စိုက်ပျိုးရေး၊ မွေးမြူရေးနဲ့ ဆည် မြောင်း ဒုဝန်ကြီး ဒေါက်တာထွန်းဝင်းကို အောက်တိုဘာလ ၁၈ ရက်နေ့က အကြောင်းပြချက် တစုံတရာမပေးဘဲ သမ္မတကြီး ဦးထင် ကျော် အမိန့်နဲ့ ရာထူးတာဝန်က ရပ်စဲလိုက်တာက မြန်မာ့နိုင်ငံရေး အသိုင်းအဝိုင်းမှာ တော်တော်လေး ရိုက်ခတ်မှု ရှိခဲ့ပါတယ်။
အခုလို ဒေါက်တာထွန်းဝင်းတယောက် ရာထူးတာဝန်ကနေ ရပ်စဲခံရတာဟာ လာဘ်စားလို့၊ အကျင့်ပျက်လို့ မဟုတ်ဘဲ သူ့အထက်က ဝန်ကြီးဖြစ်သူ ဒေါက်တာ အောင်သူနဲ့ လုပ်ငန်းပိုင်း ဆောင်ရွက်ရာမှာ အဆင်မပြေတာ၊ သူ့ဝန်ကြီးဌာနက ညွှန်ချုပ်တွေဟာ သူနဲ့ ပူး ပေါင်း ဆောင်ရွက်မှု မရှိတာနဲ့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်(NLD) ပါတီက ဦးဝင်းထိန်နဲ့ ပြဿနာတခု ဖြစ်ရာကနေ အကြောင်းစုံပြီး အခုလို ဖြစ်ရတာလို့ သိရပါတယ်။
ဒေါက်တာထွန်းဝင်းဟာ နိုဝင်ဘာ ၁၉ ရက် ညနေပိုင်းက သူဒုဝန်ကြီးအဖြစ် တာဝန်ထမ်းဆောင်လို့ ရထားတဲ့ နေပြည်တော်က လူကြီး သီးသန့် အိမ်ရာတွေထဲက ခြံအမှတ် ၄၅ မှာ မီဒီယာတွေကို အခုလို ရှင်းပါတယ်။
ဖြစ်စဉ်အစက ဒုဝန်ကြီး ဖြစ်လာတဲ့ ဒေါက်တာ ထွန်းဝင်းဟာ စိုက်ပျိုးရေး နယ်ပယ်ကနေ လာတဲ့သူဖြစ်လို့ စိုက်ပျိုးရေး မူဝါဒ ၃ ခုကို ဝန်ကြီး ဒေါက်တာ အောင်သူဆီကို တင်ပြခဲ့ပါတယ်။
အဲဒီ အဆိုပြုချက် ၃ ခုကတော့ ဆည်ရေတွေကို အရင်လို နွေစပါး ၂ သန်းအတွက်သာ မိုးတွင်းမှာ သိုလှောင်ထား ခြင်းကို မပြုလုပ်ဘဲ မိုးစပါး ဧက ၁၅ သန်းအတွက်ပါ အချိန်မရွေး ရေပေးနိုင်စေရေး၊ ဆည်အတွင်းမှာ ငါးမျိုးစုံ ထည့်သွင်း မွေးစေ၍ မြန်မာပြည်ရှိ အလုပ်လက်မဲ့ ၄ သန်းခန့်ကို စုပေါင်းမွေးမြူ စေခြင်းဖြင့် အလုပ်အကိုင်နဲ့ ဝင်ငွေတွေ ဖန်တီးပေးရေး၊ နောက်ဆုံးအဆိုပြုချက်ကတော့ ဧရာဝတီ မြစ်ဝကျွန်းပေါ်ဒေသမှာ နွေရာသီ မြစ်ရေတင် စီမံကိန်းများ ဆောင်ရွက်စေခြင်းဖြင့် မိုးရာသီ ကာလသီးနှံ တသီးသာ စိုက်ပျိုးခြင်းထက် အထွက်နှုန်း ၃ ဆ တိုးစေဖို့တို့ပါပဲ။
ဒီအဆိုပြုချက် ၃ ခုစလုံးကို ဝန်ကြီးဖြစ်သူ ဒေါက်တာ အောင်သူက သက်ဆိုင်ရာ ညွှန်ချုပ်တွေက သဘောမတူလို့ဆိုပြီး ပယ်ချခဲ့ပါတယ်။ ဘာကြောင့် ပယ်ချရတာလဲဆိုတာကတော့ ဝန်ကြီးနဲ့ ညွှန်ချုပ်တွေမှာ အကြောင်းပြချက်တွေလည်း ရှိပါတယ်။
ရေရှည်မှာ ဆည်/မြောင်းတွေအတွက် အကျိုးမရှိနိုင်တဲ့အတွက် မဖြစ်နိုင်ဘူးလို့ ဆည်မြောင်း ဦးစီးဌာန ညွှန်ချုပ် ဦးကျော်မြင့်လှိုင်က အကြံပြုခဲ့တယ်လို့ ဆိုပါတယ်။
“မဖြစ်နိုင်ဘူးလို့ ပြောတာ ကျနော်အတွက် တော်တော်ကို အဆင်မပြေဘူး။ ဒါကို ဝန်ကြီးကလည်း လက်ခံပြီး ၃ ချက် စလုံးကို ပယ်တယ်။ ဘာကြောင့်လဲဆိုတော့ ခင်ဗျား မြစ်ဝကျွန်းပေါ်ဒေသကို Emphasis (တနေရာတည်း အာရုံသွင်း) လုပ်ထားရင် တခြား မြစ်ဝကျွန်းပေါ် ဒေသတွေက တောင်းရင် ဘယ်လို လုပ်မလဲတဲ့။ အားလုံးကို Cover မဖြစ်ဘူးဆိုတော့ မြန်မာပြည်မှာ မြစ်ဝကျွန်းပေါ်တခုတည်း ရှိပါတယ်ဗျာလို့ ကျနော် ပြန်ပြောခဲ့တယ်”လို့ ဒေါက်တာ ထွန်းဝင်းက ပြောပါတယ်။
အဲဒီလို ဆွေးနွေးနေတဲ့အချိန်မှာ ဒုဝန်ကြီးပြီးရင် ဝန်ကြီးဌာနမှာ တာဝန်အရှိဆုံးဖြစ်တဲ့ အမြဲတန်း အတွင်းဝန် ဒေါက်တာ တင်ထွဋ်ကလည်း သံလွင် မြစ်ဝကျွန်းပေါ်ကို ကျတော့ ဘယ်လို လုပ်မလဲဆိုပြီး မေးခွန်းထထုတ်လို့ မြစ်ဝကျွန်းပေါ် မရှိဘဲ ဘီလူးကျွန်းပဲ ရှိတယ်လို့ ဒေါက်တာ ထွန်းဝင်း ပြန်ဖြေခဲ့ရတယ်လို့ သိရပါတယ်။
“မြစ်ဝကျွန်းပေါ် ဘယ်နှစ်ခု ရှိလဲ မသိတဲ့သူတွေကြားမှာ ကျနော်ရှင်သန်ခဲ့ရတယ်။ ကျနော်ရဲ့ အဆိုပြုချက်တွေကို ပယ်တာက Reasonable (ကျိုးကြောင်းညီညွတ်မှု) မဖြစ်ဘူး။ သာမန်ကလေးတယောက်က Common Sense (လူအများ နားလည်လက်ခံမှု) အရ သိနိုင်တဲ့ အသိကို နိုင်ငံအတွက် အလုပ်လုပ်နိုင်တဲ့ လူတယောက်က မသိဘူးလားဆိုတဲ့ ဒေါသနဲ့ ဝန်ကြီးသည် စိုက်ပျိုးရေးမှာ ၄ လပဲ အတွေ့အကြုံ ရှိပါတယ်။ ကျနော်သည် စိုက်ပျိုးရေးလောကမှာ နှစ်ပေါင်း ၄၀ အတွေ့အကြုံ ရှိပြီးတော့ ဒီနှစ် ၄၀ မှာ တိုင်းပြည်အတွက် ခါးသည်းစွာ ခံစားနေရတဲ့ လယ်သမားနဲ့ အလုပ်လက်မဲ့ လူတန်းစား အားလုံးအတွက် ပြောင်းလဲချိန်တန်ပြီဆိုတဲ့ စကားနဲ့အညီ အစိုးရသစ်မှာ ပြောင်းလဲမယ်ဆိုရင်တော့ ပြောင်းဖို့ တော်ပြီလို့ ပြောလိုက်တယ်”လို့ ဒေါက်တာ ထွန်းဝင်းက ပြောပါတယ်။
ဒေါက်တာ ထွန်းဝင်းက ဝန်ကြီးကို ပြန်လည် ပြောဆိုလိုက်တဲ့ အချိန်ဟာ လစဉ်ဝန်ကြီးဌာနမှာ ပုံမှန်ပြုလုပ်လေ့ရှိတဲ့ အစည်းအဝေးမှာ ဖြစ်ပြီးတော့ အဲဒီအချိန်မှာ သက်ဆိုင်ရာ ဌာနအသီးသီးက တာဝန်အရှိဆုံးသူတွေ၊ အမြဲတန်း အတွင်းဝန်တွေနဲ့ ညွှန်ချုပ်တွေရဲ့ ရှေ့မှာပါ။
အဲဒီ “၄ လနဲ့ နှစ် ၄၀” ကိစ္စမှာ ဝန်ကြီးဖြစ်သူ ဒေါက်တာ အောင်သူ တော်တော် စိတ်ဆိုးပြီးတော့ သူ့ရှေ့က ခုံကို ထုပြီးတော့ကာ လက်သီးလက်မောင်းတန်းပြီး ကြိမ်းမောင်းခဲ့ပါတယ်လို့ သိရပါတယ်။
ခင်ဗျားဘာသာ ဘယ်နှစ်နှစ်လုပ်လုပ်၊ ကျနော်သည် ပညာရေးဌာနမှာ နေလာပြီး ဆရာပေါင်း ၂ သိန်းကျော်ကို အုပ်ချုပ် လာခဲ့တဲ့အကြောင်း၊ အခု လုပ်နေတာတွေကို စောင့်ကြည့်ပြီးတော့ လေ့လာနေတုန်းပဲလို့ ဝန်ကြီး ဒေါက်တာ အောင်သူက ပြန်ပြောခဲ့တယ်လို့ သိရပါတယ်။
“ဒါပေမယ့် ဘယ်လို ကောလဟလတွေ ထွက်လာလဲဆိုတော့ သူ (ဒေါက်တာအောင်သူ) ပြောတဲ့အခါ ကျနော်က ခုံထုပြီး ပြန်ပြောပါတယ်ဆိုပြီး ဖြစ်ကုန်တယ်။ အဲဒီ Message က နိုင်ငံတော် အကြီးအကဲတွေအထိ ရောက်သွားတယ်။ ဒါကြောင့်များ ပိုလေးနက်သွား သလားပေါ့ဗျာ”လို့ ဒေါက်တာ ထွန်းဝင်းက ပြောပါတယ်။
ဒေါက်တာထွန်းဝင်းကတော့ စိုက်ပျိုးရေးကဏ္ဍမှာ “ဘာလုပ်ရင် ဘာဖြစ်မယ်ဆိုတာကို သိနေပြီးသား”လို့ ပြောနေပြီး စိုက်ပျိုးရေး ဆိုတဲ့ ဒီအိမ်ကြီးမှာ တောက်လျှောက်နေခဲ့တဲ့သူတွေကပဲ ဒီအိမ်ကြီး အကြောင်းကို သိတာလို့ ဆိုပါတယ်။
“ကျနော်က ပြန်ဆွေးနွေးခွင့် မရှိဘူး။ ပြန်ရှင်းပြခွင့်လည်း မရပါဘူး။ အမှန်တော့ DG တွေ၊ MD တွေပါ သက်သေရှိပါတယ်။ တိုင်းပြည် ကောင်းရာ ကောင်းကျိုးအတွက် အားမလို အားမရဖြစ်ပြီး ပြောမိတာကို ကျနော် ဝန်ကြီးကို သွားတောင်းပန်ခဲ့ပါတယ်။ ဒါပေမယ့် တောင်းပန်သော်ငြားလည်း အဆင်မပြေတဲ့ အနေအထားမျိုးပေါ့ဗျာ”လို့ သူက ဆိုပါတယ်။
အဲဒါကတော့ ဒေါက်တာ ထွန်းဝင်းနဲ့ ဝန်ကြီး ဒေါက်တာ အောင်သူတို့ကြားမှာ အဆင်မပြေ ဖြစ်ခဲ့ရတဲ့ ပထမအကြောင်းပါ။ အဲဒီလို တဖက်မှာ ပြဿနာ ဖြစ်နေတဲ့အချိန်မှာ တဖက်မှာတော့ ဒေါက်တာထွန်းဝင်းဟာ ရှမ်းပြည်နယ်ဘက်ကို ဝန်ကြီးရဲ့ ခွင့်ပြုချက်နဲ့ ဝန်ကြီးဌာနရဲ့ လုပ်ငန်းတချို့ကို လှည့်လည် စိစစ်ခဲ့ပါတယ်။
အင်္ဂလိပ် အစိုးရလက်ထက် ၁၉၀၉ ခုနှစ်လောက်စပြီး မြန်မာနိုင်ငံမှာ ခြံပေါင်း ၃၃ ခြံကို မျိုးစေ့ထုတ်ခြံတွေ အဖြစ် တည်ထောင်ခဲ့တဲ့အထဲ ရှမ်းပြည်နယ် ဟဲဟိုးမြို့က ခြံတခုကို ဒေါက်တာထွန်းဝင်းဟာ ဒုဝန်ကြီးအဖြစ်နဲ့ သွားရောက် စိစစ်ခဲ့ပါတယ်။
အဲဒီကို ရောက်တော့ ဟဲဟိုးခြံမန်နေဂျာက သူတို့ဆီက ခြံမြေဧရိယာ တော်တော်များများဟာ ပုဂ္ဂလိကလက်ကို ရောက်ကုန်ပြီလို့ ဒေါက်တာထွန်းဝင်းဆီကို တင်ပြခဲ့ပါတယ်။ အဲဒီလို ဝန်ကြီးဌာနပိုင် မြေဧကပေါင်း ၂၅၈၀၀ ဧကဟာ အဟောသိကံဖြစ်နေရလို့ ပြန်လည် ရယူဖို့ ပြည်ထောင်စု ဝန်ကြီးဆီကို တင်ပြတဲ့အခါ ဝန်ကြီးက “Sensitive Issue” (အကဲဆတ်တဲ့ အကြောင်းအရာ) ဖြစ်လို့ ခွင့်မပြုခဲ့ဘူးလို့ သိရပါတယ်။
သမ္မတဟောင်း ဦးသိန်းစိန်လက်ထက် မွေး/ရေ၊ သမဝါယမနှင့် လယ်/ဆည် ဝန်ကြီးဌာနများ ပူးပေါင်းပါဝင် ဖွဲ့စည်းခဲ့တဲ့ Myanmar International Cooperation Agency (MICA) ကို ရည်ညွှန်းပြီး ဒေါက်တာထွန်းဝင်းက “ခင်ဗျားတို့ ရေးနေကြတဲ့ MICA ဆိုတာ အသေးအဖွဲပါ။ ဝန်ကြီးဌာနပိုင် ခြံတွေကို လုပ်စားသွားတာ အများကြီးပဲ။ ၂၀၁၀ ကနေ ၁၅ အထိ တာဝန်ရှိသူတွေဟာ ဒီဟာတွေကို အကျိုးအမြတ် မရှိဘူးလို့ သုံးသပ်ပြီးတော့ ၂၅ နှစ်၊ နှစ် ၅၀၊ ၇၀ အထိ ငှားစား သွားကြတယ်။ ဒီလိုခြံတွေက နိုင်ငံတော်အတွက် ရှုံးတာမှန်ပေမယ့် လယ်သမားတွေအတွက် အကျိုးရှိပါတယ်။ မျိုးစေ့ရဲ့တန်ဖိုးဆိုတာ အဖိုးဖြတ်လို့ကို မရတာ”လို့ ဒုဝန်ကြီးက ဆိုခဲ့ပါတယ်။
ဟဲဟိုးကိစ္စကို စိစစ်တဲ့အခါ ပရိုင်းလို့ ခေါ်တဲ့ ပုဂ္ဂလိကလုပ်ငန်း တခုက ဘာမှ မလုပ်ဘဲ ယူထားတာ ၄ နှစ်လောက် ရှိနေပြီလို့ သိရလို့ ဒေါက်တာ ထွန်းဝင်းဟာ အဲဒီခြံရဲ့ မန်နေဂျာ ဖြစ်သူကို နေပြည်တော်ကို ခေါ်ယူခဲ့ပါတယ်။
မန်နေဂျာ ဖြစ်သူက နေပြည်တော်ကို ရောက်လာပြီး သူ့မှာလည်း အရင်းအနှီးများစွာ ရှိကြောင်း၊ ပိုက်ဆံ ၈ သန်းလောက်အထိ ကုန်နေခဲ့ပြီး အရင် အစိုးရနဲ့ ပြေလည်လို့ ယူထားတဲ့ဟာကို ဒေါက်တာ ထွန်းဝင်းက ပြန်တောင်းနေတော့ စိတ်ဆိုးကြောင်း ပြောပါတယ်။
“ကျနော် မမှားပါဘူးဗျာ။ အဲဒီအကြံပြုချက်ကို ကျနော်မှန်တယ်လို့ ထင်တယ်။ ဒါပေမယ့် အဲဒီမှာ ခြံမန်နေဂျာကတော့ စိတ်ဆိုးပြီး ကျနော်ထက် ကြီးတဲ့သူဆီကို သွားမယ်လို့ ပြောတယ်။ ကျနော်ကလည်း သွားပါ။ ကျနော်လည်း ဆုံးဖြတ်လို့ မရဘူးလို့ ပြောလိုက်တယ်”လို့ ဒေါက်တာ ထွန်းဝင်းက ဆိုပါတယ်။
ဒီလို အစိုးရပိုင် မြေတွေကို ကာကွယ်ပြီး တိုင်းပြည်အတွက် အကျိုးရှိရှိ အသုံးချဖို့ကို နိုင်ငံတကာ အကြံပေး ကုမ္ပဏီတခုဖြစ်တဲ့ Landesa Group က အကြံပြုခဲ့ကြောင်း ဒေါက်တာ ထွန်းဝင်းက ပြောပါတယ်။
ဒီလိုနဲ့ တပတ်အကြာမှာ သူနေတဲ့ခြံကို NLD ပါတီက ဦးဝင်းထိန်၊ ဦးမောင်မောင်ဦးနဲ့ အမျိုးသား လွှတ်တော် ကိုယ်စားလှယ် ဦးဘမျိုးသိမ်းတို့ ရောက်ရှိလာပါတော့တယ်။
ရောက်ရောက်ခြင်းပဲ ဦးဝင်းထိန်က ဟဲဟိုးခြံကိစ္စလေးဆိုပြီး စကားစလိုက်တုန်းမှာပဲ ဒေါက်တာ ထွန်းဝင်းက ဖြတ်ပြီး “ဒီခြံကို နိုင်ငံ တော်အတွက် ကာကွယ်လိုက်ပြီ”ဆိုပြီး တခွန်းတည်း အပြတ် ပြောချလိုက်ပါတော့တယ်။
“ဟဲဟိုးခြံလား အဘ။ ကျနော် အဲဒါကို နိုင်ငံတော်အတွက် ကာကွယ်လိုက်ပြီဗျာလို့။ အင်္ဂလိပ် အစိုးရလက်ထက်ကတောင် ပြည်သူတွေအတွက် လုပ်ပေးခဲ့သေးတာ ပြည်သူ့ အစိုးရလက်ထက်မှာ ပြည်သူတွေအတွက် လုပ်ပေးသင့်တယ်လို့ ယူဆလို့ ဆိုတဲ့အခါ ဟင် ဒီလိုလားဆိုပြီး ထမောင်မောင်ဦး ပြန်မယ်ဆိုပြီး တန်းပြီး ထပြန်တော့တာပဲ”လို့ ဆိုပါတယ်။
အဲဒီမှာ ဒေါက်တာထွန်းဝင်းလည်း လူကြီး စိတ်ဆိုးမှန်းသိလို့ ချော့ရဦးမှ ဆိုပြီး စားသောက်ဆိုင်မှာ ညစာလိုက် ကျွေးခဲ့ပါတယ်။ ဒါပေမယ့် တပတ်အကြာမှာ ဦးဝင်းထိန်က ဒေါက်တာထွန်းဝင်းကို စည်ပင် ဧည့်ရိပ်သာမှာ ရှိတဲ့ သူ့အခန်းကို ဆင့်ခေါ်လိုက် ပါတယ်။
“ကျနော်ရောက်တော့ ခင်ဗျားအတွက် Unpleasant News (သတင်းဆိုး) ရှိတယ်။ ခင်ဗျားအတွက် တိုင်စာတွေ ရှိတယ်။ အဲဒါကြောင့် သမ္မတဆီမှာ နုတ်ထွက်စာတင်ပါ။ ပြီးတော့ သူ့အခန်းထဲမှာ နေပြည်တော် ကောင်စီ ဥက္ကဌ ဒေါက်တာ မျိုးအောင်လည်း ရောက်နေတယ်။ နုတ်ထွက် စာ တင်ပြီးရင် နေပြည်တော် ကောင်စီကို ဝင်ခိုင်းတယ်”
“ကျနော်က ဘာမှန်းမသိတဲ့ အကြောင်းနဲ့ မပြောင်းနိုင်ဘူးလို့ ပြောခဲ့တယ်။ ကျနေ်ာက နေပြည်တော်ကို နေရာအတွက် လာတာ မဟုတ်ဘူး။ အဲဒါက ပထမအကြိမ်။ နောက်ပိုင်းမှာ ဖုန်းနဲ့ ၂ ကြိမ် ထွက်စာတင်ဖို့ ပြောတယ်။ ကျနော်လည်း ဘာအပြစ် လုပ်ထားလဲဆိုပြီး မေးတော့ ခင်ဗျားမှာ ဘာအကြောင်းမှ ပြစရာ မရှိဘူးတဲ့။ ဥပဒေအရလည်း ရှာလို့မရဘူးတဲ့။ ထွက်ပါလို့ပဲ ဦးဝင်းထိန်က ပြောတယ်”လို့ ဆိုပါတယ်။
နောက်ဆုံးအကြိမ်မှာတော့ NLD ပါတီက ခန့်ထားတဲ့ ပြည်ထောင်စုအဆင့် ဝန်ကြီး၊ ဒုဝန်ကြီးတွေဟာ ပါတီက လိုရင်ခန့်နိုင်သလို မလိုအပ်ရင်လည်း ဖြုတ်နိုင်တဲ့အတွက် ပါတီရဲ့ ဆုံးဖြတ်ချက်ကို လက်ခံဖို့၊ နုတ်ထွက်စာတင်ဖို့ ဦးဝင်းထိန်က ဖိအားပေးခဲ့ကြောင်း ဒေါက်တာထွန်းဝင်း ဆိုပါတယ်။
“သမ္မတရုံးကနေ ၁၇ ရက်နေ့ ရက်စွဲနဲ့ ဒုဝန်ကြီးသည် ပေါင်းစပ် ညှိနှိုင်းမှုနှင့် အုပ်ချုပ်ရေးတွင် အားနည်းတဲ့အတွက် ဒီရာထူးတာဝန်ကနေ ရုတ်သိမ်းဖို့ ဖြစ်တယ်။ ရွေးစရာ ၂ ခုပေးမယ်။ တခုက ကိုယ့်ဘာသာထွက်မလား။ နောက်တခုက သူတို့ရဲ့ ဥပဒေအရ လုပ်ရမှာလားဆိုပြီး ရောက်လာတယ်”လို့ ဆိုပါတယ်။
စာလာပို့တဲ့ သမ္မတရုံး အရာရှိက ပုံစံ ၂ ခုပေးပြီး နုတ်ထွက်စာတင်ရင်တော့ ရသင့်ရထိုက်တဲ့ အခွင့်အရေးတွေ ရမှာ ဖြစ်ပြီး မဟုတ်ရင်တော့ ဘာအခွင့်အရေးမှ ရမှာ မဟုတ်ဘူးလို့ ဒေါက်တာ ထွန်းဝင်းကို ရှင်းပြခဲ့ပါတယ်။
ဒေါက်တာထွန်းဝင်းကလည်း ဝန်ကြီးကို တင်ပြခဲ့တဲ့ အချက် ၃ ချက်နဲ့ တိုင်းပြည်ရဲ့ မြေကြီးကို ကာကွယ်လို့ ဖြစ်တာဆိုရင် ဒီစွပ်စွဲချက်တွေကြောင့်တော့ အလုပ်က မထွက်နိုင်ဘူးဆိုပြီး သမ္မတဆီကို စာပို့ အကြောင်းပြန်ခဲ့ပါတယ်။
“အပြစ်ရှိသယောင် နုတ်ထွက်စာ မတင်နိုင်ဘူး။ အဲလို ထွက်ရမယ်ဆိုရင် ကျနော်သမိုင်းအတွက် လိပ်ပြာမသန့်ဘူး။ အမှန်တရား နောက် ဆုတ်ပေးရာ ကျမှာပေါ့။ အဲဒါကြောင့် ကျနော်သည့် လာဘ်ပေးလာဘ်ယူ မလုပ်ဘူး။ အကျင့်ပျက် ခြစားတာလည်း မရှိတဲ့အတွက် သမ္မတရဲ့ ဆုံးဖြတ်ချက်ကို နာခံပါမယ်လို့ မနေ့က ၃ နာရီခွဲလောက်မှာ စာပြန်လိုက်တယ်။ ဒီနေ့ မနက် သတင်းစာမှာတော့ အံသြစရာ ကောင်းလောက်အောင် ပါလာတော့တာပဲ”လို့ ဒေါက်တာ ထွန်းဝင်းက ဆိုပါတယ်။
ယခုကိစ္စတွေမှာ ဒေါက်တာ ထွန်းဝင်းအနေနဲ့ ထုချေခွင့်မရတာ၊ ရှင်းလင်းခွင့် မရတာတွေကြောင့် တရားမမျှတဘူးလို့ ခံစားရတဲ့ အကြောင်း၊ ဒီလို ဖြစ်ခဲ့ခြင်းဟာ သူ့အတွက် မနစ်နာသော်လည်း တိုင်းပြည်အတွက် နစ်နာတယ်လို့ ဆိုပါတယ်။
“NLD က လူထုပါတီဆိုတော့ဗျာ လူထုကို ကိုယ်စားပြုတဲ့ ပါတီအဖြစ်နဲ့ လူထုက လက်သန်းလေးနဲ့ ရွေးထားတာဆိုတော့ တန်ဖိုး ထားဆဲပါဗျ။ တန်ဖိုးထားဆဲပဲ။ ဒီပါတီကြီး မပြိုကွဲအောင်တော့ ထိန်းသိမ်းရမှာပေါ့ဗျာ။ ကျနော်ကြောင့် ဆိုပြီး ပါတီကြီး ပြိုကွဲ သွားတာမျိုးတော့ မလိုလားဘူး။ ကျနော်ကလည်း ကျနော့် အမှန်နဲ့ ကျနော်။ ကျနော်မှာလည်း အမှန်ကြိုက်တဲ့ ပရိတ်သတ်တွေ ရှိသေးတယ်”လို့ ဒေါက်တာ ထွန်းဝင်းက ပြောဆိုသွားခဲ့ပါတယ်။
ဒီကိစ္စတွေနဲ့ ပတ်သက်ပြီး ဦးဝင်းထိန်ဆီကို ဧရာဝတီက သွားမေးတဲ့အခါမှာတော့ မဖြေနိုင်ဘူးလို့ ငြင်းပယ်ခဲ့ပါတယ်။