မြန်မာနိုင်ငံတွင် ရိုဟင်ဂျာ မွတ်ဆလင်များအား တိုက်ခိုက်နေမှုကို ဆန္ဒပြသည့် အနေဖြင့် မြန်မာနိုင်ငံက ပူးတွဲအိမ်ရှင် အဖြစ် လက်ခံကျင်းပနေသော ဘောလုံးပြိုင်ပွဲတခုမှ နုတ်ထွက်ရန် မလေးရှားနိုင်ငံက စဉ်းစားနေကြောင်း မလေးရှား ထိပ်တန်း အရာရှိကြီး တဦးက နိုဝင်ဘာလ ၂၃ ရက်နေ့တွင် ပြောကြားလိုက်သည်။
“ဒီကိစ္စကို ပြီးခဲ့တဲ့ အပတ်အတွင်းက အစိုးရအဖွဲ့ကို ကျနော်တင်ပြခဲ့ပါတယ်။ ဒီအပတ်အတွင်းမှာလည်း ထပ်မံတင်ပြပြီး တော့ ဆုံးဖြတ်ချက်အတိုင်း ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်” ဟု မလေးရှားနိုင်ငံ လူငယ်နှင့် အားကစား ဝန်ကြီး Khairy Jamaluddin က လူမှုကွန်ရက် တွစ်တာတွင် နိုဝင်ဘာလ ၂၃ ရက်နေ့က ရေးသားခဲ့သည်။
ဖိလစ်ပိုင်နိုင်ငံ နှင့် မြန်မာနိုင်ငံတို့ အိမ်ရှင်အဖြစ် ပူးတွဲကျင်းပနေသည့် ဆူဇူကီး ဖလား ဘောလုံးပြိုင်ပွဲမှ နုတ်ထွက်ရန် နိုင်ငံတော်အဆင့် မလေးရှား ဘာသာရေးခေါင်းဆောင် တဦးက တောင်းဆိုခဲ့ပြီးနောက် ထိုသို့ ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။ နိုဝင်ဘာလ ၂၅ ရက်နေ့တွင် ဝန်ကြီး အဖွဲ့ အစည်းအဝေး ကျင်းပရန် ရှိနေသည်။
နိုဝင်ဘာလ ၁၉ ရက်နေ့က စတင်ကျင်းပခဲ့သော အာဆီယံဘောလုံး အဖွဲ့ချုပ် (AFF) ကြီးမှူးကျင်းပသည့် ဆူဇူကီး ဖလား ဘောလုံးပြိုင်ပွဲမှ မွတ်ဆလင် လူများစုနိုင်ငံဖြစ်သည့် မလေးရှားက နုတ်ထွက်မည်ဆိုလျှင် အဖွဲ့ဝင် ၁၀နိုင်ငံပါ အာဆီယံအဖွဲ့ ကာလရှည်ကြာစွာ ကိုင်စွဲခဲ့သော ဝင်ရောက်မစွတ်ဖက်ရေး မူဝါဒနှင့် ဆန့်ကျင်သွားမည်ဖြစ်သည်။
ပွဲစဉ် ဇယားအရ မလေးရှား ဘောလုံးအသင်းက ဗီယက်နမ်အသင်းနှင့် နိုဝင်ဘာလ ၂၃ ရက်နေ့တွင် ရန်ကုန်မြို့၌ ယှဉ်ပြိုင် ကစားရမည် ဖြစ်သည်။