မြန်မာသံစဉ် သီချင်းများနဲ့ နိုင်ငံကျော်တဲ့ အဆိုရှင် ဟင်္သာတထွန်းရင်ဟာ နိုဝင်ဘာ ၂၁ ရက်နေ့ မနက်ပိုင်းက ကွယ်လွန်သွားပြီ ဖြစ်ပါတယ်။ ဟင်္သာတထွန်းရင် ကွယ်လွန်ချိန်မှာ အသက် ၇၇ နှစ်ရှိပြီဖြစ်ပြီး အဆုတ်ကင်ဆာနဲ့ ရန်ကုန်မြို့ နေအိမ်မှာပဲ မနက် ၄ နာရီ ၄၅ မိနစ်မှာ ကွယ်လွန်ခဲ့တာ ဖြစ်ပါတယ်။
ဟင်္သာတထွန်းရင်ဟာ အဆုတ်ကင်ဆာကြောင့် သြဂုတ်လအတွင်းက ကုတင် ၅၀ဝ ဆံ့ ဆေးရုံမှာ ဆေးကုသမှု ခံယူခဲ့ကြောင်း ဇနီးဖြစ်သူက ဆိုပါတယ်။
“သူက ပထမ အဆုတ်ကင်ဆာဖြစ်တာ သိရတော့ ဆေးရုံတက်ရတယ်။ အဲဒီမှာ ဓာတ်ကင်တယ်၊ ဆေးစားရတယ်၊ ၇ ရက်ပဲ တက်ပြီး ပြန်ဆင်းလာတယ်။ သူ့ကို ၄ လလောက်ပဲ ကုလိုက်ရပါတယ်၊ အသက်ကိုလည်း သက်သက်သာသာ ညင်ညင်သာသာနဲ့ပဲ အသက်ထွက်သွားတာပါ” လို့ ဇနီးဖြစ်သူ ဒေါ်စီစီစိန်က ဆိုပါတယ်။
ဟင်္သတာထွန်းရင် ကို ၁၉၄၁ ခုနှစ် ဖေဖော်ဝါရီ ၁၅ ရက် စနေနေ့မှာ အဖ ဦးဖေနဲ့ အမိ ဒေါ်ကုလားမ တို့က သားဦးအဖြစ် ဟင်္သာတမြို့မှာ မွေးဖွားခဲ့တာ ဖြစ်ပါတယ်။ ငယ်စဉ်ထဲက ဂီတအဆိုပိုင်းကို ဝါသနာပါခဲ့ပြီး မြန်မာသံစဉ် သီချင်းများကို နှစ်ခြိုက်စွာ သီဆိုခဲ့သူဖြစ်ပါတယ်။
ဇနီးဖြစ်သူကလည်း အငြိမ့်မင်းသမီး ဒေါ်စီစီစိန်ဖြစ်ပြီး ဝဏ္ဏကျော်ထင် စိန်အောင်မင်းရဲ့ သတ္တမမြောက်သမီး ဖြစ်ပါတယ်။ နှစ်ဦးစလုံး အနုပညာကို ဝါသနာပါ ချစ်မြတ်နိုးကြတဲ့အတွက် လိုက်ဖက်ညီစွာနဲ့ တေးသီချင်းများကို သီဆိုပြီး ပရိသတ်ကို ဖျော်ဖြေပေးခဲ့ကြသူတွေပဲ ဖြစ်ပါတယ်။
ဟင်္သာတထွန်းရင်ရဲ့ ဆေးလိပ် ကြိုက်နှစ်သက်မှု၊ သူ့ရဲ့ ကျန်းမာရေးနဲ့ ပတ်သက်လို့ လူရွှင်တော်ကြီး ဦးမိုးကျော်က “သူက ဆေးလိပ် အင်မတန် ကြိုက်တာလေ။ သိပ်သောက်တာ။ လျှော့သောက် ပြောတာတောင် တနေ့ ၄ ဗူး၊ တဗူးအလိပ် ၂၀ ပါတာလေ၊ ဘယ်ခံနိုင်မလဲ အဆုတ်ကင်ဆာ ဖြစ်ပြီပေါ့၊ သူကွယ်လွန်သွားတာ ဂီတလောကအတွက် ဆုံးရှုံးမှုကြီး တခုပါပဲ။ ကျနော်ကလည်း ဟင်္သာတက ဆိုတော့ ဟင်္သာတသား အချင်းချင်းတွေပေါ့ဗျာ” လို့ ဆိုပါတယ်။
ဟင်္သာတထွန်းရင်ဟာ ငယ်သူငယ်ချင်း စာဥ၊ စက္ကန့်လေးတွေ စိန်စီထားမယ်၊ အလွမ်းမမ ပန်းမမ၊ အမေနဲ့ ရွာကိုလွမ်းတယ် စတဲ့ တေးသီချင်းများ အပါအဝင် သီချင်းများစွာနဲ့ လူကြိုက်များခဲ့သူ တဦးလည်းဖြစ်ပါတယ်။
မြန်မာသံစဉ် သီချင်းပေါင်း အပုဒ်ရေ ထောင်ကျော်နီးပါး သီဆိုခဲ့ပြီး တေးစီးရီးပေါင်း များစွာကိုလည်း ရေးစပ်သီဆိုကာ ပရိသတ်ထံ အရောက်ပေးပို့နိုင်ခဲ့သူတဦးလည်း ဖြစ်ပါတယ်။ ဟင်္သာတထွန်းရင် သီဆိုခဲ့တဲ့အထဲမှာ အဖေအကြောင်း သီချင်း၊ အမေအကြောင့် သီချင်းများစွာကလည်း အောင်မြင်ပြီး လူကြိုက်များခဲ့တဲ့ တေးသီချင်းတွေ ဖြစ်ခဲ့ပါသေးတယ်။
ဟင်္သာတထွန်းရင်ဟာ မြန်မာသံစဉ် တေးသီချင်းများကို သီဆိုသူပီပီ မြန်မာဂီတနဲ့ ပတ်သက်လို့ မြန်မာသံစဉ် တေးသီချင်းများကို မြန်မာများ တန်ဖိုးထား အလေးထားစေချင်တဲ့ ဆန္ဒရှိသူတဦးလည်း ဖြစ်တယ်လို့ သိရပါတယ်။
ဟင်္သာတထွန်းရင်ဟာ မကွယ်လွန်မီအထိ တေးသီချင်းများကို သီဆိုပြီး တေးစီးရီးအခွေ ထွက်နိုင်ဖို့လည်း စီစဉ်သွားတယ်လို့ သိရပါတယ်။
“ဂီတနဲ့ပတ်သက်လို့ သူက ခြောက်လပိုင်းတုန်းကတောင် ဗိုလ်ချုပ်အောင်ဆန်း ဂုဏ်ပြုတေးသီချင်း အခွေထုတ်ပြီး ဆိုလိုက်သေးတယ်။ သူနောက်ဆုံး ဆိုသွားတဲ့ အခွေပေါ့။ အခွေနာမည်က ‘နတ်မောက်က တောက်ခေါက်သံ’ ဆိုပြီး နာမည်ပေးထားတယ်။ သူသီချင်း မဆိုနိုင်တော့တာကလည်း ဆေးရုံတက်မှသာ မဆိုနိုင်တော့တာပါ၊ နောက်အခွေက “မသိန်းညွန့် ချောင်းကြည့်နေသည်” လို့တောင် နာမည်ပေးထားပြီးပြီ၊ သီချင်းတွေလည်း အကုန်ဆိုပြီးသား၊ ထွက်ဖို့ပဲ ကျန်တော့တာလေ” လို့ ဇနီးဖြစ်သူ ဒေါ်စီစီစိန်က ဧရာဝတီကို ပြောပါတယ်။
ဆက်လက်ပြီး ဒေါ်စီစီစိန်က “သားသမီးတွေထဲမှာ သူ့အမွေကိုယူတဲ့သူ နှစ်ယောက်က သီချင်းဆိုတဲ့ စိုးမိုးထွန်းနဲ့ ကီးဘုတ်တီးတဲ့ ကျော်စိုးထွန်း နှစ်ယောက်ရှိတယ်။ သူတို့ကတော့ ဂီတနဲ့ပတ်သတ်ပြီး ဝါသနာပါတယ်။ ကီးဘုတ်တီးတဲ့ သားက အဖေဆိုတဲ့နောက်ကို လိုက်ပြီး အဖေဆိုရင် သူက လိုက်တီးပေးတယ်။ အဖေ့ပါရမီကို လိုက်ဖြည့်ပေးတာပေါ့။ သူကလည်း သူ့သားနဲ့ပဲ ဆိုတယ်၊ ကျန်တဲ့သူနဲ့ဆိုရင် မဆိုဘူးလေ” လို့ ပြောပြပါတယ်။
ဆက်လက်ပြီး သူက “ကျမနဲ့လည်း သူမသေခင်အထိ အတူတူ နယ်ဘက်တွေမှာ သီချင်းသွားဆိုကြတယ်၊ အလှူတို့ ရှင်ပြုတို့မှာ အမြဲတူတူ သွားပြီး ဖျော်ဖြေပေးနေကြပါ။ သူ့ဆီကနေ စံထားနိုင်တဲ့ အရာလေးကတော့ မုဒိတာ ဆိုတဲ့ စိတ်လေးပါပဲ။ သူက အရမ်း တည်ငြိမ်အေးဆေးတယ်၊ သူ့ကို ဘာလုပ်လုပ် ဘာမှပြန်မလုပ်တတ်တဲ့ သူမို့လို့ သွေးအေး သတ္တဝါလို့တောင် ခေါ်ကြတယ်။ ကျမကိုလည်း မုဒိတာထားနိုင်အောင် မေတ္တာထားနိုင်အောင် ကျင့်ပေးနိုင်တဲ့သူ တယောက်ပါပဲ” လို့ ဆိုပါတယ်။
နောက်ဆုံး သီဆိုဖျော်ဖြေမှု အနေနဲ့ ဟင်္သာတထွန်းရင်ဟာ မြင်းခြံမြို့ကို ရွှေမန်းသဘင်ဇာတ်နဲ့ အတူတူ ဖျော်ဖြေ သီဆိုပေးခဲ့တယ်လို့ သိရပါတယ်။ အဲဒီနောက်ပိုင်းမှာ အဆုတ်ရောဂါကြောင့် ဆေးရုံတက်ရောက်ပြီး ဆေးကုသမှု ခံယူခဲ့ရပါတယ်။
ဟင်္သာတထွန်းရင် ကွယ်လွန်ချိန်မှာ ဇနီးဖြစ်သူနဲ့ သားသမီး ၅ ယောက် ကျန်ရှိနေခဲ့ပြီး နိုဝင်ဘာ ၂၃ ရက်နေ့ မနက်ပိုင်းမှာ ရေဝေးသုသာန်မှာ သင်္ဂြိုဟ်မှာ ဖြစ်ပါတယ်။