ပြည်မြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်သတင်းနှင့် ပြန်ကြားရေးတာဝန်ခံ ဦးကျော်ကျော်ဉာဏ်ဝင်းအား ရပ်ကွက် ရာအိမ်မှူးတဦးမှ ၎င်း၏ဂုဏ်သိက္ခာထိခိုက်အောင် Facebook လူမှုကွန်ရက်စာမျက်နှာတွင် ရေးသားခဲ့သည့်အတွက် ပုဒ်မ ၆၆ (ဃ)ဖြင့် အမှုဖွင့်တိုင်ကြားခဲ့ရာ ယမန်နေ့က မြို့နယ်တရားရုံးတွင် စတင်ရုံးတင်စစ်ဆေးမှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။
ပြီးခဲ့သည့် သြဂုတ်လ ၁၀ ရက်နေ့က ပြည်မြို့နဝင်းရပ်ကွက် အ.မ.က ဝါရုံ မူလတန်းလွန် ကျောင်းရှိ ရေဘေးဒုက္ခသည်များ အား လှူဒါန်းသည့် အလှူငွေနှင့် အဝတ်အထည်များကို နဝင်းရပ်ကွက် အေးမြသာယာ ရာအိမ်မှူးဦးမောင်မောင်မှ ရေဘေး ဒုက္ခသည်များအား ဝေငှမပေးပဲ ယူဆောင်သွားခဲ့ကြောင်း Facebook လူမှုကွန်ရက်စာမျက်နှာတွင် ရေးသားခဲ့သည့် အတွက် သြဂုတ်လ ၂၈ ရက်နေ့က ပြည်မြို့ အမှတ်(၁) ရဲစခန်းတွင် အမှုဖွင့်တိုင်းကြားခံရခြင်းဖြစ်သည်။
“သူက ဝါရုံကျောင်းက သတင်းဇစ်မြစ်ကိုမမေးပဲ လိုင်းပေါ်တင်တဲ့အတွက် တရားစွဲရတာပါ။ ပရဟိတအသင်းတွေနဲ့ ကျနော်တို့ ပူးပေါင်းပြီးတော့ အကောင်းဆုံးဖြစ်အောင် သေချာလုပ်ပေးနေတဲ့ကြားထဲက ဇစ်မြစ်ကိုမစုံစမ်း ပဲနဲ့ လိုင်းပေါ်တင်လိုက်လို့စိတ်ဆိုးတာပါ။ သူစွပ်စွဲတာမှားပါတယ် ငွေတသိန်းနဲ့ အဝတ်ထုပ် ၇ ထုပ်ကို ကျနော်ဆိုင်ကယ် ဘောက်ထဲကိုထည့်ယူသွားပါတယ်ဆိုပြီး သူကစွပ်စွဲတာ။ ငွေတသိန်းက ဝါရုံကျောင်းကို အများဆန္ဒအရ လှူလိုက်တာပါ။ အဝတ်ထုတ် ၇ ထုတ်က မိုးညိုရဲ့ဟိုဘက် သံပုရာကုန်းတို့ ညောင်တန်းတို့ကို သွားလှူလိုက်တာပါ” ဟု ရာအိမ်မှူး ဦးမောင်မောင်ကပြောသည်။
တရားစွဲဆိုခံရသည့် ပြည် NLD ပါတီ သတင်းနှင့် ပြန်ကြားရေးတာဝန်ခံ ဦးကျော်ကျော်ဉာဏ်ဝင်း ကအများပြည်သူနှင့် သက်ဆိုင်သည့်ကိစ္စအား ပြန်ကြားပေးရန်တာဝန်ရှိသည့်အတွက် ယခုလိုရေးသားဖေါ်ပြခဲ့ခြင်းဖြစ်ပြီး တရားဥပဒေဘောင်အတွင်းမှ ရင်ဆိုင်သွားမည်ဖြစ်ကြောင်း ဧရာဝတီသို့ ပြောသည်။
“ဒါအမှန်တရားအတွက်လုပ်တာ အများပြည်သူနစ်နာခဲ့တဲ့အတွက်လုပ်တာ အဲဒီအတွက် ကျနော် ဒီအမှုကို ရဲရဲဝင့်ဝင့်ရင် ဆိုင်မယ်။ ဒီပုဒ်မကလည်း အများပြည်သူရဲ့အကျိုးစီးပွား အတွက်လုပ်တာ ဆိုရင် ဒီပုဒ်မ မမြောက်ဘူး။ အဲဒီအတွက်လည်း တရားရုံးမှာ လျှောက်လွှဲချက်ကျနော်ပေးမှာပါ” ဟု ဦးကျော်ကျော်ဉာဏ်ဝင်းက ဆက်ပြောသည်။
ဦးကျော်ကျော်ဉာဏ်ဝင်းရေးသားခဲ့သည့် အဆိုပါအကြောင်းအရာအား ကူးယူ၍ဖေါ်ပြခဲ့သည့် ပြည်တက္ကသိုလ် ဘူမိဗေဒ ဒုတိယနှစ်ကျောင်းသားတဦးလည်း ဦးကျော်ကျော်ဉာဏ်ဝင်းနှင့်အတူ ပုဒ်မ ၆၆ (ဃ) တရားစွဲခံထားရပြီး အဆိုပါ ကျောင်းသားကိုမူ တရားစွဲဆိုထားခြင်းမှ ပယ်ဖျက်ပေးရန် စီစဉ်ထားကြောင်း တရားစွဲဆိုသူ ဦးမောင်မောင်ထံမှ သိရသည်။
အီလက်ထရောနစ် ဆက်သွယ်ရေး ဥပဒေပုဒ်မ ၆၆(ဃ)တွင် ဆက်သွယ်ရေးကွန်ရက်တခုခုကို အသုံးပြု၍ ပုဂ္ဂိုလ်တဦးဦးအား ခြောက်လှန့်တောင်းယူခြင်း၊ အနိုင်အထက်ပြုခြင်း၊ မတရားတားဆီး ကန့်ကွက်ခြင်း၊ အသရေဖျက်ခြင်း၊ နှောက်ယှက်ခြင်း၊ မလျော်သြဇာသုံးခြင်းနှင့် ခြိမ်းခြောက်ခြင်းများ ကျူးလွန်ပါက ၃ နှစ်ထက်မပိုသောထောင်ဒဏ်ဖြစ်စေ ငွေကျပ် ၃ သိန်းထက်မပိုသော ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်စလုံးဖြစ်စေ ချမှတ်နိုင်ကြောင်း သိရသည်။