သက်ငယ် မုဒိမ်းမှု ထိရောက်သော ပြစ်ဒဏ် ချမှတ်ရေး လွှတ်တော်သို့ တင်ပြမည်
သက်ငယ် မုဒိမ်းမှုများကို ဥပဒေအရ ထိထိရောက်ရောက် အရေးယူနိုင်ရန်အတွက် နေပြည်တော်ရှိ အမျိုးသမီး လွှတ်တော် ကိုယ်စားလှယ်များက လှုပ်ရှားဆောင်ရွက်လျက်ရှိပြီး ပထမဆုံး အနေဖြင့် လွှတ်တော်သို့ မေးခွန်းအဖြစ် တင်ပြထားပြီး ဖြစ်ကြောင်း သတင်း ရရှိသည်။
“သက်ငယ် မုဒိမ်းမှုများကို အစိုးရက ထိထိရောက်ရောက် အရေးယူပေးရန် အစီအစဉ် ရှိ၊ မရှိ မေးခွန်း” ကို လွှတ်တော်တွင် ဥပဒေကြမ်း ကော်မတီဝင် အမျိုးသမီး လွှတ်တော် ကိုယ်စားလှယ်တဦးက တင်ပြထားပြီး ဖြစ်ကြောင်း ရန်ကုန် တိုင်းဒေသကြီးမှ အမျိုးသား လွှတ်တော် ကိုယ်စားလှယ် ဒေါ်ဆူဆန်နာ လှလှစိုးက ဧရာဝတီသို့ ပြောသည်။
“အခု အွန်လိုင်းမှာ အမျိုးသမီး အမတ်တွေပဲ စုပြီး MPs of Anti Child Rape ဆိုတဲ့ Page လေးတခု လုပ်ထားတယ်။ အဲဒီမှာ အင်ဖော် မေးရှင်းတွေ ရှယ်တယ်။ ပြီးတော့ သက်ငယ် မုဒိမ်းမှုနဲ့ ပတ်သက်လို့ လှုပ်ရှားမှုတွေ ရှိလာရင် တွေ့ဆုံတာမျိုးတွေ လုပ်နေတယ်” ဟု ဒေါ်ဆူဆန်နာ လှလှစိုးက ပြောသည်။
ထို့ကြောင့် သက်ငယ် မုဒိမ်းမှုများ သေဒဏ်ပေးရေးအတွက် လှုပ်ရှားနေသော စစ်ကိုင်းတိုင်း လူငယ် ကွန်ရက်အဖွဲ့ဝင်များနှင့် ပြီးခဲ့သည့် ရက်သတ္တပတ်အတွင်းက လွှတ်တော် ကိုယ်စားလှယ်များ နေထိုင်သည့် စည်ပင် ဧည့်ရိပ်သာ အတွင်း တွေ့ဆုံ ဆွေးနွေးခဲ့သည်ဟု သိရသည်။
“သူတို့တွေ နေပြည်တော်ကို တက်လာတုန်းကတော့ သေဒဏ်ပေးဖို့ ဆိုတာမျိုးတွေ ပြောလာတယ်။ ဒါပေမယ့် ဒီမှာ ရောက်တော့ ဆွေးနွေးတဲ့အခါ နည်းနည်း ပြန်လျှော့သွားတယ်။ သူတို့ကပဲ ဒီလို ကိစ္စတွေနဲ့ ပတ်သက်ပြီး အချက်အလက်တွေ ကူညီပေးမယ် ပြောတယ်” ဟု အမျိုးသား လွှတ်တော် ကိုယ်စားလှယ် ဒေါ်ဆူဆန်နာ လှလှစိုးက ပြောသည်။
စစ်ကိုင်းတိုင်း လူငယ်ကွန်ရက်မှ ကိုဇော်သူရိန်က လွှတ်တော် ကိုယ်စားလှယ်များ အနေဖြင့် သက်ငယ် မုဒိမ်းကိစ္စ ဘာလုပ်ပေးနိုင်မည်နည်းဟု သွားရောက် ဆွေးနွေးခဲ့ရာ လွှတ်တော်တွင် တင်ပြပေးနိုင်ကြောင်း ပြောဆိုသဖြင့် ၄င်းတို့ လိုအပ်သော အချက်အလက်များကို ကူညီပံ့ပိုးပေးနိုင်ရန် ကြိုးစားလျက်ရှိကြောင်း ဧရာဝတီသို့ ပြောသည်။
“အဲဒါနဲ့ ဆက်ပြီး သေဒဏ်အထိ ပေးသင့်သလား၊ တခြား ကြီးမားတဲ့ ပြစ်ဒဏ်ပဲ ပေးသင့်သလား ဆိုတာ ဆွေးနွေးဖြစ်တယ်။ အထူးသဖြင့် ပုဒ်မ ၃၇၆ က ကလေးကိုပဲ မုဒိမ်းကျင့်ကျင့်၊ လူကြီးကိုပဲ မုဒိမ်းကျင့်ကျင့် ထောင်ဒဏ် ၁၀ နှစ်အထိ ချလို့ရတယ်ဆိုတာ ပါတယ်။ ၁၀ နှစ်အထိ ဆိုပေမယ့် တရားသူကြီးက သူလိုသလို သတ်မှတ်လို့ ရတယ်။ သက်ငယ်မုဒိမ်း ကျူးလွန်သူကို ထောင် ၂ နှစ်အထိပဲ ချလို့လည်း ရတယ်” ဟု ကိုဇော်သူရိန်က ပြောသည်။
သက်ငယ်မုဒိမ်းမှု ကျူးလွန်သူများကို ထိရောက်စွာ အပြစ်ပေးနိုင်ရေး ဆောင်ရွက်ရာတွင် အစိုးရကိုချည်း အားကိုးမနေဘဲ လူ့အဖွဲ့အစည်းတွင် Social Movement များ ဆောင်ရွက်သင့်ကြောင်း အမျိုးသမီး လွှတ်တော် ကိုယ်စားလှယ်တဦးဖြစ်သူ ဒေါ်ဇင်မာအောင်က ပြောသည်။
“သက်ငယ်မုဒိမ်းကို သေဒဏ်ပေးတာထက် ပိုထိရောက်တဲ့ နည်းလမ်းတွေ ရှိတယ်။ အဲဒီလို လူမျိုးကို လူ့အဖွဲ့အစည်းက ဝိုင်းကျဉ်လိုက်တာမျိုး လုပ်လို့ ရတယ်” ဟု ဒေါ်ဇင်မာအောင်က ပြောသည်။
မြန်မာနိုင်ငံတွင် ဖြစ်ပွားလျက်ရှိသည့် သက်ငယ် မုဒိမ်းဖြစ်စဉ်များကြောင့် အွန်လိုင်းတွင် အမျိုးသမီး အချင်းချင်း စုစည်း၍ သတင်း အချက်အလက်များ ဖလှယ်ခြင်း၊ ကြိုတင် ကာကွယ်ရေး နည်းလမ်းများ ဆွေးနွေးခြင်းတို့ကို ၄င်းတို့ တတ်နိုင်သည့် အနေအထားဖြင့် ပြုလုပ်လျက်ရှိကြောင်း နေပြည်တော်ရှိ ကလေးတဦး၏ မိခင် မဇာဇာက ပြောသည်။
“မိခင်တွေက ပရိုဖိုင် ပစ်ချာ ချိန်းတာတွေ လုပ်တယ်။ ကလေး ဖိနပ်ပုံလေးတွေ၊ မိန်းကလေး ပါးစပ်ပိတ်နေတဲ့ ပုံလေးတွေလည်း ပြောင်းကြတယ်။ အဓိကတော့ ဒီဖြစ်စဉ်တွေကို လူအများ သတိထားမိစေချင်တယ်” ဟု မဇာဇာက ပြောသည်။
သေဒဏ်နှင့် ပတ်သက်၍လည်း သူက ဆက်၍ “ဖြစ်ပြီးမှ သေဒဏ်ပေးလည်း ဘာထူးမှာလဲ။ ငါ့သမီးလေး ငယ်တာပဲ ဆိုပြီး ဘောင်းဘီ ဖင်ပြောင်နဲ့ ထားတာမျိုးတွေ မလုပ်သင့်ဘူး။ ကိုယ့်အဖေ၊ အဖိုးပဲ ဆိုပြီးတော့လည်း လွှတ်မထားဘဲ မိခင် ကိုယ်တိုင်က အမြဲ စောင့်ကြည့်တာမျိုး လုပ်သင့်တယ်” ဟု ဆိုသည်။
မြန်မာနိုင်ငံတွင် သက်ငယ်မုဒိမ်းမှု ကျူးလွန်သူများကို သေဒဏ်ပေးရန် ပြီးခဲ့သည့် လွှတ်တော် သက်တမ်းက သင်္ဃန်းကျွန်းမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးသိန်းညွှန့်က တင်ပြခဲ့ဖူးသော်လည်း လွှတ်တော်က ပယ်ချခဲ့သည်။
စစ်ကိုင်း လူငယ် ကွန်ရက်မှ ကိုဇော်သူရိန်က “ပန်းသေဆေး ထိုးပြီးတော့ ထောင်ဒဏ် အနှစ် ၃၀ လောက် ချစေချင်တယ်။ အွန်လိုင်းမှာကတော့ တော်တော်များများက သေဒဏ် သတ်မှတ်ပေးဖို့ တောင်း ဆိုနေကြတယ်။ တဖက်က စိုးရိမ်စရာ ကောင်းတာက ကျနော်တို့လို တရားဥပဒေ စိုးမိုးမှု အားနည်းတဲ့ နိုင်ငံမျိုးမှာ သေဒဏ်ကြီးက ထောင်ချောက်သဖွယ် ဖြစ်သွားမှာ။ သေဒဏ်ပေးမှာပဲဆိုပြီး တခါတည်း သတ်လိုက်ကြတာမျိုးတွေ ဖြစ်မှာ မလိုလားဘူး” ဟု ပြောသည်။