တရုတ်- မြန်မာ နယ်စပ် ၁၀၅ မိုင် ကုန်သွယ်ရေးဇုန်ရှိရာ မူဆယ်မြို့ အနီး တိုက်ပွဲများ ဆက်တိုက်ဖြစ်ပွား နေသည့်အတွက် မူဆယ်ဒေသခံများ စိုးရိမ်ထိတ်လန့်မှုများ ဖြစ်နေကြောင်း သတင်းရရှိသည်။
ယမန်နေ့ ည ၉ နာရီက မူဆယ်မြို့မ ရဲစခန်း ကိုု မြန်မာမြောက်ပိုင်းမဟာမိတ် တပ်ပေါင်းစုတို့က ၄၀ မမ လက်နက်ကြီး တလုံး၊ လက်နက်ငယ် ၇ ချက်ဖြင့် ပစ်ခတ်ခဲ့ကြောင်း၊ မူဆယ်နာရီစင် မီးပွိုင့် လမ်းဆုံ အနီးတွင် လည်း မြန်မာမြောက်ပိုင်း မဟာမိတ် လက်နက်ကိုင် အဖွဲ့ ပစ်ခတ်မှုကြောင့် အရပ်သားတဦး ဒဏ်ရာ ရရှိခဲ့ကြောင်း မူဆယ်မြို့မ ရဲစခန်းမှ စုံစမ်းသိရှိရသည်။
တိုက်ပွဲသည် မြန်မာ့တပ်မတော်နှင့် မြန်မာမြောက်ပိုင်းမဟာမိတ် တပ်ပေါင်းစု မှာ ကချင်လွတ်မြောက်ရေး တပ်မတော် (KIA) ၊ မြန်မာအမျိုးသား ဒီမိုကရက် မဟာမိတ် တပ်မတော်(MNDAA)၊ တအာင်းအမျိုးလွတ်မြောက်ရေး တပ်မတော်(TNLA) နှင့် ရက္ခိုင့်တပ်မတော်( AA) တို့ အကြား ဖြစ်ပွားနေခြင်းဖြစ်ကြောင်း သိရသည်။
“ ကျနော်တို့ ဒေသခံတွေက စိုးရိမ်မှုတွေတော့ ရှိပါတယ်။ နယ်မြေကတော့ မအေးချမ်းသေးဘူး။ ယနေ့ နေ့လည် ၁၂ နာရီမှာလည်း ဒေသခံပြည်သူတွေ အားလုံး အပြင်မထွက်ရဆိုတဲ့ အမိန့် ကျနော်တို့ မထုတ်ပြန် ပါဘူး” မူဆယ်မြို ခရိုင်အုပ်ချုပ်ရေးမှူး ဦးကျော်ကျော်ထွန်းက ဧရာဝတီသို့ပြောသည်။
လက်ရှိအခြေအနေအရ မူဆယ်မြို့ကို ရဲများ၊ ပြည်သူ့စစ်များနှင့် တပ်မတော်မှ လုံခြုံရေး ယူထားကြောင်း ဦးကျော်ကျော်ထွန်း ကဆိုသည်။
အရပ်သားများသေဆုံးကာ လူထုအကျိုးစီးပွားများ ထိခိုက်စေသည့် မြန်မာပြည်မြောက်ပိုင်း မဟာမိတ် တပ်ပေါင်းစု၏ စစ်ဆင်ရေးသည် အစိုးရ၏ ငြိမ်းချမ်းရေးလုပ်ငန်းများကို ထိခိုက်မှု ရှိလာနိုင်ကြောင်း ကာကွယ်ရေးဝန်ကြီးဌာန ပြည်သူ့ ဆက်ဆံရေးနှင့် စိတ်ဓာတ်စစ်ဆင်ရေး ညွှန်ကြားရေးမှူးရုံး ညွှန်ကြားရေးမှူး ဗိုလ်ချုပ် အောင်ရဲဝင်း က ပြောသည်။
မဟာမိတ်စစ်ဆင်ရေးအပေါ် ဗိုလ်ချုပ်အောင်ရဲဝင်း က “ဒီလိုတိုက်ပွဲတွေဖြစ်ရင်တော့ သာမန်စဉ်းစား ကြည့်ရင်တောင် အနည်းနဲ့ အများတော့ (ငြိမ်းချမ်းရေးကို) ထိခိုက်မှာဘဲလေ။ ဒါကတော့ အားလုံးလည်း သိပါတယ်။ စစ်ဆင်ရေးနဲ့ပတ်သက်ပြီး လုံးဝ မလုပ်သင့်တဲ့ ကိစ္စပေါ့။ အစိုးရကိုယ်တိုင် ဦးစီးပြီးတော့ ငြိမ်းချမ်းရေးလုပ်နေတဲ့ အချိန်မှာ ဒါမျိုးထလုပ်တာကတော့ လုံးဝ မဖြစ်သင့်တဲ့ကိစ္စပါ”ဟု ဆိုသည်။
မူဆယ်မြို့ တောင်ရပ်ကွက်နေ နန်းယိင်း က “ မနေ့ညကလည်း လက်နက်ကြီးသံတွေ ကြားရ၊ သေနတ်သံတွေကြားရပြီးတော့ ဒီနေ့ နေ့လည်ပိုင်း ကလည်း လက်နက်ကြီးသံ ၂ ခါကြားရတယ်။ အိမ်ထဲကနေ အိမ်ပြန်တောင်မထွက်ရဲဘူး။ ဈေးဆိုင်တွေ အားလုံး ပိတ်ထားရတယ်” ဟု ဧရာဝတီသို့ပြောသည်။
ယနေ့ နေ့လည် ၁၂နာရီ တွင် မူဆယ်မြို့နေ ပြည်သူများ အပြင်မထွက်ရန် ကောလဟာလ သတင်းထွက်ပေါ်မူကြောင့် ဒေသခံတချို့ တရုတ်ပြည်တွင်းသို့ သွားရောက်ခိုလှုံနေကြသလို မူဆယ်တွင် ရှိနေသူများလည်း အိမ်ပြင်သို့ မထွက်ရဲကြောင်းလည်း နန်းယိင်းက ပြောသည်။
မူဆယ်မြို့ နယ်ထိန်းရဲတဦးကလည်း “ လက်ရှိ လုံခြုံရေးကို ဂရုစိုက် ဆောက်ရွက်နေရပါတယ်။ နေ့လည် ၂ နာရီ ကတော့ လက်နက်ကြီးထုသံကြားရတယ်။ ဘယ်မှာဖြစ်လည်းဆိုတာ ကျနော်တို့ အတည်မပြုနိုင်သေး ပါဘူး။ လုံခြုံရေးကိုတော့ တော်တော်ယူထားရတယ်” ဟု ဧရာဝတီသို့ပြောသည်။
တရုတ်နယ်စပ်ကုန်သွယ်ရေးဇုန် သွားရာလမ်းကြော တလျှောက် တိုက်ပွဲများ ဆက်တိုက်ပြင်းထန်နေကြောင်း၊ အဓိကအားဖြင့် ကွတ်ခိုင်- မူဆယ်လမ်းကြောင်းပေါ်တွင် ဖြစ်ပွားနေကြောင်း TNLA ပြန်ကြားရေးဌာန မှ ဗိုလ်မှူး မိုင်းအိုက်ကျော်က ဧရာဝတီသို့ပြောသည်။
“ လေယာဉ်နဲ့ တိုက်တာကိုတော့ ကျနော်သေချာမသိရသေးဘူး။ ရဟတ်ယာဉ် တက်လာတဲ့ အသံတော့ ကြားတယ်။ တိုက်ပွဲကတော့ အနှံ့ဖြစ်တယ်။ အားလုံးပေါင်း ၉ နေရာမှာ ဖြစ်တယ်။ အခုထိ ဖြစ်နေတုန်းပါ” ဟု မိုင်းအိုက်ကျော်က ပြောသည်။
မြန်မာ့တပ်မတော်သည် ရှမ်းပြည်နယ် မြောက်ပိုင်း မုံးကိုးဘက်တွင် ရက္ခိုင့်တပ်မတော်(AA)နှင့် မြန်မာအမျိုးသား ဒီမိုကရက် မဟာမိတ် တပ်မတော်( MNDAA)နှင့် လည်းကောင်း၊ ကြူကုတ်(ပန်ဆိုင်း)တွင် ကချင်လွတ်မြောက်ရေး တပ်မတော်(KIA)နှင့်လည်းကောင်း၊ ကွတ်ခိုင်- မူဆယ် ပြည်ထောင်စုလမ်းပေါ်တွင် TNLA နှင့် တိုက်ပွဲများဖြစ်ပွားနေကြောင်း TNLA ပြန်ကြားရေးဌာန မှ သိရသည်။
တိုက်ပွဲ အခြေအနေ ထိုးစစ်ဆင်မှုနဲ့ ပတ်သက်၍ မိုင်းအိုက်ကျော်က “ အဓိက စခန်းတွေရှိတဲ့နေရာ တပ်စခန်းတွေ၊ ရဲစခန်းတွေ ဦးတည် တိုက်ခိုက်တာတော့ ရှိတယ်။ ပြည်သူလူထုတွေရှိတဲ့နေရာကို ဦးတည် မတိုက်ခိုက်ပါဘူး” ဟုလည်း မိုင်းအိုက်ကျော်က ဆိုသည်။
မြန်မာ့တပ်မတော်ကလည်း စစ်ရေးဖြင့်သာ ပြန်လည်တုံ့ပြန်နေရာ ဆွေးနွေးမှုကို ကမ်းလှမ်းထားခြင်းမရှိသဖြင့် တိုက်ပွဲရက်ရှည် ကြားနို်င်ကြောင်း မိုင်းအိုက်ကျော် က ပြောသည်။
ယနေ့ နံနက် ၈နာရီက နမ့်နိုင် မှ ကွတ်ခိုင်သို့ သွားရာ လမ်းပေါ်တွင် ၁၂ ဘီးယာဉ်မောင်းတဦး ကျည်ဆံ ထိမှန် သေဆုံးကြောင်း၊ ဖားကန့် – ကာမိုင်း လမ်းပေါ်တွင် KIA နှင့် ထိတွေ့မှုဖြစ်ပွားခဲ့သော်လည်း ယာဉ်များ ပုံမှန်အတိုင်း ပြန်လည်သွားလာနိုင်ကြောင်း၊ KIA/ TNLA အဖွဲ့များက မူဆယ်မြို့မ ရဲစခန်းသို့ လာရောက် ပစ်ခတ်ခဲ့ကြောင်း နိုင်ငံတော်အတိုင်ပင်ခံရုံး၏ ဖေ့စ်ဘုတ်စာမျက်နှာတွင် ဖော်ပြထားသည်။
နယ်စပ်ကုန်သွယ်ရေး လမ်းကြောင်း တလျှောက် တိုက်ပွဲများဖြစ်ပွားမှုကြောင့် မူဆယ်မြို့ပေါ်တွင် စစ်ဘေးရှောင် ၂၀၀၀ ကျော်ရောက်ရှိနေပြီး၊ မုံးကိုးမြို့နယ်နှင့် ကြူကုတ်(ပန်ဆိုင်း) မြို့နယ် အတွင်းဖြစ်ပွား သည့် တိုက်ပွဲများကြောင့် တရုတ်ပြည်၊ ယူနယ်ပြည်နယ် ဝမ်တင်ဒေသသို့ စစ်ရှောင်ဒုက္ခသည် ၃၀၀၀ ခန့် ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရသည်။