ဂျပန် အပြည်ပြည်ဆိုင်ရာ ပူးပေါင်း ဆောင်ရွက်ရေး အေဂျင်စီ(JICA)က ဦးဆောင် ရေးဆွဲခဲ့သည့် မဟာရန်ကုန် မြို့ပြ စီမံ ကိန်း ၂၀၄၀ ကို ခေတ်ကာလနှင့် လျော်ညီစေရန် ပြန်လည် ပြုပြင်ရေးဆွဲနေပြီး ရန်ကုန်တိုင်း ဒေသကြီး အစိုးရထံ ယခု နှစ်ကုန် ပိုင်းတွင် တင်ပြသွားမည် ဖြစ်ကြောင်း သိရသည်။
မဟာရန်ကုန် မြို့ပြ စီမံကိန်းကို JICA က ၂၀၁၂ ခုနှစ်တွင် စတင်ရေး ဆွဲခဲ့ပြီး ယခုအခါ လက်ရှိအခြေအနေနှင့် ကိုက်ညီစွာ ပြန်လည် ရေးဆွဲပေးရန် အစိုးရဘက်က ညွှန်ကြားခဲ့ခြင်းကြောင့် ယခုနှစ် အလယ်ပိုင်းမှ စတင်ပြီး ပြန်လည်ပြင်ဆင် ရေးဆွဲ ခြင်း ဖြစ်သည်။
“၂၀၁၂ မှာ ရေးဆွဲခဲ့တာ မှန်ပေမယ့် ယာဉ်ကြောပိတ်ဆို့မှုက ၂၀၁၂ ထက်စာရင် အများကြီး ဆိုးဝါးလာတဲ့ အတွက် နိုင်ငံ တော် ၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်စုက ဒီမာစတာပလန်ကို လက်ရှိ အခြေအနေနဲ့ ကိုက်ညီအောင် ပြန်ပြင်ပေးပါ ပြောတဲ့ အတွက် ပြင်ဆင်ရေးဆွဲတဲ့ အဆင့်မှာပဲ ရှိသေးတယ်။ ဒီနှစ်မကုန်ခင်မှာ ရန်ကုန်တိုင်း ဒေသကြီး အစိုးရ အဖွဲ့ကို လက်ရှိ အနေအထားကို ပြန်ပြင်ပေးရမယ်”ဟု JICA Myanmar ရုံး တာဝန်ခံ ကိုယ်စားလှယ် Mr.Keiichiro Nakazawa က ပြော သည်။
မဟာရန်ကုန် မြို့ပြ စီမံကိန်းတွင် ရန်ကုန် အတွင်းပတ်လမ်းနှင့် မြစ်အပြင်မှ ပတ်သည့်လမ်း နှစ်လမ်း ဖောက်လုပ်မည့် စီမံ ကိန်း ပါဝင်ပြီး ယင်းနှင့်ပတ်သက်၍လည်း ဆောက်လုပ်ရေး ဝန်ကြီးဌာန အနေဖြင့် အကြို တိုင်းတာ စစ်ဆေးခြင်းများ ပြုလုပ် နေကြောင်းလည်း ၎င်းက ဆက်ပြောသည်။
စီမံကိန်း ပြန်လည်ပြင်ဆင် ရေးဆွဲခြင်းနှင့် ပတ်သက်ပြီး ရန်ကုန်မြို့ပြ ဖွံ့ဖြိုးရေး ကော်မတီမှ မြို့ပြ စီမံကိန်းနှင့် မြေယာ စီမံ ခန့်ခွဲမှု ဌာန ညွှန်ကြားရေးမှူး ဒေါက်တာ တိုးအောင်က “အခြေခံ ဆောက်အအုံပိုင်း ဆိုင်ရာတွေ ကွဲလွဲနေတာ ပြန်ပြင် တယ်။ အသေးစိတ် ပြန်ပြင်ဆင်တာမျိုးတော့ မလုပ်တော့ဘူး။ ကနဦး ရေးဆွဲထားတဲ့ အထဲမှာ မလိုတော့တဲ့ အပိုင်းတွေကို ပြန်ဖြုတ်လိုက်တာတွေ ရှိပါတယ်”ဟု ပြောသည်။
ရန်ကုန်တိုင်း ဒေသကြီး အစိုးရအဖွဲ့ ရန်ကုန်မြို့ပြ သယ်ယူပို့ဆောင်ရေး အာဏာပိုင် အတွင်းရေးမှူး ဒေါက်တာ မောင်အောင် ကလည်း “မြို့ကို တိုးချဲ့ဖို့လုပ်နေတဲ့ စီမံကိန်းဖြစ်တော့ လူထုသယ်ယူပို့ဆောင်ရေး လုပ်ငန်းတွေက ပါတယ်။ အတွင်းပတ်လမ်း၊ အပြင်ပတ်လမ်းတွေကိုလည်း မလုပ်လို့ မဖြစ်ဘူး။ ဒါတွေကို ပြန်ရေးဆွဲနေတယ်။ ရထား လမ်းပိုင်း ကိုလည်း အထူး စီးပွားရေးဇုန်ဘက်ကို ဖောက်လုပ်ဖို့၊ ဒီကိစ္စတွေလည်း ပါတယ်။ ဒီဇင်ဘာလကုန်မှာ ပရောဂျက်ကို ပြန်လာ တင်ပါမယ်”ဟု ပြောပြသည်။
၂၀၄၀ ပြည့်နှစ်တွင် ရန်ကုန်မြို့၏ လူဦးရေသည် ၁၂ သန်းခန့်အထိ တိုးတက်လာမည့်အတွက် ကြိုတင်၍ မြို့တိုးချဲ့မှုနှင့် မြို့သစ်တည်ရေး ကိစ္စများ၊ ဆောက်လုပ်ရေး ဝန်ကြီးဌာနအနေဖြင့် တိုးချဲ့စီမံကိန်းများတွင် ရန်ကုန်မြို့ သယ်ယူ ပို့ဆောင် ရေးကိစ္စများ အဆင်ပြေ စေရေး၊ လမ်း၊ လူနေမှုစနစ်နှင့် အများပြည်သူ အလုပ်လုပ်သည့်နေရာများ သွားလာရေး အဆင် ပြေရန် လုပ်ဆောင်နေကြောင်း ရန်ကုန်တိုင်း ဒေသကြီး အစိုးရ၊ ဝန်ကြီးချုပ် ဖြိုးမင်းသိန်းကလည်း ပြောကြား ထားသည်။
နိုဝင်ဘာ ၂၂ရက်နေ့က နေပြည်တော်ရှိ နိုင်ငံတော်သမ္မတ အိမ်တော်၌ ပြုလုပ်သော ရန်ကုန်မြို့ပြ ဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်းလုပ်ငန်း ညှိနှိုင်းအစည်းအဝေးအပြီးတွင် ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ပြောကြားခဲ့ခြင်း ဖြစ်သည်။
“လက်ရှိ ရေးဆွဲနေတဲ့ ရန်ကုန် မာစတာပလန် ပြီးရင် တိုင်းအစိုးရကနေ ဘတ်ဂျက်ကို ဒီပလန်ရဲ့ ဘယ်အပိုင်းမှာ ဘယ် လောက် သုံးမလဲ။ JICA လိုမျိုး ကူညီနေတဲ့ အဖွဲ့အစည်းတွေက ပေးတာကို ဘယ်အပိုင်းမှာ ဘယ်လောက် သုံးမလဲ ခွဲေ၀ နိုင်မယ်”ဟု JICA Myanmarရုံး တာဝန်ခံ ကိုယ်စားလှယ် Mr.Keiichiro Nakazawa က ပြောသည်။
ရန်ကုန်မြို့ပြ ဖွံ့ဖြိုး တိုးတက်ရေး စီမံကိန်းအတွက် ဦးစားပေး လုပ်ဆောင်သွားမည့် အစီအစဉ်များတွင် Public Transport လုပ်ငန်းကို ဦးစားပေး လုပ်ဆောင်သွားမည် ဖြစ်ကြောင်း၊ Public Transport ဆောင်ရွက်ရာတွင် ရေကြောင်းမှ Water Taxi များ ပြေးဆွဲနိုင်ရေး အတွက် မကြာမီ တင်ဒါ ခေါ်သွားမည် ဖြစ်ကြောင်းလည်း သိရသည်။