မြန်မာနိုင်ငံမြောက်ပိုင် တရုတ်နယ်စပ် အနီး တိုက်ခိုက်မှုများကို တရုတ်စစ်တပ်က အနီးကပ် စောင့်ကြည်လျက်ရှိကြောင်း၊ တိုက်ခိုက်မှုများတွင် ပါဝင်သည့် အဖွဲ့အစည်းများ အနေဖြင့်လည်း တည်ငြိမ်ရေး အတွက် သည်းခံကြရန်၊ တိုက်ခိုက်မှု အရှိန်အဟုန် မြင့်တင်ခြင်း မပြုလုပ်ရန်နှင့် တရုတ်နိုင်ငံ၏ အချုပ်အခြာကို လေးစားရန် တရုတ် ကာကွယ်ရေး ဝန်ကြီးဌာနက တနင်္ဂနွေနေ့တွင် ပြောကြားသည်။
တရုတ်ကာကွယ်ရေး ဝန်ကြီးဌာနက စစ်ရေးပြင်ဆင်မှု အမြင့်မားဆုံး တပ်လှန့် ပြင်ဆင်ထားကြောင်း၊ တရုတ်နိုင်ငံသားများ ၏ အသက်အိုးအိမ် စည်းစိမ် လုံခြုံမှုကို အကာအကွယ်ပေးသွားမည် ဖြစ်ကြောင်း တရုတ်အစိုးရ ဆင်ဟွာသတင်းဌာနက ရေးသားဖော်ပြသည်။
တနင်္ဂနွေနေ့ နံနက်က တရုတ်နယ်စပ်အနီးတွင် မြန်မာစစ်တပ်နှင့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တို့ကြား တိုက်ပွဲဖြစ်ပွားခဲ့သည့် တိုက်ပွဲများကြောင့် နယ်စပ်ကို ကျော်ကာ တရုတ်ယူနန်ပြည်နယ် Wanding မြို့နယ် အတွင်းရှိ တရုတ်ကျေးရွာများ ပေါ်သို့ ဗုံးကျရောက်မှု ရှိခဲ့သဖြင့် ရွာသားတဦး၏ အိမ်အမိုးပျက်စီးသွားကြောင်း CCTV သတင်း၌ ဖော်ပြသည်။
Wanding မြို့ အာဏာပိုင်များသည် အရေးပေါ် ဆောင်ရွက်မှု အစီအစဉ်များ၊ တုံ့ပြန်လုပ်ဆောင် အစီအစဉ်များ ပြင်ဆင်ထားပြီး လက်နက်ကိုင် ရဲတပ်ဖွဲ့ အင်အား ထပ်ဖြည့်ကာ နယ်စပ်တလျှောက်တွင် စောင့်ကြည့်သွားရန် စီစဉ်ထားသည်။ မြန်မာဘက်မှ ဒုက္ခသည် တချို့သည် နယ်စပ်ကို ဖြတ်ကာ တရုတ်နိုင်ငံအတွင်း ပြေးဝင်ခိုလှုံမှုများ ရှိနေကြောင်း၊ ဒဏ်ရာရသူများကို ဆေးရုံသို့ ပို့ဆောင် ကုသပေးလျက်ရှိကြောင်း မြန်မာနိုင်ငံရှိ တရုတ် သံရုံးက ပြောဆိုကြောင်း တရုတ်အစိုးရ ဆင်ဟွာသတင်းဌာနက ရေးသားဖော်ပြသည်။
တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောရေးဆိုခွင့် ရှိသူ Geng Shuang က တရုတ်နိုင်ငံ အနေဖြင့် မြန်မာနိုင်ငံ အတွင်း တိုက်ပွဲများတွင် ပါဝင်နေသည့် အဖွဲ့အစည်းများ အားလုံး အေးချမ်းတည်ငြိမ်ဖို့နှင့် တိုက်ခိုက်မှုများ အမြန်ဆုံး ရပ်တန့်ရန် တိုက်တွန်းသည်။ မြန်မာနိုင်ငံတွင် ငြိမ်းချမ်းရေးဖော်ဆောင်နိုင်ရေး အတွက် မတူခြားနားမှုများကို တွေ့ဆုံဆွေး အဖြေရှာနိုင်မည်ဟု မျှော်လင့်ကြောင်းလည်း ဆိုသည်။
မြန်မာနိုင်ငံ မြောက်ပိုင်း ရှမ်းပြည်နယ် အတွင်းရှိ မူဆယ် နှင့် ကွတ်ခိုင်မြို့များတွင် တိုက်ပွဲများ ဖြစ်ပွားခဲ့ခြင်း ဖြစ်ပြီး၊ တိုက်ခိုက်မှုများတွင် ကချင်၊ ကိုးကန့်၊ ရခိုင်နှင့် ပလောင် တိုင်းရင်းသား လက်နက်ကိုင်များ ပူးပေါင်းတိုက်ခိုက်ခြင်းဖြစ်ကြောင်း ၎င်းတို့၏ ပူးတွဲကြေညာချက်အရ သိရသည်။
တိုက်ပွဲများ အတွင်း အရပ်သား ၁ ဦး သေဆုံးပြီး ၆ ဦး ဒဏ်ရာရရှိခဲ့ကြောင်း၊ သို့ရာတွင် ဒေသတွင်း သတင်းများ၌ ၁၀ ဦး ကျော် ရှိနိုင်ကြောင်း၊ ယင်းတို့အထဲတွင် စစ်သားများ၊ ရဲတပ်သားများ၊ ဒေသခံများနှင့် နိုင်ငံခြားသား ခရီးသွားများလည်း ပါဝင်ကြောင်း ဆင်ဟွာသတင်းတွင် ဖော်ပြထားသည်။