှ စတင်နိုင်ခြင်း မရှိသေးပေ။