ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုး – မူဆယ်ကားလမ်းတလျောက် တိုင်းရင်းသားမဟာမိတ် အဖွဲ့ ၄ ဖွဲ့ဖြစ်သည့် ကချင်၊ ကိုးကန့်၊ ရခိုင်နှင့် ပလောင် (တအာင်း) တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များပူးပေါင်းပြီး ယနေ့တွင် တပ်မတော်နှင့် တိုက်ပွဲများ ဆက်လက်ပြင်းထန်စွာ ဖြစ်ပွားနေကြောင်း သိရသည်။
ယနေ့ တိုက်ပွဲဖြစ်ပွားနေသည့် နေရာများနှင့် ပတ်သက်ပြီး ပလောင် (တအာင်း) အမျိုးသားလွတ်မြောက်ရေးတပ် (TNLA) အတွင်းရေးမှူး ဗိုလ်မှူးကြီးတာဘုန်းကျော်က “ ဒီနေ့ တိုက်ပွဲဖြစ်နေတာက ၁၀၅ မိုင် မရောက်ခင် ကွတ်ခိုင်-နမ့်ဖက်ကာ ၁၀၅ မိုင် ကြားမှာရှိတဲ့ ကားလမ်းတွေမှာ တောက်လျှောက်တိုက်ပွဲတွေ ဖြစ်နေတယ်။ မုန်းကိုးမှာလည်း တိုက်ပွဲတအား ပြင်းတယ်။ ပြီးတော့ မန်တုံမြို့နယ်ထဲမှာလည်း တိုက်ပွဲပြင်းထန်နေတယ်ဆိုတော့ တိုက်ပွဲတွေက နေရာတိုင်းမှာလိုလို ဖြစ်နေတယ်” ဟု ဧရာဝတီကို ပြောသည်။
တိုက်ပွဲများ ဖြစ်ပွားရာတွင် တိုင်းရင်းသား မဟာမိတ်အဖွဲ့ ၄ ဖွဲ့ ဖြစ်သည့် မြန်မာမြောက်ပိုင်းမဟာမိတ် တပ်ပေါင်းစုမှ ကချင် လွတ်မြောက်ရေး တပ်မတော် (KIA)၊ မြန်မာအမျိုးသား ဒီမိုကရတ်တစ်မဟာမိတ်တပ်မတော် (MNDAA)၊ တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေး တပ်မတော် (TNLA) နှင့် ရက္ခိုင့်တပ်မတော် ( AA) တို့ ပါဝင်ကြောင်း ဗိုလ်မှူးကြီးတာဘုန်းကျော်က ဆက်ပြောသည်။
နိုင်ငံတော် အတိုင်ပင်ခံရုံး သတင်းထုတ်ပြန်ရေး ကော်မတီက ယနေ့ နေ့လယ်ပိုင်းတွင် ထုတ်ပြန်လိုက်သည့် သတင်းထုတ်ပြန်ချက်၌ ယနေ့ နံနက် ၆ နာရီက TNLA၊ KIA၊ MNDAA တို့ ပူးပေါင်းပြီး မူဆယ်မြို့နယ်၊ ပန်ဆိုင်းနယ်မြေ ရဲစခန်းအနီးကို လက်နက်ကြီး လက်နက်ငယ်များဖြင့် လာရောက်ပစ်ခတ်ခဲ့ကြောင်း၊ ထိုနည်းတူ နံနက် ၅ နာရီခွဲတွင် နမ္မတူမြို့နယ်၊ နမ္မတူ ဘော်တွင်းသွား ကားလမ်းရှိ နမ္မတူမြို့မ ရဲစခန်းအနီးရှိ တံတားကို ပေါက်ကွဲခဲ့ကြောင်း ဖော်ပြထားသည်။
တိုက်ပွဲများနှင့် ပတ်သက်ပြီး မြန်မာမြောက်ပိုင်းမဟာမိတ် တပ်ပေါင်းစုက ယနေ့ထုတ်ပြန်သည့် ထုတ်ပြန်ချက်တွင် စစ်ရေးလှုပ်ရှားမှု ကာလအတွင်း စစ်ဘေးဒဏ်မှ ရှောင်ရှားနိုင်ရန်အတွက် ရှမ်းပြည်နယ်မြောက်ပိုင်းသို့ ခရီးသွားလာခြင်း ခေတ္တဆိုင်းငံ့ကြရန် ဖော်ပြထားသည်။
ထို့အပြင် ရှမ်းပြည်မြောက်ပိုင်းရှိ ဒေသခံပြည်သူလူထုများအနေဖြင့် စစ်ဘေးဒဏ် ကြိုတင်ရှောင်ရှား သွားလာကြရန်နှင့် တိုင်းရင်းသား ပြည်သူလူထု တရပ်လုံးအတွက် မလွှဲသာမရှောင်သာ ပြုလုပ်ရသည့် ပူးပေါင်းစစ်ရေး လှုပ်ရှားမှုကို ကူညီပံ့ပိုးပေးရန်လည်း ထုတ်ပြန်ချက်တွင် ထည့်သွင်းဖော်ပြထားသည်။
တိုက်ပွဲများ ဆက်တိုက်ဖြစ်ပွားနေသည့်အတွက် မူဆယ်-မန္တလေးကုန်သွယ်ရေးလမ်းကြောင်းကို ပိတ်ထားကြောင်းနှင့် လက်ရှိကုန်သွယ်ရေးဇုန်ကိုလည်း ယာယီပိတ်ဆိုင်းထားကြောင်း ဒေသခံကုန်သည်များက ပြောသည်။
မူဆယ်မှ မန္တလေးသို့ ဆက်သွယ်သွားလာ ပြေးဆွဲနေသည့် Winner Express ကားဂိတ်မှ ဂိတ်မှူးက “ တိုက်ပွဲတွေက ပြင်းထန်နေတဲ့အတွက် ကျနော်တို့ကားဂိတ်က ကားတွေ မနေ့ကရော ဒီနေ့ရော အထွက် မရှိဘူး။ ဘယ်နေ့ကားတွေ ပြန်ထွက်မယ်ဆိုတာတော့ မသိသေးဘူး။ တိုက်ပွဲအခြေအနေပေါ် မူတည်ပြီးမှ ကျနော်တို့ကားတွေ ထွက်မယ်” ဟု ဧရာဝတီကို ပြောသည်။
တိုက်ပွဲများ ဆက်လက်ပြင်းထန်နေသည့်အတွက် ဖရဲ၊ သခွား ကုန်တင်ကားများ လားရှိုးအမြန်လမ်းသစ်တွင် ရပ်နားထားကြကြောင်း မူဆယ်ကုန်သည်များက ပြောသည်။
“ဒီချိန်က ပြောင်းဖူး၊ ဖရဲ၊ သခွားတွေ ရောင်းဝယ်ချိန်၊ အခု ဖရဲကားနဲ့ သခွားကားက လားရှိုးနားမှာ နားနေရတယ်။ တိုက်ပွဲက ကြာမယ်ဆိုရင်တော့ ဖရဲနဲ့ သခွားက အခြေအနေ မကောင်းနိုင်ဘူး။ တိုက်ပွဲတွေ ဆက်တိုက်ဖြစ်မယ် ဆိုရင်တော့ စီးပွားရေး အခြေအနေ မကောင်းဘူး” ဟု ဒေသခံသစ်သီးကုန်သည် နန်းဟွမ်က ဧရာဝတီကို ပြောသည်။
ယမန့်နေ့က TNLA တပ်ဖွဲ့မှ မူဆယ် ၁၀၅ မိုင် ကုန်သွယ်ရေးဇုန်ကို ဝင်ရောက်တိုက်ခိုက်သဖြင့် တပ်သား ၁ ဦး၊ ပြည်သူ့စစ် ၁ ဦး၊ ရဲသား ၃ ဦးနှင့် အရပ်သား ၃ ဦး စုစုပေါင်း ၈ ဦး သေနတ်ကျည်ထိမှန် သေဆုံးခဲ့ပြီး၊ ဒဏ်ရာရရှိသူ ၂၈ ဦး ရှိကြောင်း နိုင်ငံတော် အတိုင်ပင်ခံရုံး သတင်းပြန်ကြားရေး ကော်မတီက သတင်းထုတ်ပြန်ခဲ့သည်။
သေဆုံးဒဏ်ရာရရှိမှုနှင့် ပတ်သက်ပြီး မူဆယ်မြို့ ပြည်သူ့ဆေးရုံမှ တာဝန်ကျဆရာဝန်က “ သေဆုံးသွားတဲ့ အမျိုးသမီးက ဦးခေါင်းမှာ ကျည်ထိမှန်တယ်။ ကျန် ၂ ယောက်တော့ ကျမ သေချာမသိဘူး။ ထိခိုက်ဒဏ်ရာရတဲ့သူ အများစုက အရိုးကိုထိပြီး ခွဲစိတ်နေရတယ်။ အများစုက ဒဏ်ရာပြင်းထန်တယ်။ ခွဲစိတ်လူနာတွေအတွက် သွေးတွေလည်း လိုအပ်နေတယ်” ဧရာဝတီကို ပြောသည်။
ယမန့်တွင် တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေသဖြင့် ၁၀၅ မိုင် (မိုင်းယု) ကုန်သွယ်ရေးဇုန်အနီးရှိ မိုင်းယုဒေသခံ ၂၀၀၀ ကျော်သည် မူဆယ်မြို့ပေါ်သို့ ထွက်ပြေးတိမ်းရှောင်နေရကြောင်းနှင့် ကြူကုတ် (ပန်ဆိုင်း) မြို့မှ ဒေသခံပြည်သူများသည် တရုတ်နယ်စပ်ဘက်သို့ ထွက်ပြေးတိမ်းရှောင်နေကြောင်း သိရသည်။
ရှမ်းပြည်နယ်မြောက်ပိုင်းသည် မြန်မာ – တရုတ်နယ်စပ်အတွက် အဓိက အသုံးပြုနေသည့် ကုန်သွယ်ရေးလမ်းကြောင်း တကြောင်းဖြစ်ပြီး တရက်လျှင် ကားအစီးရေ သောင်းချီ သွားလာဖြတ်သန်း အသုံးပြုနေသည့် လမ်းကြောင်းတခုလည်း ဖြစ်သည်။
ယခုဖြစ်ပွားနေသည့် တိုက်ပွဲများနှင့် ပတ်သက်ပြီး တရုတ်ကာကွယ်ရေး ဝန်ကြီးဌာနက မြန်မာနိုင်ငံမြောက်ပိုင်း တရုတ်နယ်စပ်အနီး တိုက်ခိုက်မှုများကို တရုတ်စစ်တပ်က အနီးကပ် စောင့်ကြည့်လျက်ရှိကြောင်းနှင့် တိုက်ခိုက်မှုတွင် ပါဝင်သည့် အဖွဲ့အစည်းများအနေဖြင့် တည်ငြိမ်ရေးအတွက် သည်းခံကြရန်၊ တိုက်ခိုက်မှု အရှိန်အဟုန် မြင့်တင်ခြင်း မပြုလုပ်ရန်နှင့် တရုတ်နိုင်ငံ၏ အချုပ်အခြာကိုလေးစားရန် ယမန်နေ့က ထုတ်ဖော်ပြောဆိုခဲ့သည်။