ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ရှိ မြန်မာသံရုံးမှ တာဝန်ကျဝန်ထမ်းများက မြန်မာရွှေ့ပြောင်း အလုပ်သမားများ နိုင်ငံကူးလက်မှတ် လာရောက်လျှောက်ထားရာ၌ ငွေကြေးအမြတ် ထုတ်ယူမှုများရှိသည်ကို တွေ့ရကြောင်း တိုင်ကြားစာကို မဟာချိုင်အခြေစိုက် ရွှေ့ပြောင်းအလုပ်သမား အခွင့်အရေးကွန်ရက် (MWRN) က နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် အလုပ်သမားဝန်ကြီးထံ ပေးပို့ထားကြောင်း သိရသည်။
“မြန်မာရွှေ့ပြောင်းအလုပ်သမားများ နိုင်ငံကူးလက်မှတ်များ လျှောက်ထားရာတွင် မြန်မာသံရုံး၏ နိုင်ငံကူးလက်မှတ် ထုတ်ပေးရေး ကောင်တာ၌ လျှောက်ထားခွင့် မရဘဲ၊ ကောင်တာအနီး ပတ်ဝန်းကျင်ရှိ ပွဲစားများ၏ စားပွဲ၌သာ လျှောက်ထားရကြောင်းနှင့် ထိုပွဲစားများက အလုပ်သမားတဦးလျှင် ထိုင်းဘတ်ငွေ ၃၀၀ (ငွေကျပ် တသောင်းဝန်းကျင်) ပိုမို တောင်းခံနေသည်ကို တွေ့ရှိရသည်” ဟု MWRN ဒုဥက္ကဌ ဦးအောင်ကျော်က ဧရာဝတီကို ပြောသည်။
MWRN အဖွဲ့ကို ၂၀၀၉ ခုနှစ် မတ်လတွင် တည်ထောင်ခဲ့ပြီး၊ MWRN ရုံးချုပ်ကို ထိုင်းနိုင်ငံ၊ မဟာချိုင်မြို့တွင် အခြေစိုက်ထားသည်။ MWRN အဖွဲ့သည် ထိုင်းနိုင်ငံရောက် မြန်မာရွှေ့ပြောင်း လုပ်သားများ၏ လူ့အခွင့်အရေး ချိုးဖောက်ခံနေရမှုများ၊ ခေါင်းပုံဖြတ် အမြတ်ထုတ်ခံရမှုများ၊ အလုပ်သမားအခွင့်အရေး ချိုးဖောက်ခံနေရမှုများတို့ကို ကူညီဆောင်ရွက်ပေးနေသည့် အဖွဲ့တခု ဖြစ်သည်။
နိုင်ငံကူးလက်မှတ် လျှောက်ထားရာတွင် မြန်မာအစိုးရ၏ တရားဝင် သတ်မှတ်နှုန်းထားသည် ဘတ်ငွေ ၁၅၃၀ ဖြစ်သည်။ နိုင်ငံကူးလက်မှတ် လျှောက်ထားသူများသည် သံရုံးသို့ ကိုယ်တိုင်သွားရောက်၍ မလျှောက်ဘဲ ပြင်ပပွဲစားများမှတဆင့် လုပ်ဆောင်ပါက ဘတ်ငွေ ၆၀၀၀ နှင့် ၈၀၀၀ အကြား ကုန်ကျနေသည်။
ထိုင်းနိုင်ငံရောက် ရွှေ့ပြောင်းလုပ်သားများအတွက် နိုင်ငံကူးလက်မှတ် ထုတ်ပေးရေး အစီအစဉ်ကို ၂၀၀၉ ခုနှစ်က စတင်ခဲ့ကြောင်းနှင့် အလုပ်သမားများသည် ထိုအချိန်မှစတင်၍ ခေါင်းပုံဖြတ်ခံခဲ့ရပြီး၊ လက်ရှိတွင်လည်း ခံနေရဆဲဖြစ်ကြောင်းကို နိုင်ငံတော် အစိုးရနှင့် အများပြည်သူများ သိရှိစေရန်အတွက် MWRN အဖွဲ့က ကြေညာချက်တစောင်ကို ပြီးခဲ့သည့် နိုဝင်ဘာလ ၁၇ ရက်က ထုတ်ပြန်ခဲ့သည်။
MWRN ၏ ကြေညာချက်တွင် မြန်မာအလုပ်သမားတဦးအား ဘတ်ငွေ ၃၀၀ စီ အပိုတောင်းခံနေခြင်းကြောင့် နိုင်ငံကူးလက်မှတ် လျှောက်ထားသည့် သိန်းချီရှိသည့် အလုပ်သမားများထံမှ ဘတ်ငွေသန်းပေါင်း ၆၀ ဝန်းကျင်ကို ခေါင်းပုံဖြတ် အမြတ်ထုတ်ထားသည်ဟု ဖော်ပြထားသည်။
MWRN အဖွဲ့၏ ထုတ်ပြန်ချက်များနှင့် ပတ်သက်ပြီး ဘန်ကောက်ရှိ မြန်မာသံရုံးမှ စစ်သံမှူးဦးဝဏ္ဏဟန်က ထိုသို့ပြောဆိုနေမှုများသည် တဖက်သတ် စွပ်စွဲမှုများသာဖြစ်ကြောင်း၊ သံရုံးတာဝန်ရှိသူများ အနေဖြင့် အလုပ်သမားများအပေါ် ခေါင်းပုံဖြတ် အမြတ်ထုတ်မှု မရှိသကဲ့သို့ ပွဲစားများနှင့် ပူးပေါင်းလုပ်ဆောင်နေခြင်းလည်း မရှိကြောင်း၊ ဥပဒေနှင့် မညီသည့် လုပ်ရပ်များ တွေ့ရှိက အထောက်အထားများဖြင့် နိုင်ငံတော် အစိုးရထံ တိုင်ကြားနိုင်ကြောင်း ဧရာဝတီကို ပြောသည်။
ဦးဝဏ္ဏဟန်က “ကျနော်တို့ သံရုံးအနေနဲ့ မသမာမှုကို လုံး၀ လက်မခံပါဘူး။ တကယ်လို့ မသမာမှု ကျူးလွန်တယ် ဆိုရင်လည်း အထောက်အထားနဲ့ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်ရုံး၊ သမ္မတရုံးတို့ကို တိုင်ကြားနိုင်တယ်” ဟု ဆိုသည်။
ထို့အတူ နိုင်ငံကူးလက်မှတ် လျှောက်ထားရာ၌ မြန်မာနိုင်ငံအတွင်း ၁၀ ရက်ခန့်သာ ကြာမြင့်သော်လည်း၊ ဘန်ကောက်ရှိ မြန်မာသံရုံး၌ လျှောက်ထားရာတွင် ၄ လမှ ၆ လ အထိ ကြာမြင့်ကြောင်း MWRN အဖွဲ့က ဆိုသည်။
ထိုင်းနိုင်ငံရောက် ရွှေ့ပြောင်းလုပ်သမားများအတွက် နိုင်ငံကူးလက်မှတ်များ ထုတ်ပေးရာ၌ အချိန်အနည်းငယ် ကြာမြင့်ရခြင်းသည် ၎င်းတို့၏ စာရွက်စာတမ်း အထောက်အထားများကို မြန်မာနိုင်ငံသို့ ပြန်လည်ပို့ဆောင်၍ အချက်အလက် မှန်ကန်မှု ရှိမရှိ စစ်ဆေးနေရခြင်းကြောင့် ကြာမြင့်ခြင်းဖြစ်ကြောင်း ဦးဝဏ္ဏဟန်က ပြောသည်။
နိုင်ငံတော်အစိုးရက ရွှေ့ပြောင်းအလုပ်သမားများအတွက်၂၀၁၄ ခုနှစ်မှ စတင်၍ မူဝါဒသစ်များ ချမှတ်ပြီး၊ သာမာန်နိုင်ငံကူး လက်မှတ်များ လျှောက်ထားခွင့်ပြုခဲ့ရာ လက်ရှိအချိန်အထိ အလုပ်သမား ၂ သိန်းခန့် လျှောက်ထားခဲ့ကြကြောင်းနှင့် ၎င်းတို့အနက် အလုပ်သမား ၄ သောင်းခန့်သာ လက်မှတ်ရရှိသေးကြောင်း MWRN ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
MWRN အဖွဲ့၏ ထုတ်ပြန်ချက်နှင့် ပတ်သက်၍ တစုံတရာ တုံ့ပြန်သွားမည် မဟုတ်ကြောင်း၊ သံရုံးထံသို့ တရားဝင် တိုင်ကြားမှု မရှိကြောင်းနှင့် နိုင်ငံကူးလက်မှတ် ထုတ်ပေးရေးကိစ္စများကို နိုင်ငံကူးလက်မှတ် ထုတ်ပေးရေးအဖွဲ့ သီးသန့်ဖွဲ့၍ ဆောင်ရွက်နေသည်ဟု မြန်မာသံရုံးမှ တာဝန်ရှိသူများက ပြောသည်။