မန္တလေးခရိုင်၊ အမရပူရမြို့နယ်အတွင်းရှိ တောင်သမန်အင်းတွင် အမှိုက်များ ကင်းစင်ရေး အရပ်ဘက်အဖွဲ့အစည်းများက ကူညီလုပ်ဆောင်သော်လည်း အမှိုက်ပြဿနာကို ထိရောက်စွာ ဖြေရှင်းနိုင်ခြင်း မရှိသေးကြောင်း ဒေသခံ လူထုအခြေပြု အဖွဲ့အစည်းများ (CSOs) များက ပြောသည်။
“အမှိ်ုက်ပြဿနာကို ပြောရမယ်ဆိုရင် ဒေသခံတွေရဲ့ အမှိုက်စွန့်ပစ်မှု၊ အင်းကို အမှီပြုနေတဲ့ ဈေးဆိုင်ခန်းတွေရဲ့ အမှိုက် စွန့်ပစ်မှု၊ လာရောက် လည်ပတ်သူများရဲ့ စွန့်ပစ်မှုဆိုပြီး ရှိတယ်။ နောက် ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းတွေကြောင့် ထွက်ရှိလာမယ့် အမှိုက်ပြဿနာတွေ မရှိသေးပေမယ့် အလားအလာတွေ ရှိနေတယ်၊ အဲဒါတွေအတွက် ကြိုတင် စီမံခန့်ခွဲထားဖို့ လိုတယ်။ ဒေသခံ အမှိုက်ပြဿနာမှာက လူအဝင်များတဲ့ တံတားအရှေ့ဘက်၊ အနောက်ဘက်နေရာနဲ့ မယ်ဇယ်တန်း တွေမှာရှိ နေတယ်” ဟု စိမ်းရောင်စိုအဖွဲ့မှ ကိုမောင်မောင်ဦးက ပြောသည်။
တောင်သမန်အင်းကို အမှီပြုနေသည့် ဈေးဆိုင်များမှ ထွက်ရှိမှုသည် နေ့စဉ် အမှိုက်ထွက်ရှိမှု၏ ၃ ပုံ ၂ ပုံခန့် ရှိနေပြီး အဆိုပါ အမှိုက်များအား သိမ်းဆည်းနိုင်ရေး အမှိုက်သိမ်းယာဉ် နေ့စဉ်လာရောက်မှု မရှိဟု ဒေသခံ CSOs များက ဆိုသည်။
Natural Green Alliance အဖွဲ့မှ ကိုဆဲက “စစ်တမ်း ကောက်ကြည့်တဲ့အခါ အဓိက တွေ့ရှိရတာကတော့ အမှိုက်ကား နေ့စဉ်လာရောက်မှု မရှိတာကို တွေ့ရတယ်။ လာတဲ့ အမှိုက်ကားကလည်း ထော်လာဂျီ အသေးလေး တကြောင်းလောက် ပတ်တာ။ တပတ်မှာ ၁ ခေါက်၊ ၂ ခေါက် ပတ်နေရုံနဲ့ အဆင်မပြေနိုင်ဘူး။ ထွက်ရှိနေတဲ့ အမှိုက်တွေကို လုံလောက်စွာ သိမ်းဆည်းပေးနိုင်ဖို့ လိုပါတယ်။ ဈေးဆိုင်တွေ အတွက်ကတော့ အထူးကြပ်မတ်ပြီး လုပ်ဆောင်ဖို့ လိုတယ်” ဟု ပြောသည်။
တောင်သမန် အင်းနှင့် ဦးပိန်တံတားသို့ ယခုအခါ နေ့စဉ် ခရီးသွားလာသူများဖြင့် စည်ကားလျက်ရှိပြီး အင်းအရှေ့ဘက်နှင့် အနောက်ဘက်ခြမ်းများတွင် ဈေးဆိုင်ပေါင်း ၇၆ ဆိုင်ရှိကြောင်း ယခင် မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ ကောက်ယူခဲ့သည့် စာရင်းများအရ သိရသည်။
အင်း အနောက်ဘက်ခြမ်းမှ ဈေးဆိုင်ပိုင်ရှင်ဒေါ်ချိုကမူ “ဈေးဆိုင်တွေက အမှိုက်တွေကြောင့် အင်းအလှ ပျက်ဆီးရတာ မဟုတ်ပါဘူး။ ကျနော်တို့ ဆိုင်တွေက အမှိုက်ကို ကိုယ့်အစီအစဉ်နဲ့ကိုယ် စွန့်ပစ်နေတယ်၊ အမှိုက်ကား လာတယ် ဆိုတာလည်း ၂ နှစ်လောက်ပဲ ရှိသေးတယ်။ အရင်က ကျင်းတူးပြီး ပစ်ခဲ့ရတယ်။ နောက် သင်္ချိုင်းဟာင်း နေရာမှာ ပစ်တယ်၊ ဆိုင်တွေရဲ့ အမှိုက်တွေကို အင်းထဲမှာ စွန့်ပစ်တာမျိုး လုံးဝမရှိပါဘူး” ဟု ပြောဆိုသည်။
ယခုအခါ တောင်သမန်းအင်းနှင့် ဦးပိန်းတံတားကို ရှေးဟောင်းယဉ်ကျေးမှု ကာကွယ်ထိန်းသိမ်းရေး ဇုန်အဖြစ် သတ်မှတ် ထားသည်။ အင်းအတွင်း အမှိုက်စွန့်ပစ်မှုများကို တွေ့ရှိရပါက ရှေးဟောင်းယဉ်ကျေးမှု ထိန်းသိမ်းရေးဥပဒေ၊ မန္တလေးမြို့တော် စည်ပင်သာယာရေး ဥပဒေများဖြင့် အရေးယူ ဆောင်ရွက်ရန် ထုတ်ပြန် ကြေညာထားကြောင်း ရှေးဟောင်းသုသေသနနှင့် အမျိုးသားပြတိုက် ဦးစီးဌာန (မန္တလေးတိုင်း ဒေသကြီး) မှ သိရသည်။
“CSOs တွေက ကမ်းပိန်းတွေ လုပ်ဆောင်ခဲ့တယ်၊ အမှိ်ုက်တွေ ကောက်ပြခဲ့တယ်၊ အမှိုက်ပုံးတွေ ထားပေးခဲ့တယ်၊ အဲဒီ အမှိုက်ပုံးတွေကို သိမ်းနိုင်အောင်လို့ ဝန်ထမ်းတွေ ငှားပြီး ဆောင်ရွက်ပေးခဲ့တယ်။ အဲဒီလို လုပ်ဆောင်ခဲ့တာကြောင့် တံတားအခြေ အနီးတဝိုက်မှာတော့ သန့်ရှင်းနေသယောင် ရှိနေပေမယ့် ပူးပေါင်းပါဝင်မှု အားနည်းတော့ ဒီနေ့အချိန်အထိ အမှိုက်ပြဿနာက ရှိနေဆဲပါပဲ” ဟု စိမ်းရောင်စိုမှ ကိုမောင်မောင်ဦးက ပြောသည်။
မန္တလေးမြို့ရှိ လူနေအိမ်များ၊ စားသောက်ဆိုင်များ၊ ဈေးများ၊ ကျောင်းများ၊ စက်ရုံ၊ အလုပ်ရုံများမှ စွန့်ပစ်အမှိုက် အများအပြား ထွက်ရှိနေပြီး ယခုနှစ်တွင် ၁ ရက်လျှင် အမှိုက်တန်ချိန် ၈၅၀ ကို သိမ်းဆည်းပေးလျက်ရှိကာ အမှိုက် သိမ်းဆည်းမှုမှာ စုစုပေါင်း အမှိုက်ထွက်ရှိမှု၏ ၇၄ ရာခိုင်နှုန်းကိုသာ သိမ်းဆည်းပေးနိုင်သေးသည်ဟု အာရှဖွံ့ဖြိုးရေးဘဏ် (ADB) ၏ ၂၀၁၅-၁၆ ဘဏ္ဍာနှစ် ခန့်မှန်းတွက်ချက်မှုအရ သိရသည်။