တနင်္သာရီတိုင်းဒေသကြီး ထားဝယ်မြို့တွင်ပြုလုပ်သည့် သီချင်းဆိုပြိုင်ပွဲ၏ ပြိုင်ပွဲဝင် နော်ချစ်ပန်းတိုင်ကို သတ်သွားသည့် လက်သည်တရားခံကို ဖမ်းဆီးရမိရေး စုံစမ်းနေဆဲဖြစ်ကြောင်း ထားဝယ်မြို့နယ် ရဲတပ်ဖွဲ့မှူးရုံးမှ သိရသည်။
သီချင်းဆိုပြိုင်ပွဲ၏ ပြိုင်ပွဲဝင် တဦးဖြစ်သူ အသက် ၂၂ နှစ်အရွယ် နော်ချစ်ပန်းတိုင်သည် နိုဝင်ဘာ ၁၉ ရက်ညက ထားဝယ်မြို့ ရွှေဝယ်သီရိ အားကစား ရင်ပြင်တွင် ပြုလုပ်သည့် မြန်မာနိုင်ငံဂီတ အစည်းအရုံး ရံပုံငွေသီချင်းဆို ပြိုင်ပွဲတွင် အမှတ်စဉ် ၁၉ ဖြင့်ယှဉ်ပြိုင်ရန် ပြင်ဆင်နေစဉ် ပြိုင်ပွဲစတိတ်စင် အနောက်ဘက် ပေ ၁၅၀ ခန့်ကအကွာတွင် ဓားဖြင့် ၇ ချက်ခန့် အထိုးခံခဲ့ရခြင်းဖြစ်ပြီး ဆေးရုံတက်ရောက်ကုသစဉ် သေဆုံးခဲ့ခြင်း ဖြစ်သည်။
သူသည် ထားဝယ်ဒေသအတွင်း စီမံကိန်းများကြောင့် လူ့အခွင့်အရေး ချိုးဖောက်မှုများ၊ သဘာဝ ပတ်ဝန်းကျင်ထိခိုက်မှုများအပေါ် ဒေသခံလူထုသို့ ကွင်းဆင်း၍ အသိပညာပေးမှုများ လုပ်ဆောင်နေသူတဦး ဖြစ်ကာ မြေမြုပ်မိုင်းအန္တရာယ်အကြံပေးအဖွဲ့- MAG တွင် အဖွဲ့ဝင်တဦး အဖြစ် ဆောင်ရွက်နေသူလည်းဖြစ်သည်။
ရဲအုပ်မျိုးသွင်က “ပထမက ဒဏ်ရာတွေနဲ့ မသေသေးတော့ ပုဒ်မ ၃၂၆ နဲ့ဖွင့်ထားရာက ဆေးရုံမှာသေဆုံး ခဲ့လို့ လူသတ်မှုနဲ့ပြန်ဖွင့်ထားတယ်။ ဖြစ်ကတည်းက စစ်ဆေးမှုလုပ်နေပေမယ့် ခုထိတော့ ဖမ်းဆီးထားတဲ့သူ မရှိသေးပါဘူး”ဟု ဧရာဝတီသို့ပြောသည်။
အဆိုပါအမှုကို ထားဝယ်မြို့မရဲစခန်းက လူသတ်မှုပုဒ်မ ၃၀၂ ဖြင့်အမှုဖွင့်ကာ သံသယရှိသူများအား စစ်ဆေး ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
မှုခင်းဆရာဝန်၏ အဆိုအရ သေဆုံးသူ၏ အသဲတွင် ထိုးသွင်းဒဏ်ရာရရှိခဲ့ပြီး မသေဆုံးမီ ရုန်းရင်းဆန်ခတ် ဖြစ်ပွားခဲ့သည့် အနေအထားများလည်း တွေ့ရကြောင်း သေဆုံးသူမိသားစုအား ကူညီပေးနေသည့် ထားဝယ်အမျိုးသမီးသမဂ္ဂမှ မယ်စုစုဆွေက ပြောသည်။
မယ်စုစုဆွေက “လုပ်ကြံသတ်ဖြတ်ခံရတာလို့ပဲ မြင်တယ်၊ သူမဆုံးခင်မှာ သူအသတ်ခံရပြီလို့ပဲပြောတယ်၊ ဘယ်သူဘယ်ဝါဆိုတာမပြောခဲ့ဘူး၊ သူသိနေတယ်ဆိုပြောမှာပဲ၊ နောက်ပြီး သူ့ပစ္စည်းတွေဘာမှယူမသွားဘဲ ဖုန်းကိုပဲယူသွားတယ်၊ ဒီဖြစ်စဉ်ကြောင့် လူ့အခွင့်အရေးလှုပ်ရှားသူတွေရဲ့ လုံခြုံရေးကစိုးရိမ်စရာပါပဲ”ဟု ပြောသည်။
ထားဝယ်ဒေသတွင်း အရပ်ဖက်အဖွဲ့အစည်း ၂၃ ဖွဲ့ကလည်း ယခုဖြစ်စဉ်သည် ဒေသအတွင်း လူထုဘက်မှ ရပ်တည်လှုပ်ရှားနေသည့်အဖွဲ့အစည်းများအပေါ် ကြီးမားသောခြိမ်းခြောက်မှုတခုဖြစ်ပြီး အထူးသဖြင့် အမျိုး သမီး လူ့အခွင့်အရေး လှုပ်ရှားတက်ကြွသူများအတွက် လွန်စွာစိုးရိမ်ဖွယ်အခြေအနေဖြစ်သည့်အတွက် အမှု မှန်ပေါ်ပေါက်ရေး ဆောလျင်စွာဆောင်ရွက်ပေးရန် နိုဝင်ဘာ ၂၁ ရက်နေ့က ကြေညာချက်ထုတ်ပြန် တောင်းဆိုခဲ့သည်။