ရန်ကုန်တိုင်းဒေသကြီး၊ ဒေါပုံမြို့နယ်တွင် ဖွင့်လှစ်ထားသည့် Capital Hypermarket တွင် နိုဝင်ဘာ ၂၀ ရက်နေ့ ညနေပိုင်းက ဖြစ်ပွားခဲ့သည့် ပေါက်ကွဲမှုနှင့် ပတ်သက်၍ အကြောင်းရင်း သေချာမသိရသေးသော်လည်း ယနေ့နေ့လည် ၂ နာရီတွင် ပုံမှန်အတိုင်း ပြန်လည်ဖွင့်လှစ်လျက် ရှိှကြောင်း သတင်းရရှိသည်။
ယနေ့ မနက်ပိုင်းက Capital Hypermarketတွင် ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် အကြီးတန်း မန်နေဂျာ ဦးဇော်ဦးက “ပေါက်ကွဲတဲ့အကြောင်းရင်း သေချာ မသိသေးပါဘူး၊ လာရောက်စစ်ဆေးတဲ့ ရဲတပ်ဖွဲ့နဲ့ တပ်ဖက်က အဖွဲ့အစည်းတွေက အားလုံးရှင်းလင်းပြီဖြစ်လို့ ပြန်ဖွင့်လို့ရပြီဆိုတဲ့အတွက် ပြန်ဖွင့်တာပါ”ဟု ပြောသည်။
ဖြစ်စဉ်မှာ နိုဝင်ဘာ ၂၀ ရက် ညနေ့ ၅ နာရီ ၃၅ မိနစ်ခန့်က စင်တာ အပေါ်ထပ်ရှိ ကော်ပုံးများ ထားသည့်နေရာ၊ ကားအလှဆင်ပစ္စည်းများ နေရာနှင့် အောက်ထပ် (မြေညီ)ရှိ အချိုရည်များ ထားသည့်နေရာ၊ မုန့်များထားသည့်နေရာ စုစုပေါင်း ၄ နေရာတွင် ပေါက်ကွဲမှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။
ရဲတပ်ဖွဲ့၏ အဆိုအရ ပေါက်ကွဲစေတတ်သော လက်လုပ်ပစ္စည်းတခုခုကြောင့် အသေးစား ပေါက်ကွဲမှုဖြစ်ပွားခဲ့သည်ဟု သုံးသပ်ပြောကြားမှုများရှိသော်လည်း မည်သည့်ပစ္စည်းအမျိုးအစား ဖြစ်သည်ကို မပြောနိုင်သေးကြောင်း ဒေါပုံရဲစခန်း၏ တာဝန်ကျအရာရှိတဦးက ပြောသည်။
၎င်းအရာရှိက “စစ်ဆေးနေတဲ့ တပ်ဖက်က အဖွဲ့အစည်းက ပေါက်ကွဲတဲ့ပစ္စည်း အမျိုးအစားကို သတင်းထုတ်ပြန်ပါလိမ့်မယ်၊ ကျနော်အတိအကျ မသိရသေးလို့မပြောနိုင်သေးပါဘူး”ဟု ဧရာဝတီသို့ပြောသည်။
ပေါက်ကွဲမှုတွင် ထိခိုက်ဒဏ်ရာရရှိမှုများ မရှိဘဲ ပျက်ဆီးဆုံးရှုံးမှု ကျပ်တသိန်းခန့်သာရှိခဲ့ကြောင်း Capital Hypermarket တာဝန်ရှိသူများက ပြောသည်။
ယနေ့ နေ့လည်ပိုင်း၌ Capital Hypermarket တွင် စျေးဝယ်လာသည့် ကိုသီဟက “ဒီမှာပေါက်ကွဲမှုအသေးစားဖြစ်တာကို ဒီမနက်မှ သိရတာ၊ ထိခိုက်မှုမရှိဘဲ အေးဆေးဖြစ်နေပြီ ဆိုလို့လာခဲ့တာ၊ အရင်ကလဲ လာနေကျဆိုတော့ သိပ်တော့စိုးရိမ်စိတ်မရှိပါဘူး”ဟု ပြောသည်။
လက်ရှိတွင် စင်တာ၏ CCTV မှတ်တမ်းများနှင့် အခြားလိုအပ်သည့် အချက်အလက်များကို ရဲတပ်ဖွဲ့ ပေးပို့ထားပြီး စစ်ဆေးဆောင်ရွက်မှုများတွင် အပြည့်အဝ ပူးပေါင်း လုပ်ဆောင်လျက် ရှိကြာင်း စင်တာ၏ တာဝန်ရှိသူများကပြောသည်။
အဆိုပါပေါက်ကွဲမှုကို ဒေါပုံမြို့မရဲစခန်းက ပေါက်ကွဲစေတတ်သော ပစ္စည်းများအက်ဥပဒေ ပုဒ်မ ၃ အရ အမှုဖွင့်ထားပြီး စစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း သိရသည်။